ကန်းဇော်ပင်အကြောင်း သိကောင်းစရာ



ကျွန်မ ပန်းကဗျာနဲ့ မေ16 ပြီးခဲ့တဲ့ သင်္ကြန်ရုံးပိတ်ရက်မှာ တရားစခန်းဝင်ခဲ့ပါတယ်. . . . တရားစခန်းမှာ ပထမပိုင်း ရက်တွေမှာတော့ တရားထိုင်ချိန်တွေ ဆက်တိုက်နဲ့ ညတရားပွဲပြီးတာနဲ့ ကျွန်မတို့ သူငယ်ချင်းတွေ. ဘာမှ မလုပ်နိုင်ပဲ အိပ်ရာထဲ ရောက်သွားတာပါပဲ. . . တရားစခန်းနောက်ဆုံးနေ့ ညမှာတော့ တရားစခန်းက အဆောင် အသီးသီးမှာ ဓမ္မမိတ်ဆွေတွေ အားလုံးက မတိုင်ပင်ပဲနဲ့. . . ဟိုတစ်စု ဒီတစ်စု နဲ့ စကားဝိုင်းတွေ ဖွဲ့ဖြစ်ခဲ့တာပေါ. . .

ကျွန်မတို့နေတဲ့ အဆောင်မှာပဲ ပုသိမ်တက္ကသိုလ် ၊ရုက္ခဗေဒ ဌာနက မမိုးမိုးလွင်ဆိုတဲ့ အမတစ်ယောက်နဲ့ စကားတွေ ပြောဖြစ်ရင်း ခုတစ်လောအဖြစ်များနေတဲ့ ကင်ဆာရောဂါ၊ လေဖြတ်ရောဂါတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ် . . . အဲဒီအမ က ထားဝယ်သူပါ. . . သူက ပုသိမ်တက္ကသိုလ်မှာ တာဝန်လာကျတာပါ. . . အမ က သူတို့ ထားဝယ်ဖက်မှာ ပေါက်တဲ့ ကန်းဇော်ပင်အကြောင်းကို ပြောပြခဲ့ပါတယ် သူကိုယ် တိုင် သူ့ရဲ့ စာတမ်း (Thesis) ကို ကန်းဇော်ဆီနဲ့ စမ်းသပ်ပြီး Ph.D အတွက် စာတမ်းတင်ခဲ့တယ်လို့ပြောပြခဲ့ပါတယ်. . . . အဲဒီအကြောင်းကို မမိုးမိုးလွင်က 2009-2010 ပုသိမ်တက္ကသိုလ် မဂ္ဂဇင်းမှာ ရေးသား ထားတယ် လို့ ကျွန်တို့ကိုပြောပြပါတယ် . . ကျွန်မလည်း မမိုးမိုးလွင်ကို ကန်းဇော်ဆီအကြောင်းကို ကျွန်မတို့ ဘလော့ဂ်မှာ ဖော်ပြချင်လို့ ခွင့်တောင်းခဲ့ပါတယ် အမက လည်း ခွင့်ပြုခဲ့ပါတယ်. . . .

တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်၏ မြောက်ဘက် (၁၇) မိုင်အကွာ ထားဝယ်-ရန်ကုန်သွား ကားလမ်းမကြီးဘေးတွင် ရှိသော ရေဖြူမြို့နယ်၊ မြွေရိုးကျေးရွာ၊ မာန်သင်းတောင်ပေါ်တွင် ပေါက်ရောက်လျှက်ရှီသော ကန်းဇော်ပင် လူသိထင်ရှားပြီး ဒေသခံပြည်သူများက ၄င်းအပင်၏အသီးအတွင်းရှိ အစေ့မှထွက်သော အဆီသည် အဓိကပစ္စည်းအဖြစ်ပါဝင်၍ ၄င်းအဆီကို မြန်မာတိုင်းရင်းဆေးမြီးတိုအဖြစ် (Remedy in traditional Medicine) ကင်ဆာနှင့် အခြားရောဂါ အမျိုးအမျိုးအတွက် သောက်ဆေး၊လိမ်းဆေးအဖြစ် အသုံးပြုနေသည်ကို လေ့လာတွေ့ရှိရပါသည်. .

ထားဝယ်မြို့၏ အနောက်ဘက် (၁၇) မိုင်အကွာ လောင်းလုံမြို့နယ်၊ ညင်းထွေးကျေးရွာတွင်လည်း ၄င်းအပင်၏ အသီးအတွင်းရှိ အစေ့မှ ထွက်သော ကန်းဇော်ဆီကို တိုင်းရင်းဆေးအဖြစ် သုံးစွဲလျက်ရှိသည်ကို လေ့လာတွေ့ရှိ ရပါသည်. . ၄င်းမြို့နယ် (၂)ခုတွင် ပေါက်ရောက်သော ကန်းဇော်ပင်မှာ အပင်ကြီးမျိုးဖြစ်၍ အပင်၏သက်တမ်းမှာ နှစ်(၁၀၀) ခန့်ကြာမြင့်နိုင်ပါသည်. . အပင်၏အမြင့်မှာ ပေ(၁၀၀) ကျော်ရှိသော်လည်း အသီးနှင့်အပွင့်တို့၏ အရွယ်အစားမှာ ရေမြေအနေအထား ( Adaptation) အရ ကွာခြားချက်အနည်းငယ်ရှိ သည်ကို တွေ့ရှိရပါသည်. . .

သို့သော ၄င်းအစေ့မှထွက်သော အဆီ(Oil) ၏အကျိုးအာနိသင်မှာ တူညီကြောင်းကို စမ်းသပ်တွေ့ရှိရပါသည် . . ကန်းဇော်ပင်သည် (၅)နှစ်သား အရွယ်တွင် လုံးပတ် အရွယ်အစားမှာ (၂ပေခွဲမှ ၃ပေ) ရှိမှသာ အသီးစတင် သီးလေ့ရှိကြောင်းကို သိရှိရပါသည်. . ထို့အတူ နှစ်(၁၀၀) ခန့်ရှိ၍ ပေ(၁၀၀) ကျော်မြင့်သော ပင်စည်၏ လုံးပတ် အရွယ်အစားမှာ (၆ပေမှ၇ပေ)ခန့်ရှိ၍ အသီးများ ဝေေ၀ဆာဆာ သီးကြောင်း တွေ့ရှိခဲ့ပါသည်. .

၎င်းအပင်ကိုရေဖြူမြို့နယ်တွင် ကန်းဇော်အမည် တစ်မျိုးတည်းခေါ်သော်လည်း လောင်းလုံမြို့နယ်တွင် ၄င်းကို ကန်းဇော်၊ တောင်မင်းဂွတ်၊ သစ်ကြမ်းပိုး ဟု အမည် အမျိုးမျိုးဖြင့် ခေါ်ဆိုကြပါသည်. . .. အကြောင်းမှာ ၄င်းအဆီ၏ အနံ့သည် ကြမ်းပိုးအနံ့ရှိသောကြောင့် ဖြစ်ပါသည်. . . ၄င်းမြို့နယ်တွင် အပင်တစ်ပင်၏တန်ဖိုးမှာ ကျပ် တစ်သိန်းခန့်ရှိပါသည်. . ကန်းဇော်ပင်၏အသားသည် နီညိုရောင်ရှိ၍ သစ်မာအမျိုးအစားဖြစ်ပါသည်. . အပင်တစ်ပင်လျှင် အိမ်တစ်လုံးခန့်ဆောက်လုပ်နိုင်ပါသည်. . . ကန်းဇော်ပင်၏ ပင်စည်အပိုင်းအစများကို ၄င်းရွာများတွင် ဘုရားဆင်းတုအဖြစ် ထုလုပ်ကိုးကွယ်ကြပါသည်..

ကန်းဇော်ပွင့်၏ အရွယ်အစားမှာ (၁.၅) စီတီမီတာခန့်ရှိ၍ အရောင်မှာ နို့နှစ်ရောင် (Cream Color) ရှိပြီး အသီး၏ ပုံသဏ္ဍာန်မှာ ခရေသီးနှင့်တူ၍ အသီးအတွင်းအစေ့မှာ မြေပဲဆန်နှင့် ပုံသဏ္ဍာန် တူသည်ကို လေ့လာတွေ့ရှိရါသည်. . . ၄င်းအစေ့ကို အမှုန့်ကြိတ်၍ ကန်းဇော်ဆီကို ထုတ်လုပ်ရောင်းချ ကြောင်းသိရှိရပါသည်. . ၄င်းအသီးတစ်တင်းကို ထုခွဲလျှင် အစေ့ (၄) ပြည်သာ ရရှိပြီး ၊ ၄င်းအသီး၏အခွံမှာ မာကြောသောကြောင့် တူနှင့်ထုခွဲရပါသည်. . ၄င်းအပင်၏ မြေပေါ်ပိုင်း (Vegetative) နှင့် မျိုးပွားသည့်အပိုင်း (Reproductive) များ၏ လက္ခဏာများအရ ၄င်းအပင်သည် မျိုးရင်း (Family) Sapotaceae တွင် ပါဝင်ပြီး မျိုးစု (Genus) Payena၊ မျိုးစိတ် (Species) Paralleloneura ဖြစ်ပါသည်. .

ထးဝယ်မြို့နယ်နှင့် အနီးတ၀ိုက်တွင် ပေါက်ရောက်သော ကန်းဇော်ပင် အမျိုးအစားမှာ ကုန်းပေါ်တွင်သာ ပေါက်ရောက်သောကြောင့် ကုန်းကန်းဇော် အမျိုးအစားဖြစ်ပါသည်. . . မြိတ်မြို့နယ်နှင့် အနီးပတ်ဝန်းကျင် တ၀ိုက်တွင် ပေါက်ရောက်သော ကန်းဇော်ပင်များမှာ ရေစပ်စပ်တွင် ပေါက်ရောက်သဖြင့် ရေ ကမ်းဇော် အမျိုးအစားဖြစ်ပါသည်. . . . ကုန်းကန်းဇော်နှင့် ရေကန်းဇော်ပင်တို့ အရွက်၊ အပွင့်နှင့် အသီး၏ ပုံသဏ္ဍာန်များမှာ ရေမြေအနေအထား အရ ခြားနားသော်လည်း ထွက်ရှိလာသော အဆီ၊ အနံ့နှင့် အကျိုးအားနိသင်မှာ အတူတူပင်ဖြစ်ပါသည်. . .

ကန်းဇော်ပင်၏ အရွက်၊ ပင်စည်၊ အခေါက် နှင့် အစေ့များကို Solvents အမျိုးမျိုးဖြင့် Extractsဲပြုလုပ်၍ ရရှိလာသော Extracts များနှင့် ကန်းဇော်ဆီကို အပူလောင်ခြင်း ၊ နို့်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ အစာအိမ်အနာ ၊ လေဖြတ်ရေဂါ၊ အဆုတ်ပြွန်ရောင်ရမ်းခြင်း၊ အင်ပြင်၊ ရင်ဘတ်အောင့်နာဒဏ်ရာ ၊ အနာစိမ်း၊ ဖျားနာရောဂါ၊ ၀မ်းလျှောခြင်း၊ ၀မ်းကိုက်ခြင်း၊ ပြည်တည်နာ၊ နာတာရှည် အဆုတ်ရောဂါ နှင့်ဆီးလမ်းကြောင့်ရောဂါ များဖြစ်စေသော ဘက်တီးရီးယားများနှင့် စမ်းသပ်သောအခါ အစိတ်အပိုင်းအားလုံးတွင် အကျိုးအာနိသင့်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်.

သို့သော်အစေ့နှင့် ကန်းဇော်ဆီတွင် အခြားသော အစိတ်အပိုင်းများထက်ပို၍ အကျိုးအာနိသင်ရှိကြောင်း ကို စမ်းသပ် လေ့လာတွေ့ရှိရပါသည်. . . ၄င်းကန်းဇော်ဆီနှင့် ကန်းဇော်စေ့မှ ထုတ်သော Watery Extracts များကို ကြွက်ဖြူ များနှင့် အဆိပ်ရှိမရှိ စမ်းသပ်ရာတွေ အဆီအား (40ml/kg) (Water extract(14gm/kg) ဆေး Dose ဖြင့်တိုက်သော်လည်း ကြွက်ဖြူများ သေဆုံးခြင်း မရှိသည်ကို လေ့လာတွေ့ရှိရပါသည်. . . ထို့ကြောင့် ကန်းဇော်စေ့နှင့် ကန်းဇော်ဆီ စစ်စစ်ကိုသာ ရရှိခဲ့လျှင် ကင်ဆာနှင့် အခြားရောဂါအမျိုးမျိုးအတွက် စိတ်ချလက်ချ သောက်သုံးနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါ သည်. .

၎င်းကန်းဇော်ဆီတွင် ဘေးထွက်ဆိုးကျိုး (Side Effect) များ သိရှိရန်အတွက် ရည်ရွယ်၍ ၄င်းအပင်၏ ပြင်ပရုပ်သွယ် ၊ အတွင်းသဏ္ဍာန် ၊ ဓာတုဗေဒပစ္စည်းများ ၊ ကြွက်ဖြူများနှင့် အဆိပ်စမ်းသပ်ခြင်း၊ အစာအိမ်အနာ စမ်းသပ်ခြင်း နှင့် အစာအိမ်အနာဖြစ်သောအခါ ၄င်းအစာအိမ်မှ Acid မည်မျှထွက်သည်ကို တွက်ချက်ခြင်း၊ ၄င်းအစေ့ထဲတွင် မည်သည့် ဒြပ်ပေါင်း များပါင်နေကြောင့် သိရှိရန်အတွက် . . လေ့လာ၊ ကွင်းဆင်း၊ စမ်းသပ်သုတေသန ပြုလုပ်ခဲ့ပါသည်. . .

အခွင့်အခါသင့်လျှင်လည်း မြန်မာပြည်သူ၊ ပြည်သားများအားလုံးအတွက် ရည်ရွယ်၍ ကင်ဆာနှင့် ရောဂါ အမျိုးမျိုး ပျောက်ကင်းစေရန်အတွက် ထပ်မံ စမ်းသပ်ချက်များ ပြုလုပ်ချင်ပါသည်. . . . ၄င်းလေ့လာတွေ့ရှိချက်များအရ ၄င်းကန်းဇော်ဆီအားမြန်မာတိုင်းရင်း ဆေးအနေနှင့် လိမ်းဆေး၊ သောက်ဆေး အဖြစ် သုံးစွဲနိုင်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်. .

ဒေါက်တာမိုးမိုးလွင်
လက်ထောက်ကထိက
ပုသိမ်တက္ကသိုလ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...