ပင်စင်စား ဆရာမဘဝ . . . .

Written by ပုညတင်(ခရမ်း)

စာရေးသူသည် အသက် (၇၇) နှစ် အထက်တန်းပြ ပင်စင်စား ဆရာမဟောင်း တစ်ဦးပါ။ ကျန်းမာရေး မကောင်း၍ အသက်ပြည့်အောင် အလုပ်မလုပ်နိုင် ခဲ့ပါ။ အသက် (၅၈) နှစ်မှစ၍ လုပ်သက်ပြည့်ပင်စင် သာယူခဲ့ရသူ ဖြစ်ပါသည်။

သည်းခြေမှာ ကျောက်တည်ရောဂါဖြင့် ဆေးရုံတက်ခွဲစိတ်ကုသခံရဖူးသည်။ အဆုတ်မကောင်း၍ အဆုတ်ဆေးရုံ (အောင်ဆန်းဆေးရုံ) သို့တက်ရောက်ခဲ့ရသည်။ ယခုတော့ နာတာရှည်ရောဂါသည် ဘဝဖြင့် နပန်းလုံးနေရဆဲပါ။ အအေးမခံနိုင်၍ ရေနွေးအိတ် တပိုက်ပိုက်၊ စောင်တခြုံခြုံလေလုံရာ မှာပဲ နေရသည့် အချိန်များနေပါတော့သည်။ အိမ်ပေါ်တွင်ပဲ လမ်းလျှောက်နိုင်ပါတော့သည်။ မည်သည့် ဆွမ်း ကျွေး၊ မည်သည့် မင်္ဂလာဆောင်၊ မည်သည့်သာရေး၊ နာရေးကိုမျှ မသွားနိုင်တော့ပါ။

သို့ရာတွင်မြန်မာစာပြဆရာမဟောင်းပီပီ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုရေးခဲ့ဖူး၍ မြို့နယ်စာရေးဆရာ အသင်းဝင် တစ်ဦးပါ။

စာရေးဆရာပီပီ စကားများများ ပြောတတ်ပါသည်။ ရောဂါကဖိစီး၊ နေရဖို့က အချိန်ကနည်းမှန်း သိနေ ပါသည်။ စပ်စုချင်စိတ် ပိုများလာပါသည်။ လူမှုကိစ္စတွေကို ပိုစိတ်ဝင်စားလာပါသည်။ လူထဲမှာနေ လူ့ဖြစ်တွေကို ကျေညက်ချင်စိတ်ပိုလာပါသည်။ သို့ရာတွင်နေ့စဉ်သတင်းစာလေး ဖတ်ရပါသည်။ ရုပ် မြင် သံကြားကိုလည်း ထောင့်စေ့အောင် မကြည့်နိုင်တော့ပါ။ မည်သည့်ဆွေမျိုးအိမ်ကိုမျှ မလည်ပတ် နိုင်တော့ပါ။ ပင်စင်စားအားငယ်လှပါသည်။

ဆွေစစ် (ကဗျာရှင်) ရေးသော ‘ပင်စင်စား’ ဟူသောကဗျာလေးကို ဖတ်မိပါသည်။ ယင်းကဗျာမှာ-

- ‘အနှစ်သုံးဆယ် (၆၀) လုံးလုံး၊ ထွန်တုံးတစ်တုံးလို ရုန်းခဲ့ပြီးပြီ။ မလတ်ဆတ်တဲ့ သစ်သီးတစ် လုံးအပေါ် ဘယ်သူမှအဖက်မလုပ်တော့ပါ။

- ကြိုတင်ပြင်ဆင်ခွင့်လေးလ၊ ငရဲကျနေသလိုပဲ ပူလောင်ပြင်းပြစွာ ရှာဖွေနေရတဲ့ နားခိုရာ။

- အခုတော့ ထီးမပါတဲ့ ခရီးသည်ကြီးတဲ့’ ကဗျာပါအချက်အားလုံး၊ စာပိုဒ်အားလုံးကို မဖော်ပြ တော့ပါ။

ပင်စင်စားအားငယ်ရပုံကို ဖော်ပြပေါ်လွင်သော အပိုဒ်ကလေးများကိုသာ ရွေးထုတ်ဖော်ပြခြင်းပါ။ သန်တုန်း မြန်တုန်း၊ သင်ခဲ့ကြားခဲ့၊ အလုပ်လုပ်ခဲ့ပါသည်။ နေပူထဲ၊ မိုးရွာထဲ၊ နှင်းမှုန်ထဲ မရပ်မစဲ အားခဲ ကြိုးစားဆရာများဘဝ တာဝန်ကျေခဲ့ကြပါသည်။

ယခုတော့ပင်စင်စားကြီးများ အိုမင်းမစွမ်းဖြစ်ခဲ့ရပေပြီ။ အိုခြင်းနှင့်နာခြင်းပေါင်း၍ အိုနာဘဝ ကျရောက် နေ ပြီဖြစ်၍ လူရာမဝင်ပုံကို ကဗျာစာဆိုက မလတ်ဆတ်သော သစ်သီးနှင့် ဥပမာပေးဖွဲ့စပ်ထားခြင်းပါ။

ပင်စင်ယူခါနီးတွင် ကြိုတင်ပြင်ဆင်ခွင့်လေးလပေးပါသည်။ လစာဖြည့်ပေးပါသည်။ ထိုအတော အတွင်း အေးချမ်းခြင်း ကင်းစွာ ရှေ့ရေးကိုတွေးပြီး အပြေးအလွှား ရှာဖွေလှုပ်ရှားပုံကိုလည်း ပင်စင်စားဘဝ သနားစရာအသွင်ကို ပေါ်လွင်အောင်စပ်ဆိုထားပါသည်။ နောက်ဆုံးမှာတော့ ပင်စင်စားကြီးဘဝမလှပ ပုံ။ မအေးချမ်းပုံများကို ထင်ရှားအောင် ထီးမပါသည့်ခရီးသည်ကြီးဟု ဖွဲ့စပ်ထားပြန်ပါသည်။

ဤကဗျာလေးကို ဖတ်၍စာရေးသူ၏ဘဝနှင့် တစ်ထပ်တည်းကျနေသောကြောင့် ပို၍အားငယ်မိရပါ သည်။

စာရေးသူ၏ဘဝ - ဆေးလိပ်လည်းတို

- နေလည်းညိုပြီ။

- ဘဝနေဝင်ချိန်၊

- တိမ်တွေကနီ၊

- ဘဝသီကရီ၊

- လာလမ်းဆီသို့၊

- မှန်းကာရည်၊

- ပြန်ပို့သာပဲ ကျန်ပါတော့သည်။

ယနေ့ခေတ်ကြီးက ပြောင်းခဲ့ပေပြီ။ ကမ္ဘာကြီးလည်း ရွာကြီးတစ်ရွာဖြစ်၊ နည်းပညာခေတ်၊ သတင်း ခေတ်၊ မီဒီယာခေတ်၊ အင်တာနက်ခေတ်၊ ကြော်ငြာခေတ်၊ ပျော်စရာခေတ်၊ မော်ဒယ်လ်ခေတ်၊ ဟို တယ်ခေတ် အသုံးလှစ်တဲ့ ဖုန်းခေတ်၊ လေလှိုင်းခေတ်၊ အွန်လိုင်းခေတ်၊ ကွန်ပျူတာခေတ်၊ ပရိုဂျူဆာ ခေတ်၊ စပွန်ဆာခေတ်၊ အွန်ပေပါခေတ်၊ စလောင်းခေတ်၊ အဖုံးခေတ်အသုံးတွေဖြစ်နေကြပြီ။

ပင်စင်စားဆရာမအိုကြီး ခေတ်နှင့်လည်းမညီ၊ အသိဉာဏ်လည်းမမီ၊ ရီဝေသောမျက်လုံး၊ ထုံထိုင်းသော အိုင်ကျူနှင့် ဘယ်ဟာကိုမှ မဆုပ်မိနိုင်သဖြင့် ငေးလို့သာမှိုင်၊ ဘေးနားမှာပဲ ထိုင်နေရပါတော့သည်။

ပင်စင်စားမို့ အစိုးရကသနားပြီး ဖုန်းတစ်လုံးဝယ်ခွင့်ပေး၊ ကျေးဇူးတွေတစ်ပုံတစ်ပင် တင်လိုက်မိပါရဲ့၊ ဖုန်းကလေးတကိုင်ကိုင်၊ ခလုတ်များလို့ မနှိပ်တတ်၊ ဟိုဘက်ကခေါ်လာမှ အားပါးတရပြော၊ ဟော . . . ပြောအပြီး ခလုတ်မချတတ်လို့ ပိုက်ဆံကျပ်သုံးထောင်တက်တက်ပြောင်ပါရော။ သြော် . . . ပင်စင်စား ဘဝ၏ ဒုက္ခပြောပြရလျှင် ကုန်မည်မထင်။

ဘယ်သို့မှ မသွားနိုင်၊ လူတွေနှင့်ကင်းကွာ မတွေ့ရကြာတော့ အိမ်သို့ဧည့်သည်လာလျှင် ပျာပျာသလဲ ဝမ်းသာစကားပြောချင်ရှာသည့် ပင်စင်စားဘဝ၊ သနားစရာ့ သနားစရာ။ ပြောစရာတွေကို စုထား ‘ပြော ချမယ်ဟဲ့’ လို့ဟန်ပြင်နေတုန်း လာသည့်ဧည့်သည်က ‘တီချယ်ကြီးနဲ့ စကားပြောချင်ပေမယ့် အိမ်မှာ ဟင်းအိုးတည်ခဲ့တယ်။ ခလုတ်မပိတ်မိခဲ့လို့ ပြန်ပါရစေ’ တဲ့။ ကဲ . . . ဘယ်လိုလုပ်ကြမလဲ။

တစ်ဦးကတော့ အိမ်နီးချင်းဟင်းရွက်လာတောင်းသည်။ သူကဟင်းရွက်ခူးနေတုန်း ကိုယ်ကအိမ်ပေါ် မှာရပ်ပြီး စကားလှမ်းပြောရပါသည်။ ‘ဘယ်သူ၊ ဘယ်ဝါမာကြရဲ့လား’ ပေါ့။ ကိုယ့်စကားမဆုံးသေး’ ဆရာမကြီးစကားတော့ နားထောင်ရတာကောင်းပါတယ်။ အိမ်ကအဘိုးကြီးကို ထမင်းကျွေးရမှာ မို့ နောက်မှလာမယ်နော်’ တဲ့။

‘သြော် . . . ဟုတ်ကဲ့၊ ကောင်းပါပြီ’ လို့ပဲ ဆိုလိုက်ရပါတော့သည်။

တစ်နေ့တပည့်မတစ်ဦး လာကန်တော့သည်။ သူမ၏ သားလေးလည်းပါလာ သည်။ ရောက်တယ် ဆိုကန် တော့ ပစ္စည်းလေးရှေ့ချ၊ လက်အုပ်ချီကန်တော့ကြ သည်။ တပည့်ဟောင်းလေးမြင်ရတော့ အတိတ်ကို ပြန်မြင်စကားတွေပြောချင်လာသည်။ စကားပြောချင်လို့ ဆုစကားလေးမြန်မြန်တိုတို ဆုပေး လိုက်ပါသည်။ မိသားစုအကြောင် တစေ့တစောင်းပြောကာရှိသေး (ကိုယ့်အကြောင်း မပြောရသေးပါ) တပည့် မကလေးက -

‘တီချယ်ရယ်၊ ကျွန်မခင်ပွန်းနိုင်ငံခြားသွားနေတာ အခုပြန်ရောက်နေပါတယ်။ အဲဒါ သူ့ရုံး ကိစ္စလေးတွေ ဆောင်ရွက်စရာရှိလို့ ကြာကြာမနေပါနဲ့လို့ မှာလိုက်ပါတယ်’ တဲ့။

‘အိုး . . . ဟုတ်လား၊ အေးအေး၊ ဒါဖြင့်လည်းပြန်ပေါ့သမီးရယ်။ နောက်မှတွေ့ကြတာပေါ့’ လို့ အရှက် ပြေ စကားအနေအထား လမ်းကြောင်းပြောင်းလိုက်ရပါသည်။

‘သြော် . . . ပင်စင်စားဘဝ ဤလည်းတစ်ဒုက္ခပါလားနော်’

‘သြော် . . . ယနေ့ခေတ်၊ ယနေ့လောက၊ ယနေ့လူတွေ အလုပ်တွေကများလှပါဘိ။ သူလည်းမအား။ သူတို့တစ်တွေလည်း မအား။ ဘယ်သူတွေမှ မအားသည့်ခေတ်ကြီးဟု ထင်မိပါသည်။

ပြေးကြ၊ လွှားကြ၊ ရှာကြ၊ ဖွေကြ၊ စားကြ၊ သောက်ကြ၊ ပျော်ကြ၊ မော်ကြ။ စာရေးသူတို့ကဲ့သို့ ပင်စင်စား ကြီးများကတော့ သူတို့ခေတ်ထဲ တိုးလည်းမတိုးနိုင်၊ ဘေးနားမှာထိုင်ပြီး မှိုင်တွေချ၊ စိတ်အားငယ်ရ သည့် ဘဝများပါ။

ဒါရိုက်တာ ကြည်စိုးထွန်း(ဘူမိဗေဒ) ကပြောခဲ့ဖူးသည်။ ‘ဘဝနေဝင်ဆည်းဆာရောက် အဘိုးအို၊ အဘွားအို များ ဝလေးလုံးကို လက်ကိုင်ထားပါတဲ့။ အရွယ်အို အဘွားတို့ မိမိနှင့်သင့်တော်မည့် အစား အစာကို ဝဝစားပါ။ လူတွေနှင့် ဝေးဝေးနေပါ။ လူတွေကိစ္စ အရေးအခင်းလုပ်မှုဆောင်တာ ဘာကိုမှဝင် မရှုပ်ပါနဲ့။ မိမိဘဝကူးကောင်းအောင် ဗုဒ္ဓ၏လမ်းစဉ်အရ ဝိပဿနာသာ အားထုတ်ပါ’ တဲ့။ လိုရင်းက တော့ သက်ကြီးရွယ်အို အဘိုး၊ အဘွားများ နေ့စဉ်ကျင့်သုံးရမှာက -

ဝဝစား၊

ဝေးဝေးနေ၊

ဝင်မရှုပ်နဲ့၊

ဝိပဿနာ အားထုတ်ဖို့ပါတဲ့။

စာရေးသူလည်း ပင်စင်စားအားငယ်ရသော်လည်း အားငယ်သည့်စိတ်ကိုကြိတ်မှိတ်မျိုချရင်း ‘အနေမ သာ’ လှသော်လည်း ‘အသေမနာရအောင်’ ဝလေးလုံးကို လက်ကိုင်ထား ဝိပဿနများများပွားရင်း အားတင်းရပါတော့ မည်ဟု . . . .။

စံတော်ချိန်သတင်းစာ
ဖေဖော်ဝါရီလ (၂၀) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...