သွေးလွန်တုပ်ကွေးလူနာ မသေစေဖို့
.jpg)
သွေးလွန်တုပ်ကွေးရာသီကြီး ကျော်ခဲ့ပြီ။ ကလေးတွေ မသေလိုက်ပါလား။
ရုတ်တရက်သတိထားမိလိုက်တော့ရင်ထဲတွင် ငြိမ့်ခနဲနေအောင်ကြည်နူးမိသည်။ ကျေးဇူးရှင်တွေကို ပြေး၍ ကျေးဇူး စကား ဆိုချင်သွားသည်။
လက်ထောက်ကထိက ခြောက်ယောက်ဦးစီးသော ကျွန်တော့် လက်အောက်က လူငယ် ဆရာဝန်များကိုပါ။ ဆရာဝန်ကြီးကတော့ ကျွန်တော်နှင့် နောက်တစ်ဦးသာရှိခဲ့သည်။ အဲသည် လူငယ်ဆရာဝန်တွေထဲမှာ အိမ်ထောင်သည်တစ်ယောက်သာ ပါပြီး သူကလည်း မိသားစုကို ခေါ်မလာ။ တစ်ဦးတည်းနေသည်။ သူတို့တစ်တွေ သွေးလွန်တုပ်ကွေးရာသီအစအဆုံး ဆေးရုံက ပြန်ရသည်ရယ်လို့ သိပ်မရှိလိုက်ကြ။
တစ်ချိန်လုံး ဆေးရုံကနေ ကျွန်တော့်ကို ဖုန်းဆက်နေကြသည်။ သွေးလွန်တုပ်ကွေးရာသီအစမှာ ကျွန်တော် သွေးလွန်တုပ်ကွေးနှင့် ပတ်သက်၍ ကုထုံးနည်း အဆင့်ဆင့်ကို မကွေးက လူငယ်ဆရာဝန်တွေအားလုံးခေါ်၍ ဟောပြောဖြစ်ခဲ့သည်။ ရာသီအဆုံးမှာတော့ ရန်ကုန်ကိုဆင်း၍ ပွဲတစ်ပွဲ သဘာပတိလုပ်သည်။ ဟောပြောသူက သွေးလွန်တုပ်ကွေး အနီးကပ်ကြီးကြပ်ဆောင်ကို ၁၅နှစ်လောက် တာဝန်ယူခဲ့သော သူငယ်ချင်းတွဲဖက်ပါမောက္ခ၊ ဟောပြောသည့် အကြောင်းအရာက သွေးလွန်တုပ်ကွေးပါပဲ။
ဟောပြောအပြီးမှာ ထုံးစံအတိုင်း သဘာပတိဖြစ်သည့် ကျွန်တော်က မေးခွန်းများ ဖိတ်ခေါ်တော့ နယ်က ကလေးအထူးကု ဆရာဝန်ကြီးတစ်ဦးက သွေးလွန်တုပ်ကွေးကို အကြောဆေးရည်သွင်းရုံ၊ အနီးကပ်စောင့်ကြည့်ရုံမျှနှင့် ကျေနပ်မနေဘဲ အိမ်နီးချင်းနိုင်ငံများမှ သုတေသနတွေ့ရှိချက် များကို လေ့လာအသုံးချကြဖို့ တိုက်တွန်းသွားသည်။
ယခင်မကွေးမှာ ကျွန်တော်အထက်ကနှင့် ကျွန်တော့်အရင်က ပါမောက္ခလုပ်သွားသည့် ကလေးအထူးကု ဆရာဝန်ကြီးကတော့ ဆရာဝန်တွေနိုင်နိုင် အနီးကပ် စောင့်ကြည့်နိုင်ဖို့က အဓိကပဲဟု ထဖြေသွားပါသည်။
မှန်ပါသည်။ ဆရာကြီး လက်အောက်တွင် ကျွန်တော်လုပ်ခဲ့စဉ်က ကျွန်တော်တို့မှာ အထူးကုဆရာဝန်ကြီး ငါးဦးရှိခဲ့ပါသည်။ ဆရာကြီးအပါအ၀င် တစ်ရက်တစ်ယောက် တာဝန်ယူ၍ လိုက်ကြည့်ပေးကြတော့ အသေအပျောက်မရှိ သလောက်ပါပဲ။ ရှားရှားပါးပါး တစ်ယောက်နှစ်ယောက် သေတာလည်း ရပ်ဝေးက နောက်ကျမှ ရောက်လာသူများပါ။
ကျွန်တော်ခေါင်းဆောင်ရသောအခါ ဆရာဝန်ကြီးက နှစ်ယောက်သာရှိတော့သော်လည်း လက်ထောက် ကထိက ကလေးများက ကျွန်တော်တို့ထက်ပင် လုပ်နိုင်ကြပါသည်။ သူတို့ တစ်ချိန်လုံး လိုက်ကြည့်နေကြ၍ ကလေးတွေ မသေတာပါ။
သွေးလွန်တုပ်ကွေးက နာရီပိုင်းနှင့် အမျှဖောက်ပြန်တတ်ပြီး အပြောင်းအလဲရှိတိုင်း ကုသမူချိန်ညှိရသည် မဟုတ်ပါလား။
မကွေးကရုဏာရှင်များ အခမဲ့ဆေးခန်းက ဒုဥက္ကဋ္ဌကတော့ အဲဒါဆရာတို့ ဒီမှာလုပ်ပးထားတာလည်း ပါတယ်လေဟု ၀င်ရှင်းပြပါသည်။
အဲသည့်ဆေးခန်းမှာ ကျွန်တော်က တစ်ရက်၊ အခြားတာဝန်ခံ ဆရာကြီးကတစ်ရက်၊ လက်ထောက် ကထိကကလေးတွေက တစ်ယောက်တစ်ရက်၊ နေ့တိုင်းကလေးအထူးကု ဆရာဝန်ရှိအောင် ကျွန်တော်တို့ညှိ၍ ထိုင်ပေးပါသည်။ မြို့ခံလူငယ်ဆရာဝန်တွေလည်း ၀ိုင်းကူလုပ်အားပေးကြပါသည်။ ထို့ကြောင့် ဆေးရုံတင်ရန်လိုအပ်သော သွေးလွန်တုပ်ကွေးလူနာများကို စောစောစီးစီး ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါသည်။ ဟုတ်တာပေါ့။ ဒါလည်းပါတာပဲ။
MRTV4 မှာ ကျွန်တော်ပြောခဲ့သလိုပါပဲ။
သွေးလွန်တုပ်ကွေးဆိုတာ အင်မတန်ကြောက်စရာကောင်းသော ရောဂါပါ။ သို့သော် မကွေးကရုဏာရှင် အသင်းဥက္ကဋ္ဌက ပြောဖူးပါသည်။
“ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” တဲ့။
(ဒေါက်တာရဲ)