A Cure For Baldness


အမျိုးသားများ နဖူးပြောင်ခြင်း၊ အမျိုးသမီးများ ဆံပင် ပါးလျခြင်းနဲ့ ဆံပင်အိမ်တွေ ပါရှိတဲ့ အရေပြား အပေါ်ယံလွှာမီး လောင်ခံရတဲ့ လူနာတွေအတွက် ဆံပင်ပြန် ပေါက်အောင် လုပ်နိုင်ဖို့ နီးစပ် နေပြီလို့ သိပ္ပံ ပညာရှင် တွေက ဆိုပါတယ်။

ဆံပင်စိုက် တာဟာ ဆံစပ် နောက်ရွေ့ပြီး နဖူးပြောင် လာတဲ့သူ တွေအတွက် မျှော်လင့်ချက် တစ်ခု ဖြစ်ပါတယ်။ ထိပ်ပြောင်ခြင်းဟာဆေး လောကမှာ အင်မတန် ရှုပ်ထွေးပြီး စိတ်ညစ် ဖို့ ကောင်းတဲ့ ပြဿနာ တစ်ခုပါပဲ။ အသက် ၅၀အထက် အမျိုးသား၊ အမျိုးသမီး များရဲ့ ထက်ဝက်ခန့် ဟာ ဆံပင် ပါးခြင်း၊ အမျိုးသား ပုံစံ ထိပ်ပြောင်ခြင်း တို့ကို ကြုံတွေ့နေ ရတာပါ။ ကုထုံး တွေလည်း များ များစားစား မရှိလှ ပါဘူး။ ဆေးတွေ ဟာလည်း ဆံပင်ကျွတ်နှုန်း နှေးသွားအောင်ပဲ လုပ်နိုင်တာပါ။ အသစ်ပြန် ပေါက်ဖို့တော့ မဖြစ်နိုင် သေးပါဘူး။ ခွဲစိတ်တဲ့ နည်းပညာ တွေကတော့ ဆံပင်ပေါက် စေတဲ့ ဆဲလ်တွေကို ဦးရေပြား တစ်နေရာ ကနေ အခြား တစ်နေရာကို ပြောင်းရွှေ့ စိုက်ရပြီး အောင်မြင်မှုနှုန်း တသမတ်တည်း မရှိပါဘူး။ အကောင်းဆုံး အဖြေ ကတော့ ချို့ယွင်း နေတဲ့ ဆံပင် အိမ်တွေ (Hair follicles) ကိုဆံပင် အသစ် ပြန်ပေါက်ဖို့ လှုံ့ဆွပေး တာပါပဲ။ ဒီလိုမှပဲ ရွှေ့စိုက် လိုက်တဲ့ ဆံပင်အိမ်တွေ အမြစ်တွယ်ဖို့ အခွင့်အလမ်း ပိုများ လာမှာပါ။



Proceedings of the National Academy of Sciences ဂျာနယ်ထဲမှာ ထုတ်ပြန်ခဲ့တဲ့ သုတေသန တစ်ခုအရ Columbia University Medical Center မှပညာရှင်တွေ ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ ဆံပင်သား ပြန်ပေါက်ဖို့ ခိုင်မာတဲ့ နည်းလမ်း တစ်ခုကို ဖော်ထုတ် လိုက်နိုင်ပါပြီ။ ဆံပင်အိမ် တွေဟာ မှန်ကန်တဲ့ ဆဲလ်နဲ့ မော်လီကျူး ပတ်ဝန်းကျင် ရရှိရင် ဆံပင်ပြန် ပေါက်ဖို့ ဖြစ်နိုင်တာကို သိထား လေတော့ ဆံပင်အိမ် သာမက ဆက်စပ် နေတဲ့ အရေပြား အောက်လွှာက ဆဲလ်တွေ (Dermal papilla cells) ကိုပါ ရွှေ့ပြောင်း စိုက်ကြည့် လိုက်တာပါ။ အဓိက သော့ချက် ကတော့ ဆဲလ်တွေကို အလုံးလိုက် ကလေး ရွှေ့စိုက် ပေးရတာ ဖြစ်ပါတယ်။ ဒါမှ ဆဲလ်တစ်မျိုးနဲ့ တစ်မျိုး ချိတ်ဆက် သွယ်ပြီး ဆံပင်ပြန် ပေါက်ဖို့ လိုအပ်တဲ့ အချက် ပေးမှုတွေ ပြုလုပ်နိုင် မှာမို့ပါ။ ဒီနည်းလမ်းကို စမ်းသပ်ဖို့ရာ အလှူရှင် ခုနစ်ယောက်ရဲ့ အရေပြား အောက်လွှာ ဆဲလ်တွေကို ပွားများအောင် ဓာတ်ခွဲခန်း ထဲမှာ မွေးမြူ ပါတယ်။ ရက်အတန် ကြာတဲ့အခါ မွေးမြူ ထားတဲ့ ဒီဆဲလ် တွေကို လူ့အရေပြား နမူနာ ထဲက အပေါ်ယံ Epidermis အလွှာနဲ့ အောက်က Dermis အလွှာကြား ထဲကို ရွှေ့ပြောင်း ထည့်လိုက် ပါတယ်။ ပြီးနောက် ပြုပြင် ထားတဲ့ အရေပြားကို ကြွက်ရဲ့ ကျောပေါ်မှာ ပြောင်းကပ် လိုက်ပါတယ်။ ဒီအရေပြား နမူနာ ခုနစ်ခု ထဲက ငါးခုက ဆံပင်ပြန် ပေါက်ပြီး ရက်သတ္တပတ် ခြောက်ပတ် ကြာအောင် ရှိနေတာကို တွေ့ခဲ့ ကြပါတယ်။



ဆံပင်တွေဟာ တိုပြီး ဆံလုံး သေးနေပါ သေးတယ်။ ဒါပေမယ့် သူတို့ စိတ်အားတက် နေကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သုံးလိုက်တဲ့ အရေပြားက နဂိုက အမွေး လုံးဝမရှိတဲ့ ဖိုအင်္ဂါထိပ် အရေပြားဖြစ် နေလို့ပါပဲ။ အရေပြား ဖြတ်တဲ့ ကလေးငယ် တွေကနေ ရယူထားတာ ဖြစ်ပါတယ်။ တကယ်တော့ သူတို့ဟာ အမွေး လုံးဝ ပေါက်လေ့ မရှိတဲ့ ဆဲလ်တွေကို အမွေးပေါက် လာအောင် လုပ်လိုက် နိုင်လို့ပါပဲ။ "ဒါဟာ ဘာကို ပြတာလဲ ဆိုရင် လူ့အရေပြား အောက်က ခုံးလေးတွေ ရှိတဲ့ အလွှာ (Dermal papillae) ကဆဲလ် တွေဟာ စုစုစည်းစည်းနဲ့ဖြစ် နေအောင် ပြုပြင်ယူလို့ ရတယ် ဆိုတာပါပဲ။ လူ့အရေပြားမှာ ဆံပင် မွေးတွေ ပြန်ပေါက်ဖို့ လိုအပ်တဲ့ အခြေအနေ တွေကို ဖန်တီးယူလို့ ရနိုင်လာ ပါပြီ။" လို့သုတေသန အရာရှိ Claire A. Higgins ကသူ့လေ့လာမှုနဲ့ ပတ်သက်ပြီး ရှင်းတမ်းထုတ် ပြောကြား သွားပါတယ်။ ဒီအဖြေ တွေသာ တကယ် အသုံးပြုလို့ ရလောက်တယ် ဆိုရင် အမျိုးသားများ နဖူးပြောင်ခြင်း၊ အမျိုးသမီးများ ဆံပင် ပါးလျခြင်းနဲ့ ဆံပင်အိမ်တွေ ပါရှိတဲ့အရေ ပြားအပေါ်ယံလွှာ မီးလောင် ခံရတဲ့ လူနာတွေ အတွက် ဒီနည်းလမ်းကို အသုံးပြု ကုသနိုင်ဖို့ မျှော်မှန်းထား ကြပါတယ်။


Source: Time, Images from Digitalspy, Blogspot, Cancer

Author Tornado
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...