ရေမချိုးသည့်ရောဂါဖောင်းပွချိန်



ရေချိုးမှားလျှင် သေတတ်သတဲ့။ ရေမချိုးလို့ သေတဲ့သူမရှိဘူးတဲ့။

သည်လိုအမြဲပြောတတ်ကြသည်။ အညာမှအဆိုးဆုံး။ (စိတ်ဆိုးလည်း ပြောရမှာပါပဲ။)

ခုထိတော့ သေသည့်သူမရှိသေး။ အသည်းအသန် အသက်ကယ်လိုက်ရသူတွေတော့ နေ့တိုင်း ရှိနေကြပြီ။

ဆောင်းဝင်လာတာကိုး။

နဂိုကတည်းက ဖျားမှာကြောက်၍ ရေမချိုး၊ ဖျားနေ၍ ရေမချိုး၊ ဖျားပြီးခါစ ပိုရေမချိုးနှင့် ရေချိုးဖို့ ၀န်လေးသည့်အရပ်မှာ ဆောင်းဝင်လာတော့ ကလေးတွေ ရေမချိုးရက်က နှစ်ရက်ကနေ နှစ်ပတ်အထိ တက်လာရော။ အရေပြားပေါ်မှာ “ကြေး”မူန်ကလေးတွေက သာမန်မျက်စိဖြင့် မြင်နိုင်သည့် အဆင့်ရောက်လာရော။ ယားကြရော၊ ကုန်ကြရော။ အနာတွေ ပေါက်ရော။

အဲသည့်အနာကိုဖြစ်စေသည့်ပိုးကနောက် နှစ်ပတ်လောက်ကြာတော့ ကျောက်ကပ်ကို ရောင်စေသည်။

ရောင်နေသောကျောက်ကပ်က သွေးကိုတိုးစေသည်။ သွေးတိုးက နှလုံးကို အမောဖောက်စေသည်။ ဦးနှောက်ကို ထိခိုက်သည်။

သည်ရက်ထဲမှာတော့ သွေးတိုး၊ နှလုံးအမောဖောက်သူတွေ နေ့တိုင်းရောက်လာနေသည်။ သေတော့ မသေသေး။ဆေးကမီတာကိုး။ ဟိုးရွာစွန်ရွာဖျားတွေမှာ ဘာမသိ၊ ဘာမသိနှင့် သေသွားသူ တွေတော့ ရှိနိုင်သည်။

သတိရမိတာက ယူကေနိုင်ငံမှာ နှစ်နှစ်အလုပ်လုပ်စဉ်က နှစ်နှစ်လုံးမှာ ဒါမျိုးတစ်ယောက်သာ တွေ့ဖူးခဲ့ သည်ကိုပါ။

အင်္ဂလိပ်တွေလည်း နေ့တိုင်းရေမချိုးပါ။ သို့သော် သုညဒီဂရိစင်တီဂရိတ်က လူရေမချိုးတော့ ကြေးက သိပ်မတက်။ ဆောင်းတွင်းတောင် နေ့ခင်း ၃၀ဒီဂရီစင်တီဂရိတ်ကျော်နေသည့်မြို့က ကလေးတွေ ရေမချိုးတော့ ဖြစ်ရောပေါ့။

ကြောက်ရင်လည်း ရေနွေးစပ်ချိုးပေါ့။

သည်လိုဆူတော့လည်း မျက်လုံးကလေးတွေက ပေကလတ်၊ ပေကလတ်၊ မီး၊ ထင်းအဆင်မပြေကြဘူး လားမသိ။

ဒေါက်တာရဲတို့ကတော့ သွေးတိုးရောဂါကြီးနှင့် နေ့လည်းချီုး၊ ညလည်းချိုး။

မယုံပေါင်ဗျာ။

ရေချိုးမှားမှ သေတတ်သည်။ ရေမချိုးလျှင် မသေဆိုတာ။

အစွန်းရောက်လျှင် ဘာမှမကောင်းပါ။ ရေမချိုးလျှင်လည်း ကျောက်ကပ်ရောင်ကာ အသက်ကို ဒုက္ခပေးတတ်ပါသည်။

အေးနေတုန်း ရေအေးနှင့် စိမ်ချိုးလျှင်လည်း အဆုတ်ကို ဒုက္ခပေးတတ်ပါသည်။ အနေတော်တော့ ချိုးကြမှပေါ့။

မေတ္တာမွန်ဖြင့် ...
(ကလေးအထူးကုဆရာဝန် ဒေါက်တာရဲ)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...