Adobe Lightroom အခြေခံအသုံးပြုနည်း (၂)

ဒီနေ့တော့ Lightroom အသုံးပြုနည်း အသေးစိတ်လေးကို ဆက်ပြီး ရေးပေးချင်ပါတယ်...။

Lightroom က ဘယ်လိုသုံးရမလဲ ဆိုတာ မရေးခင်..။ တော်တော်များများမေးနေကြတဲ့ Lightroom နဲ့ Photoshop ဘာကွာလဲဆိုတဲ့ အချက်ကို ကျွန်တော် အရင်ဆုံးနဲနဲ ရှင်းပြချင်ပါတယ်...။

Photoshop ရဲ့ အဓိက ရည်ရွယ်ချက်က Design အတွက် ဖြစ်ပါတယ်...။ Lightroom ရဲ့ အဓိက ရည်ရွယ်ချက်က Photography သီးသန့် ဖြစ်ပါတယ်...။

Photoshop မှာ မလိုတာတွေကို ဖျက်ထုတ်လို့ရပါတယ်..။ မပါတာတွေကို ထည့်လို့ရပါတယ်...။ Layer တွေ အမျိုးမျိုးခွဲပြီး ကိုယ်စိတ်ကူး ကောင်းရင် ကောင်းသလောက် အများကြီး ဖန်တီးယူလို့ရပါတယ်..။

Lightroom ကတော့ အဲ့လိုလုပ်လို့မရပါဘူး..။ ဒါပေမယ့် ဓာတ်ပုံတစ်ပုံနဲ့ ပါတ်သတ်လာရင်တော့ အသေးစိတ် အရောင်တစ်ရောင်ချင်းစီက အစ..။ သို့မဟုတ် နေရာတစ်ခုချင်းစီအလိုက် သေသေချာချာ အရောင်တွေ ညှိနှိင်ပါတယ်...။

အခု ကျွန်တော်ပြောခဲ့တာကတော့ Lightroom နဲ့ Photoshop ရဲ့ အဓိက အားနည်းချက်၊ အားသာချက်နဲ့ ဦးတည်ချက်ပဲဖြစ်ပါတယ်..။ Photoshop ရဲ့ Power ကို Photoshop ကို စွဲစွဲမြဲမြဲ သိကြသလို..။ Lightroom ရဲ့ Power ကိုလည်း Lightroom ကို စွဲစွဲ မြဲမြဲ သုံးဖူးသူတွေ သိကြမှာ ဖြစ်ပါတယ်..။

ဘယ်ဟာပိုကောင်းသလဲဆိုတဲ့ မေးခွန်းအတွက်ကတော့...။ ကိုယ်ကြိုက်တာ..။ ကိုယ်အားသာတာ ပိုကောင်းပါတယ်...။

ကျွန်တော်က Design သမားမဟုတ်ပဲ ဓာတ်ပုံသမားတစ်ယောက်သာ ဖြစ်တဲ့အတွက်...။ ကျွန်တော်ကတော့ Lightroom ကို ပိုအားသာ ပါတယ်..။ ပိုလည်း သဘောကျပါတယ်...။

Lightroom ရဲ့ အဓိက အားသာချက်ကတော့...။ EXIF information တွေ ပျက်မသွားခြင်းပါပဲ..။ တစ်ကယ်လို့များ Photoshop မှာ Layer တွေ အသုံးခွဲပြီး ပြုပြင်လိုက်မယ်ဆိုရင်..။ Save လုပ်တဲ့အခါကြရင် EXIF Information တွေ အကုန်ပျောက်သွားလေ့ ရှိပါတယ်..။ EXIF ပျောက်သွားတဲ့ ဓာတ်ပုံတစ်ပုံဟာ...။ Serious ဖြစ်တဲ့ ဓာတ်ပုံသမားတွေရဲ့ ကြားမှာတော့ ...။ တစ်ပုံလုံးပျောက်သွားတာနဲ့ အတူတူပဲ ဖြစ်ပါတယ်..။ ဘယ်သူမှ စိတ်ဝင်စားတော့မှာ မဟုတ်တော့ပါဘူး...။ဒါပေမယ့် ဒီ EXIF information တွေက Commercial Shot တွေ Calender Shot တွေ အတွက်ကတော့ အရေးမကြီးဘူးလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်..။

သေချာတာတစ်ခုကတော့...။ Lightroom ကို အမြဲသုံးလို့..။ Photoshop အကြောင်း မလေ့လာ ပဲ ပြစ်ထားလို့မရသလို..။ Photoshop User ဖြစ်တဲ့အတွက် Lightroom ကို မလေ့လာလို့လဲ မရပါဘူး..။ အရာတိုင်းမှာ အားနည်းချက်..။ အားသာချက်ကတော့ ရှိနေမှာပဲ ဖြစ်ပါတယ်..။

မိမိက နှစ်ခုစလုံးမှာရှိတဲ့အားသာချက်တွေကို စုစည်းအသုံးပြုပြီး..။ မိမိတင်ပြချင်တဲ့ အနုပညာကို ကွက်ကွက်ကွင်းကွင်း တင်ပြနိုင်ဖို့ ကသာ အဓိက ဖြစ်ပါတယ်...။

နောက်ဆုံးအနေနဲ့ အဓိက တိုက်တွန်းလိုတာကတော့ Photoshop သမားပဲ ဖြစ်ဖြစ် Lightroom သမားပဲ ဖြစ်ဖြစ် ပုံတစ်ပုံကို ယုတ်တိ လွန်လှအောင်တော့ မဖန်တီးသင့်ပါဘူး...။ အဲ့လို ဖန်တီးခြင်းဟာ အနုပညာမြောက်တဲ့ ဖန်တီးမှု တစ်ခု ဖြစ်ခဲ့ရင် ပြသနာမရှိပေမယ့်...။ အနုပညာမမြောက်ပဲ အလွန် အကျွန်တွေ ဖြစ်နေခဲ့ရင်...။ ကိုယ့်ကိုယ်ကိုယ် ကျွန်တော်လူလိမ်ပါ.. လူညာပါလို့ ပြောသလို ဖြစ် သွားနိုင်ပါတယ်...။

ကျွန်တော် တစ်ခါတစ်လေ လူတစ်ချို့ရဲ့ ပုံတွေကို ကြည့်ပြီး စိတ်ထဲမှာ ဝေဖန်မိတဲ့ အတွေးတစ်ခု ရှိပါတယ်..။ ဘယ်တော့မှတော့ သူများကို ကျွန်တော်သွားပြီး မပြောဖူးပါဘူး..။ ကျွန်တော့် စိတ်ထဲမှာပဲ အမြဲပြောနေခဲ့တဲ့ စကား တစ်ခု ဖြစ်ပါတယ်...။"ဒီလူက Photographer လား...? Photoshopper လား....?" ဆိုတာပဲ ဖြစ်ပါတယ်...။

ကျွန်တော်တို့ Serious ဖြစ်တဲ့ ဓာတ်ပုံသမားတွေ ကြားမှာ ပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်...။

"Done It In Camera...."

ထားလိုက်ပါတော့ဗျာ...။ ဒါလေးက အမှာလေးပါ...။ အခု ကျွန်တော်တို့ Lightroom တစ်ခုကို အသေးစိတ် ဘယ်လောက်အထိ သုံးနိုင်သလဲဆိုတာ စပြီး လေ့လာကြည့်ရအောင်...။

သူ့ရဲ့ အသေးစိတ်တွေကို လိုက်ရေးနေမယ်ဆိုရင်တော့ စာအုပ်တစ်အုပ်စာ ဖြစ်သွားနိုင်ပါတယ်..။ ဒါ့ကြောင့် ကျွန်တော် ဒီ Tutorial လေးထဲမှာ အသုံးဝင်မယ်ထင်တာ..။ အဓိက သုံးဖြစ်မယ် ထင်တာလေးတွေကိုပဲ အဓိက ထားပြီး ဦးစားပေးရေးပေးသွားပါ့မယ်..။နောက်ပိုင်းမှာလည်း အလျဉ်းသင့်ရင် သင့်သလို Lightroom နဲ့ ပါတ်သတ်ပြီး ဆက်ပေးရေးပေးသွားပါ့မယ်...။

အဓိက သတိပေးလိုတာကတော့ ကျွန်တော်အောက်မှာဆက်ရေးမယ့် TUTORIAL အတွက် RAW FILE ကို အသုံးပြုဖို့ပဲ ဖြစ်ပါတယ်...။

(၁) ImportLightoom ရဲ့ Library ထဲကို မိမိ Process လုပ်ခြင်တဲ့ပုံကို အရင်ဆုံး Import လုပ်ရမှာ ဖြစ်ပါတယ်..။ ဘယ်လို Import လုပ်ရမယ်ဆိုတာကို ကျွန်တော် အရင်ရေးခဲ့တဲ့ Lightroom နဲ့ သက်ဆိုင်တဲ့ Post တွေမှာ ရှင်းပြပြီး ဖြစ်ပါတယ်...။

(၂) Develop

Import လုပ်ပြီးသွားပြီဆိုရင် ..။ ကျွန်တော်တို့ တကယ့်အကြီးစား/အသေးစိတ် ပြင်ဆင်မှုများ ပြုလုပ်နိုင်ဖို့ အတွက် Develop Module ထဲကို သွားရမှာ ဖြစ်ပါတယ်...။ ဒါ့ကြောင့် Develop Module ကို သွားလိုက်ပါ...။

(၃) Panel

Develop Module ထဲ ရောက်ပြီဆိုတာနဲ့ ညာဘက်ဘေးမှာ

(1) Basic
(2) Tone Curve
(3) HSL/Color/ B&W,
(4) Split Toning,
(5) Details,
(6) Lens Correction,
(7) Effects,
(8) Camera Calibration ဆိုတဲ့ Menu လေးတွေကို တွေ့ရမှာ ဖြစ်ပါတယ်...။

Panel အတွင်းရှိ Menu များအား မြင်တွေ့ရပုံ...

အဲ့ဒီ့ Menu လေးတွေရဲ့ ဘေးမှာရှိတဲ့ Arrow လေးကို နှိပ်ခြင်းအားဖြင့် ကိုယ်လိုအပ်မယ့်/အသုံးပြုချင်တဲ့ Function တွေဟာ Drop Down ဖြစ်သွားမှာ ဖြစ်ပါတယ်...။

(1) Basic - Basic ထဲမှာဆိုရင် ပုံတစ်ပုံရဲ့ အဓိက ပြုပြင်ရမယ့် အချက်အလက်တွေ ပါဝင်မှာ ဖြစ်ပါတယ်..။ ဥပမာ White Balance, Temperature, Exposure, Black, White, Brightness, Highlight, Contrast, Saturation, Vibrance, Clarity စတာတွေ ပါဝင်မှာ ဖြစ်ပါတယ်..။

Basic Menu အတွင်းရှိ Function များ...။

White Balance မှာဆိုရင် Raw File ဖြစ်တဲ့အတွက် ပြင်လို့ရပါတယ်..။ ကိုယ်ရိုက်လာတဲ့ပုံက တစ်ကယ်လို့များ အရမ်းဝါနေခဲ့ရင်...။ အဲ့ဒီ့မှာတင် White Balance ပြန်ပြောင်းပေးလို့ရပါတယ်...။ အဲ့လို ပြောင်းပေးတာကိုမှ ကိုယ်လိုချင်တဲ့ White Balance မျိုး မရခဲ့ဖူးဆိုရင် အောက်နားမှာရှိတဲ့ Color Temperature မှာ စိတ်ကြိုက် ထပ်မံ ပြင်ဆင်နိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်...။Temperature ရဲ့အောက်မှာ ရှိတဲ့ Tint ကတော့ ကိုယ့်ပုံရဲ့ အဓိက အရောင်ကို ရွေးပေးတာ ဖြစ်ပါတယ်..။ များသောအားဖြင့်တော့ ဘယ်သူမှ ပြင်လေ့ မရှိပါဘူး..။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကိုယ့်ပုံကို ပိုပြီး Dramatic ဖြစ်အောင်..။ Vivid ဖြစ်အောင် Tint ကို အနဲငယ် ကစား ကြလေ့ ရှိပါတယ်...။

Exposure အကြောင်းကတော့ အထွေအထူး ရှင်းပြစရာ လိုမယ်မထင်ပါဘူး..။

Contrast နဲ့ ပါတ်သတ်ပြီး နဲနဲရှင်းပြချင်ပါတယ်...။ Contrast ဆိုတာ ဘာလဲ...? Contrast ဆိုတာ ပုံထဲမှာ ပါဝင်တဲ့ အရာတွေနဲ့ Background ကို ကွဲကွဲပြားပြား ဖြစ်အောင် Pixel တွေရဲ့ Shape နဲ့ Location အပေါ်မူတည် ဖန်တီးထားတာဖြစ်ပါတယ်..။ Contrast များရင် ပုံက အမဲ များသလို ဖြစ် သွားမယ်..။ ပြီးတော့ ပုံထဲမှာပါတဲ့ အရာတွေက တစ်ခုနဲ့ တစ်ခု ဆက်စပ်မှုလျော့နည်းသွားပြီးတော့ ထင်းထင်းလင်းလင်း ကြီး ဖြစ်လာမယ်..။ Contrast လျော့လိုက်ရင် ပုံတွေက ခပ်ဖျောဖျောပုံစံမျိုး ဖြစ် သွားပြီး..။ အားလုံးက အတူတူနည်းပါး ရောထွေးမှု ရှိသွားမယ်...။

ဒါ Contrast ရဲ့ အခြေခံသဘောတရားပါပဲ..။ Graphic School တွေ Art University တွေ ကျွန်တော် မတတ်ဖူးတဲ့အတွက် တိကျတဲ့ Theory သဘောတရားကိုတော့ ကျွန်တော်မပေးနိုင်ပါဘူး...။ ဒါပေမယ့် ကျွန်တော် ထပ်လေ့လာလို့ သိရှိလာတာတွေရှိတဲ့အခါကြရင် ဒီ့ထက် ပိုမိုရှင်းလင်းအောင် ရေးပေးပါ့ မယ်...။

Highlight ကတော့ အရေးကြီးပါတယ်..။ တော်တော်လေး အသုံးဝင်သလောက်..။ တော်တော်များများက Exposure နဲ့ရောသွားတတ်ကြတဲ့ သဘောရှိပါတယ်...။

တော်တော်များများက ပုံကြီးတစ်အားလင်းနေတယ်ထင်ရင်..။ Exposure နေရာကို သွားပြီး Exposure ကို တန်းပြီး လျော့ချလိုက်ပါတယ်..။ အဲ့ဒီ့အခါကြတော့..။ လင်းနေတဲ့နေရာက ပုံမှန် Exposure ဖြစ်သွား တာကတော့ ဟုတ်ပါရဲ့..။ ကိုယ် အလင်းလိုချင်တဲ့ အရှေ့က Foreground တွေပါ မဲကျသွားတာကို ကြုံဖူးမယ် ထင်ပါတယ်..။ အဲ့ဒီ့အခါကြရင် တော်တော်လေးကို အကြပ်ရိုက်ရပါတော့တယ်..။

ဒီပြသနာကို ဖြေရှင်းနိုင်ဖို့အတွက် Highlight ကို ထည့်ပေးထားခြင်း ဖြစ်ပါတယ်..။ Highlight ရဲ့ အဓိက အလုပ်က ပုံတစ်ပုံလုံးရဲ့ Exposure ကို လျော့ချပေးဖို့ မဟုတ်ပဲ Over Expose ဖြစ်နေတဲ့ အပိုင်းတွေရဲ့ Exposure ကိုပဲလျော့ချပေးတာ ဖြစ်ပါတယ်..။ ဒါ့ကြောင့် Burn နေတဲ့ နေရာတွေကိုပဲ သီးသန့် ဆွဲချပေးတာ ဖြစ်တဲ့အတွက်..။ အရှေ့ က Foreground အပေါ် အကျိုးသက်ရောက်မှု မရှိတော့ပါ ဘူး..။ စောစောကပြောသလို ကောင်းကင်က Exposure ကိုလည်းလျော့လိုက်ရော.. မြေပြင်က Exposure ပါ ကျသွားပြီး မဲသွားတာမျိုး မဖြစ်တော့ပါဘူး..။

ဒီနေရာမှာ စကားစပ်လို့ ထပ်ပြောပါရစေ..။ ကိုယ့်ပုံ Burn နေလား (Right Clip) Under ဖြစ်နေလား (Left Clip) ကို သေသေချာချာ သိနိုင်ဖို့က Histogram ကြည့်တတ်မှ ရပါမယ်..။ Histogram ဘယ်လိုကြည့်ရမယ်ဆိုတာ ကျွန်တော် အကျယ်တဝင့်ရေးပြီးသား ဖြစ်တဲ့ အတွက်..။ မဖတ်ရသေးတဲ့ သူများ ပြန်လည် ဖတ်ရှုလေ့လာစေလိုပါတယ်..။

Histogram မကြည့်ပဲ ရမ်းပြင်တဲ့ ပုံတစ်ပုံဟာ ရမ်းပြင်တဲ့ အကျိုးကျေးဇူးပဲ ရပါလိမ့်မယ်..။ ဓာတ်ပုံရိုက်တိုင်း Histogram ကြီးပြန်ပြန်ကြည့်နေရတာ အလုပ်မဖြစ်ဖူးဆိုတာ ကျွန်တော်သိပါတယ်..။ ကျွန်တော် အဲ့ဒီ့တုန်းကရေးခဲ့တဲ့ ရည်ရွယ်ချက်က အခု Post Processing လုပ်တဲ့နေရာမှာ ပြန်ပြီး အသုံးဝင် လာပြန်ပြီ ဖြစ် ပါတယ်..။ ကျွန်တော်ရေးခဲ့တုန်းက အလကားပါလို့ ထင်တဲ့သူများအတွက်က တော့ စိတ်မကောင်းပါဘူး...။

ဒါဆိုရင် Highlight ရဲ့ လုပ်ဆောင်ချက်ကို သဘောပေါက်ပြီ ထင်ပါတယ်..။

Highlight ရဲ့ အောက်မှာ ရှိတာကတော့ Shadow ပဲ ဖြစ်ပါတယ်..။ သူ့ရဲ့ လုပ်ဆောင်ချက်က Highlight နဲ့ ဆန့်ကျင်ဘက်ပါ..။ Highlight က Burn နေတာ (Right Clipping) ဖြစ်နေတာတွေကို ပြန်ချပေး ပါတယ်..။

Shadow ကတော့ (Left Clipping) ဖြစ်နေတာ Under ဖြစ်နေတဲ့ အပိုင်းတွေကို ပြန်လင် ဆွဲတင်ပေးတာ ဖြစ်ပါတယ်..။

ဆိုကြပါစို့ဗျာ ပုံမှာ ကောင်းကင်ကတော့ Exposure မှန်နေပါရဲ့..။ Foreground က Under ဖြစ်နေတယ် ဆိုပါစို့...။ Exposure ကို Foreground လင်းအောင်လည်းဆွဲတင်လိုက်ရော ကောင်းကင်ကြီးက Over Expose ဖြစ်ပြီး ပြန် Burn သွားလေ့ ရှိပါတယ်..။ ဒီလိုတွေ မဖြစ်ရအောင် Shadow ကို အသုံးပြုခြင်း အားဖြင့် Shadow မိနေတဲ့ နေရာတွေကိုပဲ Software က အလိုလို Highlight ပြန်ပြီး ဖွင့်ပေးသွားမှာ ဖြစ်ပါတယ်..။ အဆင်မပြေဘူးလားဗျာ...? :)

Shadow ရဲ့ အောက်မှာရှိတာကတော့ White နဲ့ Black ပါ..။ သူတို့ကတော့ သုံးတတ်ရင် သုံးတတ်သလောက် တော်တော်လေး အသုံးဝင် ပါတယ်..။

ဆိုကြပါစို့ဗျာ..။ မိတ်ဆွေက Highlight ကို ဆွဲချလိုက်သည့်တိုင်အောင် ပုံက နဲနဲ Burn နေသေးတယ် လို့ထင်ရင်..။ White ကို ထပ်လျော့နိုင်ပါတယ်...။

ဒီလိုပါပဲ..။ Shadow ဖွင့်လိုက်သည့်တိုင်အောင် ပုံက မဲနေသေးတယ်လို့ထင်ရင် Black ကိုထပ်လျော့နိုင် ပါတယ်...။

တစ်ခါတစ်လေမှာ Black ကို Vignetting သဘောလေးတွေ ဖြစ်သွားအောင် တမင် ဆွဲတင်ရတာမျိုးတွေ လည်း လုပ်နိုင်ပါသေးတယ်...။

အဲ့ဒီ့အောက်မှာ မိတ်ဆွေထပ်တွေ့ရမှာကတော့ Clarity ပဲ ဖြစ်ပါတယ်..။ ပုံရဲ့ ကြည်လင်မှုကို မိတ်ဆွေ ဘယ်လို ဖြစ်ချင်ပါသလဲ..။ အတိုင်းအတာ တစ်ခုအထိ ပြန်လည် ဖန်တီးလို့ရပါတယ်...။

Model Portrait မျိုးမှာ Clarity ကို ထပ်လျော့ပြီး Skin Tone ကို Smooth ဖြစ်အောင်လုပ်လို့ရသလို...။ Landscape လို Photography မျိုးအတွက် Clarity ကို ထပ်တင်နိုင်ပါတယ်...။ ဒါပေမယ့် တစ်ခုသတိထားရမှာက Clarity ဟာ Contrast ကို အခြေခံထားတာ ဖြစ်တဲ့အတွက်...။ Clarity ကို အဆုံးအထိ တင်လိုက်တဲ့ပုံဟာ Contrast အရမ်းများနေတဲ့ ပုံတစ်ပုံနဲ့ အနဲငယ် သွားတူ မှာ ဖြစ်ပါတယ်..။ ထို့အတူ အရမ်းလျော့လိုက်တဲ့ပုံကလည်း Contrast အရမ်းနဲသွားတဲ့ ပုံမျိုးနဲ့ သွားတူပါလိမ့်မယ်..။

တန်ဆေးလွန်ဘေးဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ...။ ချင့်ချိန်ပြီး သုံးဖို့လိုပါတယ်..။

Clarity ရဲ့ အောက်မှာတော့ Vibrance ရှိပါတယ်...။ ဒီကောင်ကတော့ မိတ်ဆွေရဲ့ ပုံကို Vivid ဖြစ်အောင် အရောင်ကို ဆွဲတင်တာမျိုးအတွက်သော်လည်းကောင်း..။ အရောင်တွေအရမ်းပြင်းနေ လို့ ပြန်လျော့ တာမျိုးသော်လည်းကောင်း အသုံးပြုနိုင်ပါတယ်..။

Vibrance အောက်မှာရှိတဲ့ Saturation ကတော့ ..။ စောစောကကျွန်တော်ပြောခဲ့သလို Clarity က Contrast နဲ့ ဆက်စပ်နေတဲ့ သဘောအတိုင်းပဲ...။ Saturation ကလည်း Temperature နဲ့ အနဲငယ် ဆက်စပ်နေပါတယ်...။ Saturation ကို ဆွဲတင်လိုက်ရင် အရောင်တွေက ပြင်းလာပါလိမ့်မယ်..။ အဝါတွေ များလာပါလိမ်မ့ယ်..။ Temperature ဆွဲတင်လိုက်တဲ့ သဘောနဲ့ခပ်ဆင်ဆင် ဖြစ်ပါတယ်..။ (ခပ်ဆင်ဆင်လို့ ကျွန်တော်ပြောတာပါ..။ မတူပါဘူး..။) အဲ့လိုပဲ Saturation ကိုဆွဲချလိုက်ရင်လည်း ပုံက အရောင်တွေ ပြန်ဖျော့သွားပါလိမ့်မယ်..။

Saturation နဲ့ Vibrance ကို 0 အထိရောက်အောင် ဆွဲခြလိုက်ခြင်းအားဖြင့် မိတ်ဆွေရဲ့ ပုံကို Black & White (Monochrome) ပုံ တစ်ပုံ ဖြစ်သွားစေပါလိမ့်မယ်...။

ဒီနေ့တော့ ကျွန်တော် ဒီ Basic Menu လေးနဲ့ပဲ နိဂုန်းချုပ်ခွင့်ပြုပါ...။ ကျွန်တော် ဒီလောက်ခြုံပြီးရေး တာတောင် Basic Menu တစ်ခုထဲနဲ့တင် A4 ၃ မျက်နှာစာလောက် ရှိသွားမယ် ထင်ပါတယ်..။ Lighroom တစ်ခုလုံးစာ ဆို စဉ်းစားသာ ကြည့်ပါ..။

နောက်နေ့တွေမှာ..။ Basic Menu အောက်မှာပါတဲ့..။ ကျန်တဲ့ Menu တွေ အကြောင်းကို တစ်ခုခြင်းစီ အသေးစိတ် ဆက်ပြီးရေး ပေးသွားပါ့မယ်...။

Menu တွေအားလုံးအကြောင်းရေးပြီးသွားတဲ့ အခါမှာတော့..။ Lightroom ထဲမှာပါတဲ့..။ အင်မတန်မှ အဖိုးမဖြတ်နိုင်တဲ့...။ Graduate Filter Effect တွေအကြောင်း Adjustment Brush တွေ အကြောင်း Spot Healing Tools တွေ အကြောင်းကို ဆက်ရေးပေးသွားမှာ ဖြစ်တဲ့အတွက်..။ ဆက်လက်စောင့်မျှော် ဖတ်ရှုကြပါလို့ တိုက်တွန်းလိုပါတယ်...။

ဘယ်လိုပဲ ဖြစ်ဖြစ်..။ ဒီပို့စ်လေး ဖတ်တ်ပြီးတဲ့ အချိန်မှာတင်...။ မိတ်ဆွေတို့အတွက်...။ တော်တော်လေး အသုံးဝင်သွားမယ် ထင်ပါတယ်..။ အရင်က ဘယ်လိုမှ ပြင်မရလို့ ပြစ်ထားလိုက်ရတဲ့ ပုံလေးတွေက မိတ်ဆွေအတွက် တကယ့်ပုံကောင်း လေးတွေ အဖြစ် ပြန်လည် ရှင်သန်ခွင့်ရ လာမယ်လို့ ယုံကြည်ရင်း...။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com

Before & After...

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...