အဆစ်ရောင်နာ သက်သာစေမည့် အစားအစာများ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb4mGcC5E4JSkWv2pAYggMZVh0R99n0TDngIfrEFhOCK-eT03VOCHYqUR766XvT30zxHjvGhOGwiAnpLxOpMYwdwVulK0nzJ1N-ESOa2AXxZufcPkxtCpTXZjp5vZb4gTDzDns-hirpvbR/s320/183571_212452358886282_1352104742_n.jpg)
သင့်မှာ အဆစ်ရောင်ရောဂါရှိနေရင် အကိုက်အခဲပျောက်ဆေးတွေ သောက်ရတော့မယ်လို့ပဲ သင်ထင်မြင်မိမှာပါ။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းမှ လေ့လာမူတွေအများအပြားအရ အစားအသောက်နဲ့ အဆစ်ရောင်ရောဂါ လက္ခဏာတွေကို သက်သာအောင် ပြုလုပ်နိုင်တယ်လို့ သိလာရပါပြီ။ အကိုက်အခဲပျောက်ဆေးတွေ တာရှည်သောက်ရတာကြောင့် သွေးပေါင်ချိန်တတ်တာနဲ့ အစာအိမ်အနာ ဖြစ်နိုင်ခြေ ၁၅-ရာခိုင်နူန်းလောက် မြင့်တက်နိုင်တာလိုမျိုး ဆိုးကျိုးတွေရရှိလာနိုင်ပါတယ်။ အစားအသောက်ကို ဆင်ခြင်နိုင်ရင် အဆစ်ရောင်နာဝေဒနာဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာ လာနိုင်ပါတယ်။
ခန္ဓာကိုယ်ရဲ့ ဓာတုပစ္စည်းတွေကို ထိန်းညှိပါ
သင့်အဆစ်ရောင်နာသက်သာဖို့ သင်ရဲ့ Prostagladin နှစ်မျိုးကို ထိန်းညှိဖို့လိုအပ်ပါတယ်။ Prostagladin တစ်မျိုးက ရောင်ရမ်းမူလျှော့ချနိုင်ပြီး နောက်တစ်မျိုးက ရောင်ရမ်းမူပိုဆိုးစေတာပါ။ သင့်ကို ဒုက္ခပေးတဲ့ Prostagladin ကို EPA (Eicosapentaenoic Acid) နဲ့ လျှော့ချရပါမယ်။ EPA ဆိုတာဟာ အဆီများတဲ့ ငါးနဲ့ ရေသတ္တ၀ါတွေမှာ တွေ့ရှိနိုင်တဲ့ Omega-3 Fatty Acid ပါ။
ဒါကြောင့် Omega-3 Fatty Acids ပါဝင်တဲ့ အောက်ပါအစာတွေ စားပါ။ Omega-3 Fatty Acid ဟာ ရောင်ရမ်းမူလျော့ကျစေတာသာမက နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေများစေတဲ့ သွေးကြောတွင်း သွေးခဲဖတ်တွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ နေ့စဉ် EPA သုံးဂရမ်ရရှိအောင် စားပေးပါ။
- ဆလမွန်၊ ငါးသလောက်၊ ငါးကွမ်းရှပ်၊ တူနာငါးတွေမှာ Omega-3 Fatty Acid အများအပြားပါဝင်တဲ့အတွက် များများစားပါ။
- ဆေးဆိုင်ပေါ်မှာ ရောင်းတဲ့ Fish Oil Capsule ကို ၀ယ်သောက်ပါ။
- Flax Seed Oil – Flax Sedd ကို ခန္ဓာကိုယ်က EPA အဖြစ် ပြောင်းလဲနိုင်ပါတယ်။ Flax Seed အဆီထမင်းစား ဇွန်းကြီးတစ်ဇွန်း ဒါမှမဟုတ် ဆေးလုံးသုံးလုံးဟာ EPA Capsule တစ်ဂရမ်နဲ့ ညီမျှပါတယ်။
အစားအသောက်နည်းလမ်း
- ဟင်းသီးဟင်းရွက် များများစားပါ။ ဒါပေမဲ့ ငါးဟင်းကို အကန့်အသတ်မရှိစားပါ။
- ကြက်သား (အရေခွံခွာပြီး) အသင့်အတင့်စားပါ။
- အသားတွေကို တတ်နိုင်သမျှရှောင်ပါ။ ၀က်သား၊ အမဲသား၊ ဆိတ်သားတွေကို တစ်လတစ်ကြိမ်ထက် ပိုမစားပါနဲ့။
- ကြက်ဥအကာသာစားပါ။ အဆီမပါတဲ့ နွားနို့သာသောက်ပါ။
- တိုဟူးလိုမျိုး ဟင်းသီးဟင်းရွက်မှရတဲ့ ပရိုတင်းစားပါ။
- နေ့စဉ် ဆာလမွန်ငါးတစ်ကြိမ် ပါဝင်အောင်စားပါ။
သတိပြုရန်
ခရမ်းချဉ်သီး၊ အာလူး၊ ခရမ်းသီးနဲ့ ငရုတ်သီးတွေဟာ လူအများစုမှာ ရောင်ရမ်းမူကို ဖြစ်စေနိုင်ပါတယ်။
ခန္ဓာကိုယ်အလေးချိန် ထိန်းပါ
ခန္ဓာကိုယ်အလေးချိန်တိုးလာတာကြောင့် အဆစ်ရောင်နာပိုဆိုးလာတတ်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းထားရတဲ့ ဒူးဆစ်နဲ့ တင်ပဆုံအဆစ်တွေ သာမက လက်ဆစ်တွေပါ ပိုနာလာတတ်တာမို့ ခန္ဓာကိုယ် အလေးချိန်လျှော့ချပါ။
ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်ပိုစားပါ
နေ့စဉ် ဗီတာမင်စီ ၅၀၀မီလီဂရမ်နဲ့ ဗီတာမင်မျိုးစုံပါဝင်တဲ့ အားဆေးစားပေးပါ။ အနီရောင်၊ လိမ္မော်ရောင်နဲ့ အ၀ါရောင်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ်စားပါ။
တချို့ အစားအစာတွေမှ အဆစ်ရောင်တာ ပိုဆိုးစေတဲ့ ပစ္စည်းတွေ ထွက်ရှိလာတတ်တာမို့ အဲ့ဒီပစ္စည်းတွေ ခန္ဓာကိုယ်မှ မြန်မြန်ထွက်ရှိအောင် အမျှင်ဓာတ်လုံလုံလောက်လောက်စားပေးပါ။ အမျှင်ဓာတ် များများစားသလို ရေများများသောက်ဖို့လည်း လိုအပ်ပါတယ်။
ဘူးသီးကြော်၊ စမူဆာလိုမျိုး ဆီကြော်စာတွေ မစားပါနဲ့။ ဟင်းချက်ရာမှာ သံလွင်ဆီ ဒါမှမဟုတ် Canola Oil ဟာ အဆစ်ရောင်နာအတွက် အကောင်းဆုံးပါ။ မြေပဲဆီနဲ့ ပဲပိစပ်ဆီကို အသုံးပြုနိုင်ပေမယ့် ပြောင်းဖူးဆီ (Corn Oil) ဟာ အဆစ်ရောင်နာကို ပိုမိုဆိုးရွားစေတာမို့ အသုံးမပြုသင့်ပါ။
(ဒေါက်တာခင်မိုးမိုး)