လူအုပ်ထဲတွင် အန္တရာယ်ကင်းစေရန်



တေးဂီတဖျော်ဖြေပွဲ၊ ဘောလုံးပွဲ၊ တန်ဆောင်တိုင်မီးပုံးပျံပွဲ၊ လူထုအစည်းအဝေးပွဲစတဲ့ လူစည်ကားလွန်းတဲ့ နေရာတွေကို သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ကင်းအောင် ဂရုစိုက်သင့်တဲ့ အချက်တွေ ရှိပါတယ်။ ဘယ်အားကစားအသင်းက နိုင်သွားလဲ၊ ဘယ်သူက ပန်းဝင်သွားလဲ၊ စင်မြင့်ထက်မှာ ဘယ်သူက ပြောနေသလဲ စသဖြင့် တစ်ခုခုကို အာရုံစူးစိုက်ပြီး ဇောကပ်နေချိန်မှာ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် တိုးဝှေ့တာ၊ တွန်းမိတာ၊ တိုက်မိတာတွေကြောင့် မတော်တဆ ထိခိုက်မူတွေ ဖြစ်နိုင်တဲ့ အန္တရာယ် ရှိပါတယ်။ နေရာမလပ် ပြည့်သိပ်ကျပ်ညပ်နေအောင် များပြားလွန်းတဲ့ လူအုပ်ကြီးက ပြုံတိုးနေတဲ့အခါ မတော်တဆလဲကျသွားရင် မလွှဲမရှောင်သာ တက်နင်းမိတတ် ကြတာကြောင့် အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် လူအုပ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ကင်းအောင် ဆောင်ရွက်သင့်တဲ့ အကြံပြုချက်တွေကို ဖော်ပြလိုက်ပါတယ်။

စောစောသွားပါ
ပွဲမကျင်းပခင် အချိန်စောစောကြိုသွားရင် ကိုယ့်အတွက် အဆင်ပြေမယ့်နေရာကို ရွေးချယ်နိုင်ပါ လိမ့်မယ်။ ပွဲကျင်းပရာနေရာရဲ့ အနေအထားနဲ့ အပြင်အဆင်တွေကိုလည်း လေ့လာနိုင်ပါတယ်။ ခန်းမတွင်းမှာ ကျင်းပတဲ့ပွဲမျိုးဆိုရင် အပြင်ထွက်နိုင်တဲ့ တံခါးပေါက်တွေက ဘယ်နေရာတွေမှာ ရှိသလဲဆိုတာ လေ့လာပါ။ အဓိက၀င်ပေါက်၊ ထွက်ပေါက်အပြင် အရေးပေါ်ထွက်ပေါက်ရှိတဲ့ နေရာတွေကိုပါ လေ့လာပါ။ အပြင်မှာ ကျင်းပတဲ့ပွဲမျိုးဆိုရင်လည်း ကွင်းအနေအထား၊ လမ်းအနေအထား စတာတွေကို လေ့လာပါ။ ဆေးအဖွဲ့တွေ၊ ပွဲစီစဉ်တဲ့ တာဝန်ရှိသူတွေ၊ လုံခြုံရေး တာဝန်ရှိသူတွေရှိတဲ့ နေရာကိုလည်း ကြိုတင်လေ့လာထားပါ။

ကြိုတင်ချိန်းဆိုထားပါ
သင်ဟာ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ အတူလာရင် လူကွဲသွားတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ဖုန်းနဲ့အဆက်အသွယ်လုပ်နိုင်အောင် စီစဉ်ထားပါ။ ဒါမှမဟုတ် လူကွဲသွားရင် ဘယ်နေရာမှာ ပြန်ဆုံမယ်ဆိုတာမျိုးကို တိတိကျကျ ကြိုတင်ချိန်းဆိုထားပါ။ လူကွဲသွားရင် ပြန်ဆုံမယ့်နေရာကို နှစ်နေရာ သတ်မှတ်ထားသင့်ပါတယ်။ ခန်းမတွင်း တစ်နေရာနဲ့ ခန်းမအပြင်ဘက် တစ်နေရာမှာပါ။

မြေပြင်အနေအထားကို သတိထားပါ
လဟာပြင်မှာကျင်းပတဲ့ ပွဲမျိုးဆိုရင် မြေပြင်အနေအထားကို သတိထားပါ။ မညီညာတဲ့မြေပြင်နဲ့ မြက်ပင်တွေထူတဲ့ နေရာမျိုးဆိုရင် အလွယ်တကူ ချော်လဲနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ လူတွေပြည့်ကျပ် ထူထပ်လွန်းတဲ့နေရာမှာ ချော်လဲတာက အန္တရာယ်များတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ချော်မလဲအောင် မြေပြင်ကို ဂရုစိုက်ပြီး ခြေလှမ်းပါ။

စင်မြင့်အနီးမှာ မရပ်ပါနှင့်
ယာယီတည်ဆောက်ထားတဲ့ စင်တွေ၊ ခုံအမြင့်တွေအနားမှာ မတ်တတ်ရပ်နေတာမျိုးကို ရှောင်ပါ။ ယာယီတည်ဆောက်ထားတာဖြစ်တဲ့အတွက် လူအများရဲ့ အလေးချိန်ကိုမခံနိုင်လို့ စင်ကျိုးကျတာ မျိုးတွေ ဖြစ်နိုင်တာကြောင့် ဖြစ်ပါတယ်။

အလိုက်သင့်ရွှေ့ပါ
လူအုပ်က များပြားလွန်းပြီး ဦးတည်ချက်တစ်ခုနဲ့ တိုးဝှေ့သွားနေကြတဲ့အခါ လူအုပ်ရဲ့ ဆန့်ကျင်ဘက်လားရာကို တိုးထွက်ဖို့ မကြိုးစားပါနဲ့။ ဆန့်ကျင်ဘက်ကိုသွားရင် လူပိုတိုးရပြီး ပိုမိုခက်ခဲပါလိမ့်မယ်။ တကယ်လို့ လူအုပ်သွားတဲ့ဘက်နဲ့ ဆန့်ကျင်ဘက်ကိုထွက်ချင်ရင် လူအုပ်နဲ့ အလိုက်သင့်ရွေ့ပြီးမှ ဘေးဘက်ကို တဖြည်းဖြည်းရွှေ့သွားပါ။ အများအားဖြင့် လူအုပ်ရဲ့ ဘေးဘက်ကနေ အပြင်ကို ထွက်ရတာက ပိုမိုလွယ်ကူတတ်ပါတယ်။ အဖော်ပါရင် ရှေ့နောက်သွားပြီး လက်တွဲထားပါ။ လူအုပ်က သင့်ကို တိုးတိုက်မိလို့ ဟန်ချက်ပျက်ပြီး လဲကျသွားရင် လူအုပ်ကြီး ဦးတည်ရွေ့လျားနေတဲ့ဘက်ကို တွားသွားဖို့ကြိုးစားရင်း တတ်နိုင်သမျှ မြန်မြန် ဟန်ချက်ပြန်ထိန်းပြီး မတ်တတ်ပြန်ရပ်ပါ။ တိုးဝှေ့တာတွေ၊ တွန်းတိုက်တာတွေ မလုပ်ပါနဲ့။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ။

ကလေးကို ခေါ်မသွားပါနှင့်
လူထူထပ်များပြားလွန်းတဲ့ နေရာကို တတ်နိုင်သမျှ ကလေးတွေ ခေါ်မသွားပါနဲ့။ လူအုပ်ကြီး တိုးမိ၊ တိုက်မိတာက ကလေးတွေအတွက် ပိုအန္တရာယ်များတာကြောင့်ပါ။

ပိုက်ဆံကို လိုအပ်သလောက်သာ ထည့်သွားပါ
ပွဲသွားဖို့အတွက် လိုအပ်သလောက် ပိုက်ဆံကိုသာ အိတ်ထဲထည့်သွားပါ။ လူများလွန်းတဲ့နေရာမှာ ခါးပိုက်နိုက်တွေရဲ့ အန္တရာယ်ရှိပါတယ်။ လူအုပ်ထဲမှာ တိုးဝှေ့သွားနေစဉ် ပိုက်ဆံအိတ်ကိုလည်း ဂရုစိုက်ပါ။

အလွယ်တကူစားနိုင်တဲ့ စားစရာ ယူသွားပါ
အဆာပြေစားစရာ မုန့်အနည်းငယ်နဲ့ ရေဘူးကို ယူသွားပါ။ ပွဲလမ်းသဘင်တွေမှာ မုန့်ပဲသရေစာ ရောင်းသူတွေက အများအားဖြင့် ပုံမှန်ထက် ဈေးတင်ရောင်း တတ်ပါတယ်။ ဒါမှမဟုတ် ရောင်းချနေတဲ့ မုန့်တွေက မသန့်ရှင်းတာမျိုး ကျန်းမာရေးနဲ့ မညီညွတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဈေးသည် မရှိတဲ့နေရာလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် စားစရာနဲ့ ရေဘူးဆောင်သွားတာ မမှားပါဘူး။ အနည်းဆုံးတော့ သကြားလုံးလေးတွေ ဆောင်သွားရင်တောင် အဆာလွန်ပြီး သွေးတွင်း သကြားဓာတ်ကျဆင်းတာကြောင့် မူးဝေတာမျိုးမဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။

လက်ဆေးတဲ့ ဂျဲလ်ယူသွားပါ
ရေမလိုဘဲ လက်ကိုသန့်စင်စေတဲ့ Hand Sanitizer ဘူးသေးလေးတစ်ဘူးဆောင်ထားပါ။ အစာမစားခင် ဒါမှမဟုတ် သင့်လက်တွေ ညစ်ပတ်နေတယ်လို့ ထင်တဲ့အခါတိုင်း အလွယ်တကူ လက်ဆေးနိုင်ပါလိမ့်မယ်။

နားဆို့ ဆောင်ထားပါ
တေးဂီတဖျော်ဖြေပွဲ့တွေမှာအသံတွေ ဆူလွန်းတဲ့အခါ ဒါမှမဟုတ် သင်ဟာ စပီကာရှေ့မှာ ရောက်နေတဲ့အခါ ဆူညံလွန်းတဲ့အသံက သင့်နားတွေကို ဒုက္ခပေးပါလိမ့်မယ်။ ဒါကြောင့် သင့်အိတ်ထဲမှာ နားဆို့ (Earplug) တစ်ခု ဆောင်သွားပြီး လိုအပ်ရင် နားထဲထည့်ထားလိုက်ပါ။ မရှိရင်တော့ တစ်သျှူးကိုသာ ခပ်ထူထူလေးလုံးပြီး နားအ၀မှာ ထည့်ထားလိုက်ပါ။

ချွတ်ရလွယ်တဲ့ အပေါ်အင်္ကျီ ယူသွားပါ
အများအားဖြင့် လူအုပ်ထဲမျာ အပူချိန်မြင့်ပြီး ပူအိုက်နေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ လိုအပ်ရင် အပေါ်ဝတ်အင်္ကျီကို ချွတ်ပစ်နိုင်ပါတယ်။ ဒါပေမဲ့ ချမ်းအေးတဲ့ဆောင်းညမှာ လဟာပြင်မှာ ကျင်းပတဲ့ တေးဂီတဖျော်ဖြေပွဲမျိုးဆိုရင်တော့ အနွေးထည် လိုအပ်နိုင်ပါတယ်။ ဒါမှမဟုတ် နေပူနေပြီး ထီးဆောင်းလို့ အဆင်မပြေတဲ့ လူအုပ်ထဲမှာဆိုရင် အပေါ်ဝတ်အင်္ကျီကို ခေါင်းနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း လုံအောင် ခြုံထားလို့ရပါသေးတယ်။

စောစောကြိုထွက်ပါ
ပွဲမပြီးခင် ပွဲပြီးခါနီးအချိန်မှာ အပြင်ကို စောစောကြိုထွက်နိုင်ရင် ပိုကောင်းပါတယ်။ ပွဲမပြီးခင် ပြန်လာတဲ့အတွက် နောက်ဆုံးဖျော်ဖြေမူကို မကြည့်ရတော့ပေမယ့် လူမတိုးရတော့တဲ့အတွက် အပြင်ကို ထွက်ရတာ ပိုမိုလွယ်ကူပြီး ပိုမိုမြန်ဆန်ကာ အန္တရာယ်ကင်းပါလိမ့်မယ်။

လူအုပ်ထဲမှာ အန္တရာယ်ကင်းစွာ ပျော်ရွှင်နိုင်ကြပါစေ။
(ဆွေဆွေမျိုးနိုင် - ဆေးဝါးတက္ကသိုလ်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...