ကလေးငယ်များ ဉာဏ်ကောင်းစေမည့် အကောင်းဆုံးအစားအစာများ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgY9peEOj7WicbIok2IJnqOfnoCtw4n-EEGL4DQk8oc6jVjlzlQuzB6AOSvDK4KpII2xz2_3G9oj6tEiz7khldn1EMVSfbxWAFRTWyk55cHiLWkLrUZr9auk4vk4-LNS6WRYPG1Dz620PU/s320/images+(15).jpg)
အချို့အစားအစာတွေဟာ အစာကြေတာနဲ့ အဆီချေဖျက်တာလိုမျိုး ခန္ဓာကိုယ်လုပ်ငန်းတွေအတွက် အကောင်းဆုံးဖြစ်ပေမယ့် အချို့အစာတွေဟာ ဦးနှောက်အတွက် အလွန်ကောင်းမွန်ပါတယ်။ သင့်ရဲ့ ကလေးငယ်တွေကို အောက်ပါဦးနှောက်ဖွံ့ဖြိုးမူ ကောင်းစေတဲ့ အစာကျွေးတာကြောင့် သူတို့ရဲ့ ကျောင်းစာအပေါ် အာရုံစူးစိုက်မူပိုကောင်းကာ မှတ်ဉာဏ်တွေ ပိုမိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။
၁။ ဆာလမွန်ငါး
ဆာလမွန်ငါးမှာ Omega-3 Fatty Acid DHA နဲ့ EPA ပါဝင်ပြီး နှစ်မျိုးစလုံးဟာ ဦးနှောက်ဖွံ့ဖြိုးမူနဲ့ ဦးနှောက်လုပ်ငန်းဆောင်တာအတွက် လိုအပ်ပါတယ်။ သုတေသနပြုသူတွေက အဲဒီ Fatty Acids တွေ များများစားသုံးသူတွေဟာ ဉာဏ်အလွန်ကောင်းကြပြီး ဉာဏ်စွမ်းရည်ပြိုင်ပွဲမျာ ပိုမိုထူးချွန်ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။ တူနာငါးမှာ အသားဓာတ်များစွာပါဝင်ပေမယ့် ဆာလမွန်ငါးသေတ္တာလောက် Omege-3 မများဘူးလို့ သုတေသီတွေက ဆိုပါတယ်။
၂။ မြေပဲထောပတ်
သင့်ကလေးဟာ အချိုကြိုက်သူဖြစ်နေပါက မြေပဲထောပတ်မှာ ဗီတာမင်အီး အများအပြားပါဝင်ပါတယ်။ ဗီတာမင်အီးဟာ အာရုံကြောအမြှေးပါးတွေကို ကာကွယ်ပေးထားတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းဖြစ်ပါတယ်။ ဒါ့အပြင် မြေပဲမှာပါဝင်တဲ့ ဗီတာမင် B ဟာ ဦးနှောက်နဲ့ အာရုံကြောရဲ့ စွမ်းအင်အဖြစ် ဂလူးကိုစ့်ကို အသုံးပြုဖို့ ကူညီပါတယ်။
၃။ ကောက်နှံတစ်ခုလုံး
ဦးနှောက်လုပ်ငန်းအတွက် လိုအပ်တဲ့ဂလူးကိုစ့်ကို ကောက်နှံတစ်ခုလုံးမှ ရရှိနိုင်ပါတယ်။ အမျှင်ဓာတ်ဟာ ခန္ဓာကိုယ်အတွင်း ဂလူးကိုစ့်ထွက်ရှိလာဖို့ ထိန်းချုပ်ပေးလို့ပါ။ ဒါ့အပြင် ကောက်နှံတစ်ခုလုံးမှာပါဝင်တဲ့ ဗီတာမင်ဘီတွေဟာလည်း အာရုံကြောစနစ်ကျန်းမာဖို့ အာဟာရဖြစ်စေပါတယ်။
၎။ အုတ်စပါး
အုတ်စပါးဟာလည်း အမျှင်ဓာတ်များပါဝင်ပြီး ဦးနှောက်အတွက် အကောင်းဆုံးစွမ်းအင်ပေးနိုင်တာမို့ ကလေးတွေ နံနက်စောစောစားသုံးစသင့်တဲ့ အစာပါ။ ဒါ့အပြင် ဗီတာမင် E,B, ပိုတက်စီယမ်နဲ့ သွပ်ဓာတ်တွေပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေ အကောင်းဆုံးဖြစ်အောင် ကူညီနိုင်ပါ တယ်။
၅။ ဘယ်ရီ
ဘယ်ရီသီးမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းအများအပြားနဲ့ ဗီတာမင်တွေ ပါဝင်တဲ့အတွက် ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို နည်းစေပါတယ်။ လေ့လာမူတွေအရလည်း ဘလူးဘယ်ရီနဲ့ စတော်ဘယ်ရီသီးဟာ မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ဘယ်ရီသီးအစေ့တွေမှာ Omega-3 Fatty Acid တွေ အများအပြားပါဝင်ပါတယ်။ အရောင်ရင့်လေလေ၊ အာဟာရဓာတ် ပိုများလေလေပါ။
၆။ နွားနို့နှင့် ဒိန်ချဉ်
နွားနို့နဲ့ ဒိန်ချဉ်ဟာလည်း နံနက်စာအတွက် အကောင်းဆုံးအစားအစာပါ။ သူတို့မှာ ဦးနှောက်တစ်သျှူးနဲ့ အင်ဇိုင်းတွေကြီးထွားဖို့အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ ဗီတာမင်ဘီအများအပြား ပါဝင်လို့ပါ။
၇။ ပဲအမျိုးမျိုး
ပဲအမျိုးမျိုးမှာ ပါဝင်တဲ့ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်မျိုးစုံနဲ့ သတ္တုဓာတ်တွေမှ စွမ်းရည်တွေ ရရှိပါတယ်။ နေ့လယ်စာနဲ့ အတူတူစားရင် နေ့ခင်းပိုင်းမှာ စဉ်းစားနိုင်စွမ်းရည် အမြင့်ဆုံး ရရှိနိုင်ပါတယ်။
၈။ အရောင်စုံ ဟင်းသီးဟင်းရွက်များ
ဟင်းသီးဟင်းရွက်တွေဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအများအပြားပါဝင်တဲ့ အစားအစာတွေပါ။ အရောင်ပိုရင့်လေလေ၊ ဦးနှောက်နဲ့ အခြေားအင်္ဂါအတွက် အစွမ်းပိုထက်လေလေမို့ ခရမ်းချဉ်သီး၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ မုန်လာဥနီနဲ့ ဟင်းနုနယ်အစရှိတာတွေကို များများကျွေးပါ။
၉။ အမဲသား
အမဲသားမှာ ဦးနှောက်မှတ်ဉာဏ် စွမ်းအားကောင်းစေတဲ့ သွပ်ဓာတ်အများကြီးပါဝင်တဲ့အပြင် စုပ်ယူမူအားကောင်းတဲ့ သံဓာတ်လည်း များစွာပါဝင်တာကြောင့် ကလေးငယ်တွေအတွက် တစ်နေ့လုံး စွမ်းအင်ပြည့်ဝပြီး အာရုံစူးစိုက်မူ ကောင်းစေပါတယ်။ သုတေသနပြုသူတွေက အမဲသားကို နေ့စဉ်တစ်အောင်စလောက် စားတာလောက်နဲ့ တခြားအစားအစာမှ သံဓာတ်တွေကို ခန္ဓာကိုယ်မှ စုပ်ယူနိုင်အောင် ကူညီနိုင်ပါတယ်လို့ ဆိုပါတယ်။ သက်သတ်လွတ်စားသူတွေဟာလည်း ပဲအမျိုးမျိုးမှ သံဓာတ်ရရှိနိုင်ပေမယ့် အဲဒီသံဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူနိုင်ဖို့၊ ဗီတာမင်စီလိုအပ်တာကြောင့် ခရမ်းချဉ်သီး၊ လိမ္မောရည်နဲ့ ငရုတ်သီးတွေနဲ့ တွဲစားဖို့ လိုအပ်ပါတယ်။
၁၀။ ကြက်ဥ
ကြက်ဥမှာလည်း ပရိုတင်းဓာတ်အများအပြားပါဝင်ပြီး ကလေးတွေရဲ့ ဦးနှောက်စွမ်းအားကို တိုးတက်စေပါတယ်။ ကြက်ဥမျာ မှတ်ဉာဏ်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ကိုလင်းပါဝင်လို့ပါ။
(ဒေါက်တာခင်မိုးမိုး)