အနာဂတ် လေရဟတ်ယာဉ်ပျံငယ်ကို အမေရိကန်ကုမ္ပဏီတစ်ခု စမ်းသပ်နေ



လေကြောင်းပျံသန်းမှု ကဏ္ဍတွင် လုံခြုံရေးပိုင်းအရ ပိုမိုစိတ်ချရမည့် အနာဂတ် လေရဟတ်ယာဉ်ပျံ ဒီဇိုင်း သစ်ကို အမေရိကန် ကုမ္ပဏီ တစ်ခုက မိတ်ဆက်ပြသခဲ့သည်။ S2ဟု ယာယီအမည် ပေးထားသည့် အဆိုပါ ယာဉ်၏ ဒီဇိုင်းပိုင်းကို ကယ်လီဖိုးနီယားပြည်နယ်၊ ဆန်တာခရုဇ်တွင် အခြေစိုက်သည့် Joby Aviation ကုမ္ပဏီက ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် ကုမ္ပဏီ အနေဖြင့် ပေါင်ချိန် (၁၇၀၀) လေးလံသည့် ယာဉ်ကို ပုံစံအသေးထုတ်၍ စမ်းသပ်နေပြီ ဖြစ်သည်။ S2သည် ရဟတ်ယာဉ်နှင့် လေယာဉ်ပျံ ပေါင်းစပ်ထား သည့် နည်းပညာတစ်မျိုး ဖြစ်သည်။ S2သည် ရဟတ်ယာဉ်ကဲ့သို့ ပြေးလမ်းမလိုဘဲ ဒေါင်လိုက် အတက် အဆင်း ပြုလုပ်နိုင်စွမ်း ရှိသည်။



ထို့အပြင် ကိုယ်ထည်တွင် တပ်ဆင်ထားသည့် ပန်ကာ (၁၂)ခုကို နေရာရွှေ့ပြောင်းပြီး လေယာဉ် တစ်စင်းနှယ် ပျံသန်းနိုင်မည်ဟု သိရသည်။ အဆိုပါ လေယာဉ်သည် လူအနည်းငယ်မျှ လိုက်ပါစီးနင်းနိုင် သည့် လေယာဉ်ငယ်လေးများ နေရာတွင် အစားထိုးနိုင်မည့် နည်းပညာသစ်အဖြစ် ယူဆထားသည်။ ကုမ္ပဏီက လက်ရှိ အသုံးပြုနေသည့် တစ်ကိုယ်ရေသုံး လေယာဉ်ငယ်လေးများထက် S2 က အကျိုး သက်ရောက်မှုရော၊ လုံခြုံမှုပါ (၅)ဆမျှသာကြောင်း ပြောကြားထားသည်။ လေယာဉ်၏ စွမ်းအင်ကို မျိုးစပ် နည်းပညာသုံး ဘက်ထရီဖြင့် ထောက်ပံ့ပေးပြီး Joby Aviationက ဒီဇိုင်းပိုင်းတွင် အားနည်းချက်ရှိမရှိ စိစစ်စမ်းသပ်လျှက် ရှိသည်။



အသေးစား ပုံစံငယ် စမ်းသပ်ချက် အောင်မြင်ခဲ့ပြီးနောက် (၅၅)ပေါင် အလေးချိန်ရှိသည့် ပုံစံငယ်ဖြင့် ဒုတိယအဆင့် စမ်းသပ်နေသည်။ အဆိုပါ လေယာဉ်ငယ်များသည် လူ(၂)ဦးထိ တင်ဆောင်ကာ မိုင်(၂၀၀) မျှ အကွာအဝေးကို ပျံသန်းနိုင်မည်ဟု သိရသည်။ လေယာဉ်တွင် တပ်ဆင်ထားသည့် ကွန်ပျူတာစနစ် က မော်တာ၏ လည်ပတ်နှုန်းကို ထိန်းညှိပေးပြီး ဆူညံသံကို လျှော့ချပေးကာ ပျံသန်းချိန်အတွင်း ထိန်းချုပ်နိုင် မှု အရည်အသွေးကိုပါ မြှင့်တင်ပေးနိုင်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network
May 07 14 - 05:52 AM

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...