ချစ်တတ်ရဲ့လား
ဒီကနေ့ မြို့ပြနေ မြန်မာမိဘ အများစုကို ကြည့်လိုက် ရင် သူတို့ သားသမီးတွေကို ဘယ်လို ဖြည့် ဆည်းပေး၊ ဂရုစိုက်ပေးပြီး မေတ္တာ ထားကြောင်း ပြ ရမလဲဆိုတဲ့ ပုံစံတွေ အတွေ့ရ များလာတယ်။
တချို့ဆို တစ်နေကုန် ကိုယ့်သား၊ သမီး ကျောင်း ကြို၊ ကျောင်းပို့၊ ကျူရှင်ကြိုပို့နဲ့ပဲ တစ်နေကုန်သွားတဲ့ မိဘမျိုးတောင် ရှိလာတယ်။ ကျောင်းလိုက် ပို့ရင် လည်း လွယ်အိတ်၊ ထမင်းဘူး၊ ရေဘူးကအစ အကုန် သယ်ပေးတယ်။ မုန့်စားနားချိန်၊ ထမင်း စားနားချိန်မှာ ပါးစပ်ထဲကို ခွံ့ကျွေးတယ်။ တတ်နိုင်တဲ့ မိဘတချို့ဆို ကလေးက တောင်းတာ မှန်သမျှ လိုလေးသေး မရှိအောင် အချိန်မဆိုင်း ရှာပေး၊ ဝယ်ပေးကြတယ်။
တကယ်တမ်း ဆန်းစစ်ကြည့်တော့ သား၊ သမီးတွေ သူတို့အပေါ် ချစ်ခင်တာ၊ အားကိုးတာကို လိုချင်တဲ့ အတွက် မိဘဝတ္တရားရှိလို့ ဖြည့်ဆည်းပေး တယ်ဆိုတဲ့ အချက်နဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေ ကြသလားလို့။ တစ်ခါတစ်ခါကျတော့ သူတို့ ပူဆာတဲ့ အသံကို နားအညည်း မခံနိုင်လို့ ဝယ်ပေးတာမျိုးလည်း ရှိတယ်။
တည့်တည့်ပြောရရင် သူတို့ အတ္တကို အရင်ဦးစားပေးပြီး လူအများရှေ့မှာ မော်ချင်၊ ကြွားချင်တဲ့စိတ်၊ နားပူ နားဆာ လုပ်တာကို သည်းမခံနိုင်တဲ့စိတ်၊ ကိုယ့်ကို ပိုချစ်လာ လိမ့်မယ်ဆိုတဲ့ စိတ်နဲ့ လိုတာ ဖြည့် ဆည်းပေးနေကြတာ များတယ်။
စောစောပိုင်း ငယ်နုစဉ် ကာလမှာတော့ ဒီလိုဖြည့်ဆည်းပေးတာမျိုးက သိပ်ပြဿနာ ရှိတယ်လို့ မထင်ရဘူး။ အချိန်တန် နားညည်း သက်သာသွားတာကိုး။ ငယ်ကတည်းက တောင်းတိုင်းရနေတဲ့ ကလေးတွေမှာ တဖြည်းဖြည်း အသက်ကြီး လာတဲ့အခါ ပြဿနာတွေ အများကြီး ရှိသွားနိုင်တယ် ဆိုတာကို အတော်များများ မသိကြဘူး။
ပထမပြဿနာက လွယ်လွယ်တောင်းရင် လွယ်လွယ်ရတဲ့အတွက် ဘယ်အရာကိုမှ တန်ဖိုးထားရကောင်းမှန်း မသိတော့ဘူး။ တောင်းတဲ့အချိန်မှာ ချက်ချင်းရတဲ့အတွက် အဲဒီပစ္စည်း တစ်ခုခုအတွက် စိုက်ထုတ်ရမယ့် အချိန်၊ ငွေ၊ လုပ်အားသဘော နားမလည်တော့ဘူး။ လွယ်လွယ်ရတော့ လွယ်လွယ်မေ့ ဆိုသလိုပေါ့။ ကိုယ်ပိုင် အင်အား၊ အစွမ်းအစ မထုတ်ချင်တော့ဘူး။ ကိုယ်စွမ်း၊ ဉာဏ်စွမ်းနည်းရာကနေ တုံးသွားနိုင်တဲ့ အထိ ပြဿနာ ရှိသွား တတ်တယ်။
ဒုတိယပြဿနာက လောကကြီးရဲ့ အပေးအယူ သဘောကို လက်တွေ့ကျကျ နားမလည်တော့ဘူး။ ဆိုလိုတာက ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ်လိုချင်တာ တစ်ခုခုရှိရင် အဲဒီလိုချင်တာနဲ့ ညီမျှတဲ့ ကြိုးစားအားထုတ်မှု တစ်ခုခု ကိုယ်က ပြန်ပေးရတယ်ဆိုတာ မသိတော့ဘူး။
ကြာလာတဲ့အခါ ယနေ့ မြန်မာ လူငယ်တချို့ အလုပ်ကို ခါးချိုး မလုပ်ချင်တော့ဘူး။ ဘယ်ကနေ ငွေလွယ်လွယ် ရမလဲ ဆိုတာမျိုးပဲ ရှာလာကြတယ်။ ရလာရင်လည်း ရတဲ့ငွေကို ဘီယာဆိုင်၊ အရက်ဆိုင်နဲ့ ကေတီဗီလို နေ ရာ မျိုးတွေ၊ အဝတ်အစား အသုံးဆောင်ပစ္စည်း ဝယ်ပစ်လိုက်တာမျိုးတွေမှာ အလွယ်တကူ သုံးပစ်လိုက် တတ်ကြတယ်။
တချို့ဆို မိဘတွေကိုယ်တိုင် ကိုယ့်သားသမီးကို လွယ်လွယ်ငွေရတဲ့ လမ်းရှာပေးပြီး အတင်းဇွတ်လျှောက် ခိုင်းတာမျိုး အထိပါ တွေ့လာရတယ်။
ဒါတွေ အဖြစ်များလာရင်၊ လူငယ်အများစုကို ကူးစက်လာရင် သူများနောက်မှာ အများကြီး ပြတ်ကျန်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံ သူများကိုမီဖို့ နေနေသာသာ ကိုယ့်ဘာသာ နောက်လန် ကျမသွားအောင် မနည်းထိန်းနေ ရတာနဲ့တင် အချိန်ကုန်သွားမယ်။
ဒီနေ့သိရင် ဒီနေ့ပြင်လို့ ရတယ်။ သားသမီးကို တကယ်ချစ်တဲ့ မိဘဆိုရင် ကလေးတွေ ကိုယ့်အားကိုယ်ကိုး တတ်အောင် အစစအရာရာ လိုက်လုပ်မပေးသင့်ဘူး။ ကိုယ်စွမ်းကိုယ်စ ရှိအောင် တာဝန်တစ်ခုခု ယူချင်စိတ် ရှိအောင် ငယ်ကတည်းက သူတို့လုပ်နိုင်တဲ့ ကိစ္စတွေ သူတို့ဘာသာ လုပ်ခိုင်းရမယ်။ နိုင်တဲ့ တာဝန် တစ်ခုခုပေးပြီး နေ့စဉ် အချိန်မှန်မှန် မပျက်မကွက် လုပ်ဖို့ လေ့ကျင့်ပေးရမယ်။
သူက ပူဆာလို့ ဝယ်ပေးချင်ရင်တောင် အိမ်မှုကိစ္စ နေ့စဉ် ဘာဝိုင်းလုပ်ရင် ဘာပေးမယ်၊ အတန်းထဲမှာ ပ၊ ဒု၊ တ ဝင်ရင် ဘာရမယ်၊ စကားရည်လုပွဲ၊ အားကစားပွဲများ ဝင်ပြိုင်ရင် ဘာဝယ်ပေးမယ် စတဲ့ မက်လုံး တစ်ခုခုပေးပြီး လောကကြီးမှာ ဘာမှ အလကားမရဘူး ဆိုတဲ့အသိ စွဲသွားအောင် တည့်ပေးရမယ်။
မိဘတွေအနေနဲ့ ငယ်တုန်းက အလိုလိုက်ချင်သလို လိုက်ခဲ့ပြီးမှ ကြီးလာလို့ ထိန်းမနိုင်သိမ်းမရ ဖြစ်တဲ့အခါ သားဆိုး၊ သမီးဆိုး စာရင်းသွင်း၊ အမွေပြတ်စွန့်လွှတ်၊ အိမ်ပေါ်ကနှင်ချ လုပ်တာမျိုးက မိဘတာဝန်၊ သမိုင်းပေး လူမှုတာဝန်နဲ့ မျိုးဆက်တာဝန် မကျေတဲ့ ခပ်ညံ့ညံ့ နိုင်ငံသားတွေ ဖြစ်သွားမယ်ဆိုတာ သိစေချင်တယ်။
အယ်ဒီတာ (၂၂-၁၁-၂၀၁၄)
The Voice Daily Vol-2/No-191
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) iOS 8.1.1 ကို TaiG Jailbreak Tool ဖြင့် Jailbreak လုပ်နိုင်ပြီ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)
- (အနောကျသို့) တစ်သက်တာ မျှော်လင့်ချက် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)