ATM ကတ်များ၏ လုံခြုံရေးအတွက် သုံးစွဲမှုကို ဂရုစိုက်သင့်ကြောင်း ပုဂ္ဂလိက ဘဏ်အချို့ သတိပေး ပြောကြား

ယခု ရက်ပိုင်းအတွင်း ပုဂ္ဂလိက ဘဏ်အချို့၏ ATM စက်များတွင် Visa ကတ်အတု များဖြင့် ငွေထုတ် ယူမှုများ ဆက်တိုက် ရှိနေခြင်းကြောင့် နိုင်ငံ တကာ တွင် အသုံးပြုနိုင်သည့် Debit Card , Credit Card များကို အသုံးပြုသူများ အနေဖြင့် မိမိတို့၏ ငွေထုတ် ကတ်များ၏ လုံခြုံရေးအတွက် ဂရုစိုက် အသုံးပြုရန် လိုအပ်နေ ပြီဖြစ်ကြောင်း ဘဏ်လုပ်ငန်း ဆိုင်ရာ နည်းပညာရှင် အချို့က သတိပေး ပြောကြား လိုက်သည်။

နိုင်ငံခြားသား အချို့သည် နိုင်ငံတကာသုံး ငွေထုတ်ကတ်များဖြစ်သည့် Visa နှင့် Master ကတ်အတုများကို အသုံးပြု၍ ပြည်တွင်းသို့ ဝင်ရောက်လာပြီး ယင်းကဲ့သို့ ATM စက်များမှ ငွေထုတ်ယူမှုများ ရှိနေခြင်းကြောင့် အဆိုပါ ငွေထုတ်စက်များ၏ လုံခြုံရေးပိုင်းကို ပိုမို အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေကြောင်း ပြည်တွင်း အခြေစိုက်ဘဏ်အချို့မှ သတင်းရရှိသည်။

“MPU ကတ်သုံးတဲ့ သူတွေလည်း ကိုယ့်ကတ်ရဲ့ လုံခြုံရေးကို ဂရုစိုက်ရပါမယ်။ ဒီလိုဖြစ်ရပ်မျိုးက Visa, Master ကတ်တွေသာမကပဲ MPU ကတ်တွေမှာလည်း ဖြစ်နိုင်တယ်။ ဘဏ်အနေနဲ့လည်း နည်းပညာပိုင်း ဆိုင်ရာ လုံခြုံရေးပိုင်းကို ဒီထက်ပိုပြီး အဆင့်မြှင့်တင်ဖို့ လုပ်သွားပါမယ်” ဟု ကမ္ဘောဇဘဏ် လီမိတက်မှ ဒုတိယ အထွေထွေမန်နေဂျာ ဒေါ်ဆွေဇင်ဝင်းက ပြောသည်။

ရန်ကုန်မြို့ရှိ ATM စက် သုံးခုခန့်တွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်သည် ပြည်ပနိုင်ငံ တစ်နိုင်ငံတွင် clone ပြုလုပ်ထားပြီးသား Visa ကတ်အတုဖြင့် ကမ္ဘောဇဘဏ်၏ ငွေထုတ်စက်အပါအဝင် အခြားဘဏ် အချို့၏ ငွေထုတ်စက်များတွင် ငွေသားများ ထုတ်ယူ သွားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလိုအဖြစ်အပျက်မျိုးက နိုင်ငံတကာမှာဆိုရင် ပိုပြီးတော့ ဖြစ်နေတယ်လို့ ပြောရမယ်။ ဒီနိုင်ငံမှာကတော့ ဒီလိုဖြစ်တာ တော်တော်နည်းပါတယ်” ဟု ကွန်ပျူတာ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက ဆိုသည်။

ထိုကဲ့သို့ အီလက်ထရွန်နစ် ငွေထုတ် ကတ်များကို အတုပြုလုပ်ကာ ငွေသား ထုတ်ယူမှုများ ရှိ လာခြင်းကြောင့် နိုင်ငံတကာသုံး ငွေထုတ်ကတ်များနှင့် MPU ကတ် အသုံးပြုသူများသည် မိမိတို့အသုံးပြု သည့် ကတ်များ၏ လျှို့ဝှက်နံပါတ်များကို အခြားမည်သူ တစ်ဦးတစ်ယောက်မျှ မသိစေရန် ဂရုပြုအသုံးပြုရ မည်ဖြစ်ကြောင်း အထက်ပါ ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာရှင်များက ပြောကြားသည်။

ထို့အပြင် အဆိုပါ ငွေထုတ်ကတ် အသုံးပြုသူများသည် ATM စက်များတွင် Pin နံပါတ်များ ရိုက်နှိပ်သည့်အခါ လက်တစ်ဖက်ဖြင့် ဂဏန်းများကို နှိပ်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဂဏန်းများရိုက်နှိပ်မှုကို အကာ အကွယ် ပြု လုပ်ကာ အသုံးပြုသင့်ကြောင်း သိရသည်။

“အဓိက သတိပြုရမှာက Pin နံပါတ်ကို တခြားသူတွေ မသိဖို့ပါ။ ကတ်က အသုံးပြုသူနဲ့ မကွာအတူ ရှိနေရ မယ်။ ဒီက MPU ကတ်တွေမှာ လုံခြုံမှုက အပြည့်ရှိပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ လျှို့ဝှက် နံပါတ်တွေ ကို တခြားသူတွေ မသိဖို့ပါ” ဟု ကမ္ဘောဇဘဏ်၏ ကတ်များနှင့် အီလက်ထရွန်နစ် ငွေပေးချေရေး ဆိုင်ရာ ဌာနမှ တာဝန်ရှိသူဖြစ်သည့် Mr.Ashis K Sharma က အင်တာနက်ဂျာနယ်သို့ ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်ထားသော ပုဂ္ဂလိက ဘဏ်လုပ်ငန်းများရှိ ATM စက်များတွင် ပြည်တွင်း အသုံးပြုနိုင်သည့် MPU ကတ်များအပြင် နိုင်ငံတကာသုံး Visa, Master, JCB (Japan Credit Bureau) , CUP (China Union Pay) အစရှိသည့် ကတ်များကိုလည်း အသုံးပြုနိုင်နေပြီဖြစ်သည်။

မကြာသေးမီ ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် အထက်ပါပြစ်မှုကို ကျူးလွန်ထားသည့် ပြည်ပနိုင်ငံသား များအား သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများမှ အမှုဖွင့် စစ်ဆေးနေပြီဖြစ်သည်။

Internet Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...