အရေပြားကို အလှဆင်သူ

“တက်တူးကို စလုပ်တုန်းက ငွေကြေးကြောင့်လည်း မဟုတ်ဘူး။ ကျော်ကြား ချင်လို့လည်း မဟုတ်ဘူး” ဟု အမျိုးသမီးငယ် တစ်ဦး၏ ကျောပြင်တွင် လိပ်ပြာ ပုံသဏ္ဌာန် တက်တူးရေးပေးရင်း ပြောဆိုလိုက်သူမှာ ရန်ကုန်မြို့တွင် လက်ချိုး ရေတွက်နိုင်သည့် ဆယ် ဂဏန်း သာသာ ရှိသော Professional တက်တူး ထိုးသူ အမျိုးသားများ အကြားတွင် အမျိုးသမီး တက်တူး ထိုးသူအဖြစ် ရေပန်းစား လာသူ ဖြူသဇင်စိုး ဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်၊ အသား လတ်လတ် ခေတ် မီဒီဇိုင်းနှင့် တစ်ကိုယ်လုံးနီးပါး တက်တူး ပြည့်နေသည့် ခပ်ရှားရှား အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူ့ကို ၁၉၉၀ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ဆန်စက်လုပ်ငန်း လုပ်ကိုင်သူ မိဘများက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့တွ င် မွေးဖွားခဲ့သည်။ သူ ၆ တန်း အရွယ်တွင် မိဘများ ရန်ကုန်မြို့သို့ ပြောင်းရွှေ့အခြေချခဲ့သည်။ ငယ်စဉ်က တက်တူးထိုးသူ ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့် ခဲ့သော်လည်း သူငယ်ချင်းတစ်ယောက် တက်တူးထိုး သည့်နောက် လိုက်ကြည့်ရင်း တက်တူးနှင့် စတင်မိတ်ဆက် မိခဲ့သည်။

ငယ်စဉ်ကတည်းက ပန်းချီပညာကို ဝါသနာ အရင်းခံဖြင့် လေ့လာသင်ယူခဲ့ကာ တက်တူးများနှင့် ရင်းနှီး ခဲ့ပြီးနောက်တွင် ပန်းချီထက် တက်တူးကို စိတ်အစွဲအလမ်းကြီး ခဲ့ပြန်သည်။ “ပန်းချီထက် တက်တူးက ပိုပြီး စိတ်လှုပ်ရှားတယ်။ ရင်ခုန်ဖို့ ကောင်းတယ်။ ပိုပြီးတော့လည်း ပေးဆပ်ရတယ်” ဟု သူ၏ အသက်မွေး ဝမ်းကျောင်း အလုပ်အပေါ် ရင်ခုန်မှုကို ဖွင့်ဟသည်။

မိသားစုနှင့် ရွေးချယ်မှု

ပထမဆုံး အကြိမ်အဖြစ် နောက်ကျောတွင် ရေးထိုးထားပြီဖြစ်သော လိပ်ပြာပုံ တက်တူးကို ရှေးရိုးဆန်သည့် မိဘများ မမြင်တွေ့စေရန် ဖုံးကွယ်ခဲ့သော်လည်း အူအတက်ပေါက်သဖြင့် ခွဲခန်းဝင်ရာမှ မိဘများ ပထမဆုံး အကြိမ် သိရှိသွားခဲ့ကြောင်း သူက ရယ်လျက် ပြန်ပြောင်း ပြောပြသည်။

မိဘများက လုံးဝလက်မခံ။ ရှေ့ဆက်မထိုးရန် တားမြစ်ကြသော်လည်း သူက ခိုးဝှက်၍ ထိုးမြဲဖြစ်သည်။ ကိုယ်တိုင် တက်တူးရေးသူ ဖြစ်ချင်သော်လည်း ဓလေ့ထုံးတမ်းများနှင့် မြန်မာအမျိုးသမီးတစ်ဦး တက်တူးလောက ဝင်ရောက်ရန် မလွယ်ကူခဲ့။ ရင့်သန်လာသော ဝါသနာပိုးကို ဖုံးအုပ်ရန် မဖြစ်နိုင်သည့် အခါတွင် မိဘများနှင့် ပထမဆုံး ထိပ်တိုက်ရင်ဆိုင် ခဲ့လာရသည်။

“အိမ်နဲ့ အပေးအယူ လုပ်ရတယ်။ ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို သူတို့ နားလည်အောင် သေချာပြောပြ ရတယ်။ တက်တူးစတူဒီယိုမှာ အလုပ်သင်အဖြစ် လုပ်နေတော့ အိမ်က အကြိုအပို့ လုပ်တယ်။ အဓိက ကိုယ့်ကိုယုံကြည် လာအောင်ပေါ့၊ အဖေနဲ့ အမေမှာ အမေက တက္ကသိုလ် တက်တဲ့အထိ နောက်က လိုက်နေတုန်းပဲ။ အမေ လက်ခံလာအောင် တော်တော် ကြိုးစားခဲ့ရတယ်။ တစ်ခါက အမျိုးသမီး တစ်ယောက် အတွက် Out Door သွားထိုးပေးတုန်းက နောက်ကျသွားလို့ အဆူခံရတယ်။ ငိုခဲ့ရတာတော့ မှတ်မှတ်ရရပဲ” ဟု သူက ပြောပြသည်။

လုပ်ငန်းခွင်

ဆယ်တန်း အောင်ပြီးနောက် လှိုင်သာယာ နည်းပညာ တက္ကသိုလ်တွင် CNC (Computer Numerical Control ဘာသာရပ်ဖြင့် ၂ နှစ် တက်ရောက်ခဲ့ပြီး ကိုယ်ပိုင် အချိန်ပိုခပ်များများ ရရန်အတွက် သင်္ချာမေဂျာဖြင့် အဝေးသင် တက္ကသိုလ်ကို ပြောင်းလဲ ရွေးချယ်ခဲ့သည်။

စမ်းတဝါးဝါးဖြင့် အင်တာနက်ပေါ်တွင် တက်တူးအကြောင်း လေ့လာရာမှ အစပြုပြီး ရန်ကုန်မြို့ရှိ တက်တူး ဆရာများနှင့် ရင်းနှီးကျွမ်းဝင် လာခဲ့သည်။ ပထမဆုံး သင်ပေးခဲ့သူမှာ ကိုရိုးသစ်နွယ် ဖြစ်ပြီး ၎င်းပိုင် Myanmar Ink Studio တွင် အလုပ်သင်အဖြစ် စတင်လုပ်ကိုင်ခဲ့ရာမှ တက်တူးလောကကို မြေစမ်း ခရမ်းပျိုး ခဲ့သည်။ ဝါသနာ ပါသဖြင့် သင်ယူခဲ့သည့် ပန်းချီပညာကြောင့် တက်တူး ရေးဆွဲရာတွင်သာမက အရောင်ရွေး ချယ်မှု ပိုင်းတွင်လည်း ပိုမိုအားသာခဲ့ကြောင်း သူကဆိုသည်။

သို့သော် အပင်ပန်းခံနိုင်ပြီး အတတ်မြန်သည့် အမျိုးသားများနှင့် ယှဉ်လျှင် အမျိုးသမီး ဖြစ်သည့်အတွက် အစပိုင်းတွင် ပင်ပန်းမှုများ၊ စိတ်ဖိစီး တွန့်ဆုတ်မှုများ ကြုံတွေ့ခဲ့ရသည်။

တသီးတသန့် နေတတ်သည့်အပြင် အပေါင်းအသင်း မများသောကြောင့် လုပ်ငန်း အစပိုင်းတွင် လူမှု ဆက်ဆံရေး အခက်အခဲ တွေ့ခဲ့သော်လည်း လုပ်ငန်းခွင် အတွင်းက စီနီယာများ၏ နားလည်မှုကြောင့် အလုပ်သင်ဘဝမှာ အဆင်ပြေခဲ့ခြင်းက ဝါသနာကို ပိုမိုခိုင်မြဲ လာစေခဲ့သည်။

“ကိုယ့်အပေါ် စေတနာထားတဲ့ အလုပ်ပတ်ဝန်းကျင်ကို ရထားတယ်။ သာမန်လူ တစ်ယောက်ကို ပြောပြတာ ထက် ကြုံရတဲ့ အခက်အခဲကို သူတို့တွေ ပိုသိတဲ့အတွက် ဝိုင်းပြီးဖေးမ ပေးကြတယ်” ဟု သူက ဆိုသည်။

Rubber Skin ပေါ်တွင် အရုပ်ရေးဆွဲခြင်းဖြင့် စတင်သင်ယူခဲ့ပြီးနောက် အသားအရေပေါ်တွင် ရေးဆွဲခွင့် ရစေရန်အတွက် ဆွေမျိုး၊ သူငယ်ချင်းများကို အကူအညီတောင်း၍ တက်တူး ထိုးပေးခဲ့ကြောင်း သူက အလုပ်သင်ဘဝကို ပြန်ပြောင်း ပြောပြသည်။

Myanmar Ink Studio တွင် အလုပ်သင်အနေနှင့် တစ်နှစ်ခွဲ ဝန်းကျင်ခန့် လုပ်ခဲ့ပြီးနောက် တောင်ဥက္ကလာ (၃) ရပ်ကွက်ရှိ နေအိမ်တွင် Studio တစ်ခု ဖန်တီးပြီး ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်း အလုပ်ကို စတင်ခဲ့ သည်။

အမျိုးသမီးငယ်တစ်ဦး ဖြစ်နေသည့်အပြင် ပြေပြစ်သည့် ရုပ်ရည် ပိုင်ဆိုင်ထားသည့် သူ့ကို ပညာထက် လူကို လာရောက် ကြည့်သူများ ရှိခဲ့သည့်အပြင် သူ၏ကျွမ်းကျင်မှုကို မယုံကြည်သည့် Customer များကိုလည်း ကြုံတွေ့ခဲ့ရသည်။

“ကောင်လေးတစ်ယောက် လာထိုးရင် သူငယ်ချင်းတွေ အများကြီး ပါလာကြတယ်။ အိမ်က Studio ပြည့် သွားတယ်။ ဓာတ်ပုံရိုက်တယ်။ ကိုယ့်ကို မယုံတဲ့သူတွေ ပြောတဲ့စကားတွေက ခံစားချက် တစ်မျိုးဖြစ်တယ်” ဟု ဖြူသဇင်စိုးက ဆိုသည်။

ဘေးပတ်ဝန်းကျင်၏ စကားသံများမှာ တက်တူးရေးသည့် အချိန်မှာ အနှောင့်အယှက် ဖြစ်သော်လည်း ယခုအချိန်တွင် ပတ်ဝန်းကျင်ကို မေ့ထားလောက်သည်အထိ တက်တူး ရေးဆွဲခြင်းတွင် စိတ်နှစ်ထားနိုင် ခဲ့သည်။

လူ့အသားအရေပေါ်တွင် ဖျက်မရနိုင်သည့် တက်တူး ရေးပေးရန် ခိုင်မာသည့် ယုံကြည်ချက်မှာ တမင် ဖန်တီးထားခြင်း မရှိသော်လည်း အလုပ်လုပ်ရင်းဖြင့် တစ်စထက်တစ်စ ပို၍ယုံကြည်ချက် ရလာခဲ့သည်။

ရှေးရိုးစွဲများနှင့် တက်တူး

“သက် ၁၇ နှစ်လောက်က တက်တူးထိုးထားတဲ့ ကောင်မလေးကို တွေ့တော့ အမေက ကျွန်မကို ပြော တယ်။ ဒါမကောင်းဘူးတဲ့။ ၂၀ ကျော်လာတော့ ကျွန်မ အဲဒါကို လက်မခံနိုင်ဘူး။ တက်တူးထိုးတဲ့ မိန်းကလေးတိုင်းက မကောင်းတဲ့ မိန်းကလေး မဟုတ်ဘူး” ဟု ဖြူသဇင်စိုးက ခပ်ထန်ထန် ဆိုသည်။

တက်တူးထိုးသူ အမျိုးသမီးများ အပေါ်တွင် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ အပြစ်တင် ဝေဖန်မှုများ ရင်ဆိုင်မှုများ ရှိနေမှုများကို တက်တူးထိုးပေးသူ သူမ လက်ခံနိုင်ခြင်း မရှိပေ။

တက်တူး ထိုးသူများတွင် ပညာတတ် လူတန်းစားမှစ၍ လူတန်းစား အလွှာအသီးသီး ပါဝင်နေပြီး လူ့ခန္ဓာ ကိုယ်ပေါ်ရှိ အရေပြားကို ကြည့်၍ လူ့အတွင်းစိတ်ကို ဆုံးဖြတ် မရနိုင်သဖြင့် ကောင်းခြင်း၊ ဆိုးခြင်းမှာ တက်တူးနှင့် မသက်ဆိုင်ဘဲ အထင်သေးစွာဖြင့် ပုံသေ လက်ခံထားသူများမှာ အမြင်ကျဉ်းသူများ ဖြစ်သည်ဟု သူက ခံယူထားသည်။

“ကျွန်မ လမ်းလျှောက်သွားရင် အချို့မျက်လုံးတွေက ဆိုးဆိုးဝါးဝါး ကြည့်တာခံရတယ်။ တချို့ကတော့ သဘောကျလို့ ကြည့်တယ်။ ဘတ်စ်ကားပေါ်ကနေ လှမ်းအော်တာ ခံရတယ်။ တက်တူး ထိုးတဲ့လူတိုင်းကို အထင်သေးစရာ မလိုဘူး” ဟု သူကဆိုသည်။

ဝါသနာတူ၊ လုပ်ငန်းတူသူ တစ်ဦးနှင့် လက်ထပ်ခဲ့ပြီ ဖြစ်သည့် သူက အသက်မွေးဝမ်းကျောင်း အဖြစ် နှစ် ဦးပေါင်း၍ Studio တစ်ခုအဖြစ် ဖန်တီးထားပြီ ဖြစ်သည်။ အသက် ၁၈ နှစ်မှ ၄၀ ဝန်းကျင်အထိ အမျိုးသမီး အများစုမှာ သူ၏ Customer များ ဖြစ်နေသည်။

“ထိုးနေတဲ့အချိန်မှာ စေတနာထားတယ်။ တစ်ပုံကို အချိန်ယူပြီး ရေးပေးတယ်။ အကောင်းဆုံးဆိုတဲ့ အမေရိကန်နဲ့ ဂျာမနီဆေးတွေ သုံးတယ်။ ဈေးက အနည်းဆုံး နှစ်သောင်းခွဲကနေ ၇ သိန်း၊ ၁၀ သိန်းအထိ ရှိတယ်။ ပုံပေါ်မူတည်ပြီး ဈေးက ကွာသွားတာပေါ့” ဟု သူကဆိုသည်။

တက်တူးအပြင် Body Paint လုပ်ငန်းများပါ ထည့်သွင်း လုပ်ကိုင်နိုင်ရန်အတွက် ကမ္ဘာအေး ဘုရားလမ်း၊ ဝါယာလက် ၂ လမ်းရှိStudio ကို တောင်ဥက္ကလာသို့ ရွှေ့ပြောင်းရန် စီစဉ်နေပြီး ဝန်ထမ်းများ ခေါ်ယူကာ လက်ရှိ လည်ပတ်နေသည့် လုပ်ငန်းကို တိုးချဲ့သွားမည် ဖြစ်ကြောင်း သူ့အနာဂတ်ကို ဖွင့်ဟသည်။

အသက်အရွယ်အရ အခြားစီးပွားရေး တစ်ခုကို လုပ်ကိုင်ရန် မျှော်လင့်ထားသော်လည်း တက်တူး ရေးဆွဲ သည့် အလုပ်ကို သူရပ်တန့်မည် မဟုတ်ပေ။ မိသားစု၊ ခင်ပွန်း၊ လုပ်ဖော်ကိုင်ဖက်တို့မှာ သူ ရပ်တည်နိုင်ရန် အတွက် ကောင်းမွန်သည့် အထောက်အပံ့များ ဖြစ်စေခဲ့သည်။

ယခုဆိုလျှင် အိမ်ထောင်သက် ခုနစ်လရှိပြီ ဖြစ်သည်။ ကိုယ်ယုံကြည်ရာ လုပ်ကိုင်ရင်း အိမ်ထောင်ရှင်မ တာဝန်ကိုလည်း ထမ်းဆောင်နေပြန်သည်။ “မနက် ၁၂ နာရီမထိုးခင်ထိ အိမ်အလုပ် လုပ်တယ်။ ၁၂ နာရီနောက်ပိုင်းကို အလုပ်ချိန်လို့ သတ်မှတ်ထားတယ်” ဟု သူက ဆိုလိုက်သည်။

သူ၏ ရပ်တည်ချက်နှင့် ဘဝရွေးချယ်မှုမှာ အများသူငါနှင့် ကွဲပြားနေသည်။ ထူးခြားနေသည်။ ခံယူချက် မှာလည်း တစ်မူထူးနေ ပြန်သည်။ ချစ်၍ ဖန်တီးနေသော တက်တူးများနှင့် ပျော်မွေ့နေသော သူက ဘယ်ဘက် လက်မောင်းပေါ်ရှိ မျက်နှာပုံ တက်တူးကိုကြည့်ရင်း ယခုလို ပြောဆိုလိုက်သည်က -
“တက်တူးဆိုတာ ဘယ်သူမှ မကြိုက်ရင်နေပါစေ ကိုယ်ကြိုက်ဖို့ပဲ လိုတယ်။ ကိုယ့်စိတ်ခံစားမှုနဲ့ ပတ်သက်တဲ့ ပုံတွေကတော့ ဘယ်တော့မှ ရိုးသွားမှာ မဟုတ်ဘူး”

မြတ်နိုးခင်
The Voice Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...