အယ်လ်နီညို ဆိုတာ ဘာလဲ
၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ် ဇွန်လတိုင်အောင် အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်တော့မယ်လို့ မိုးလေ ၀သပညာရှင်များ သတိပေး ပြောဆိုနေကြပါပြီ။ ဒီနေရာမှာ.. အယ်လ်နီညို ရာသီဥတု၊ သဘောသဘာဝနှင့် ပတ်သက်လို့ ကျနော့် စာဖတ်ပရိတ်သတ်များအတွက် ဗဟုသုတရစရာ၊ ကြိုတင်ပြင်ဆင်စရာများကို စဉ်းစား ဆုံးဖြတ်နိုင်ရန် ကျနော့်ရဲ့ "အာကာသနှင့် စကြ၀ဠာ" ပေ့ခ်ျမှ တင်ဆက်ပေးသွားပါ့မယ်။
အယ်လ်နီညိုအကြောင်း မပြောခင်မှာ ကျနော်တို့ကမ္ဘာအကြောင်း နည်းနည်းပြောချင်ပါတယ်။ ကမ္ဘာပေါ်မှာ အလွယ်တကူ စီးဆင်းနိုင်တဲ့ ရေ နဲ့ လေ အရာနှစ်ခုဟာ အပူချိန်ကို လိုက်ပြီး ပူရာမှ အေးရာ၊ အေးရာမှ ပူရာသို့ ဖြတ်သန်းစီးဆင်းကြပါတယ်။ ကမ္ဘာမြေကြီး လည်ပတ်နေမှုကြောင့် သူတို့ရဲ့ စီးဆင်းမှုဟာ အရှေ့မှ အနောက်သို့ ရွေ့လျား စီးဆင်းကြပါတယ်။ ဒီအပူချိန်အပြောင်းအလဲဟာ နေ ရဲ့ အပူချိန်ကြောင့် ပြောင်း လဲ ဖြစ်ပေါ်လာကြတာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အီကွေတာ ရပ်ဝန်းဒေသတွေမှာပေါ့။
အီကွေတာမှာ ဖြစ်ပေါ်တဲ့အပူချိန်ကြောင့် ထိုနေရာမှာရှိတဲ့ လေဟာ ပွ တက်လာပြီး အေးတဲ့နေရာကို စီးဆင်း တိုက်ခတ်ပါတယ်။ လေရဲ့ တိုက်ခတ်စီးဆင်းမှု၊ အပူချိန်ပြောင်းလဲမှုတို့နဲ့အတူ ပြောင်းလဲ စီးဆင်းနေ တာကတော့ ရေသမုဒ္ဒရာ များဘဲ ဖြစ်ပါတယ်။ ဒီလိုမျိုး အပူစီးဆင်းနိုင်မှုဟာ ကျနော်တို့ ကမ္ဘာမှာ ရာသီ ဥတုပြောင်းလဲမှုများကို ဖြစ်ပေါ်စေပါတယ်။ ပူပြင်းတဲ့နေရာတွေမှာ မိုးရွာသွန်းမှုကို ဖြစ်စေတယ်၊ အေးတဲ့နေ ရာတွေကို အနွေးဓါတ်တွေဖြစ်ပေါ်စေပါတယ်။ ဒါဟာ ပုံမှန်အခြေအနေပါ။
နောက်တစ်ခုက ကျနော်တို့ ကမ္ဘာမှာ အကျယ်ပြန့်ဆုံးသော သမုဒ္ဒရာဟာ ကမ္ဘာရဲ့ ၂၈% ကို စိုးမိုးထားတဲ့ ပစိဖိတ်သမုဒ္ဒရာ ဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာရေထုရဲ့ အနွေးဓာတ်ဟာ ကမ္ဘာအနှံ့ လေထုကို လည်ပတ် တိုက်ခတ်စေသော အင်အားတစ်ရပ် ဖြစ်ပြီး ပုံမှန်ထက် အပူချိန်ပိုလာလျှင်တော့ မိုးလေ၀သအခြေအနေများ ကို ကမောက်ကမ ဖြစ်စေပါတယ်။
>>အယ်လ်နီညို
သမုဒ္ဒရာမျက်နှာပြင်အပူချိန်ဟာ ပုံမှန်ထက် ၀ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ပိုတက်လျှင်ကိုဘဲ အယ်လ်နီညို ပေါ်ပေါက်တယ်လို့ သတ်မှတ်ကြပါတယ်။
အယ်လ်နီညိုဖြစ်စဉ်သည် ၂ နှစ်မှ ၇ နှစ်အတွင်း တစ်ကြိမ် ပေါ်လေ့ရှိပြီး တစ်ခါ ဖြစ်လျှင် ၉ လမှ ၁၈ လ အထိ ကြာမြင့်ပါတယ်။ ၁၉၉၇-၉၈ ခုနှစ် အယ်လ်နီညိုကြောင့် ၁၉၉၈ ခုနှစ်တွင် စံချိန်တင် ပူခဲ့ပြီး မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၀၆-၀၇ ခုနှစ်အတွင်း အယ်လ်နီညို ဖြစ်ပေါ်စဉ်က အပူချိန်ဟာ ပုံမှန်ထက် ၀ ဒသမ ၉ ဒီဂရီ စင်တီဂရိတ် မြင့်တက်ခဲ့ပါတယ်။ ၂၀၀၉-၂၀၁၀ မှာတော့ ပုံမှန် ထက် ၁.၆ ဒီဂရီ စင်တီဂရိတ်အထိ တက်ခဲ့တယ်လို့ စားရင်းဇယားများအရ သိရှိရပါတယ်။
အယ်လ်နီညို ပေါ်ပေါက်လျှင် ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ဗဟိုပိုင်းနှင့် အရှေ့ပိုင်း (တောင်အမေရိကတိုက်) မှာ မိုးပိုရွာပြီး ရေကြီး၊ ရေလျှံတတ်ပါတယ်။ ဒါပေမယ့် သြစတေးလျမြောက်ပိုင်း၊ အင်ဒိုနီးရှား ဖိလစ်ပိုင် နဲ့ ကျနော်တို့ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှဒေသ၊ အရှေ့အာဖရိကနှင့် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းတွေမှာတော့ ပုံမှန်ထက် ခြောက်သွေ့တဲ့ အခြေအနေများနှင့် ကြုံရလေ့ရှိပါတယ်။
အရှေ့အာရှနှင့် မြောက်အမေရိကတွင် ဆောင်းတွင်း အအေးပေါ့သွားမှာ ဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်မှာတော့ မုန်တိုင်းအရေအတွက် ပိုလာကာ အတ္တလန်တိတ်သမုဒ္ဒရာတွင်မူ မုန်တိုင်း ဖြစ်ပေါ်မှု နည်းသွားတတ်ပါတယ်။ အယ်လ်နီညိုဟာ နိုဝင်ဘာမှ ဧပြီလအတွင်း အားအကောင်းဆုံး ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဒီဇင်ဘာလမှာ အားအကောင်းဆုံးဖြစ်မယ်လို့ သတ်မှတ်ထားကြပါတယ်။
>>>လာနီညာ
အယ်လ်နီညိုနှင့် ဆန့်ကျင်ဘက် အခြေအနေကို လာနီညာလို့ ခေါ်ပါတယ်။ လာနီညာ၏ လက္ခဏာမှာ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ၏ ဗဟိုနှင့် အရှေ့ဘက်တို့တွင် ရေအပူချိန် ကျပြီး ကုန်သည်လေ အားကောင်း တဲ့အတွက် အရှေ့တောင်အာရှ အပါအ၀င် အချို့ဒေသများတွင် မိုးပိုရွာတတ်ပါတယ်။ လာနီညာသည်လည်း ပျမ်းမျှ ၂ နှစ်နှင့် ၇ နှစ်လျှင် တစ်ကြိမ် ပေါ်ပြီး တစ်ခါ ပေါ်လျှင် ၉ လမှ ၁၈ လ ကြာမြင့်တတ်ပါတယ်။
ကိုးကား။ ။ အာလူးလေး (အယ်လ်နီညို ဆိုတာ။ source/ changingclimate asia) , Myanmar Astronomy Blog Post (http://myanmarastronomy.blogspot.com/2008/10/earth.html)
အာကာသနှင့် စကြ၀ဠာ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)