မူးယစ်စေသောအရာများကို သုံးစွဲခြင်းနှင့် ဦးနှောက်ကျန်းမာရေး

မူးယစ်ဆေးဝါးတွေဟာ ဦးနှောက်ရဲ့ ဆက်သွယ်ရေးစနစ်ထဲကို ၀င်ရောက်ပြီး နာ့ဗ်ဆဲလ်တွေရဲ့ သတင်းအချက်အလက်တွေကို ပို့ယူ၊ လက်ခံကာထုတ်လုပ်တဲ့ ပုံမှန်ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေပါတယ်။ မူးယစ်ဆေးဝါးတွေဟာ နာ့ဗ်ဆဲလ်တွေကို နည်းလမ်းနှစ်မျိုးနဲ့ တားဆီးပါတယ်။ နံပါတ်တစ်ကတော့ ဦးနှောက်ရဲ့ သဘာဝဓာတုဖြစ်စဉ်ကို ဟန့်တားခြင်းအားဖြင့် ထိခိုက်စေပြီး နံပါတ်နှစ်အနေနဲ့ ဦးနှောက်ရဲ့ လျှပ်စီးပတ်လမ်းကို အလွန်အကျွံလူံ့ဆော်ပေးခြင်းအားဖြင့် ထိခိုက်စေတာဖြစ်ပါတယ်။
ဟီးရိုးအင်းနဲ့ ဆေးခြောက်တွေလို တချို့မူးယစ်ဆေးတွေဟာ ဦးနှောက်ကနေ ထုတ်လိုက်တဲ့ နျူရိုထရန်စမစ်တာတွေနဲ့ ဓာတုတည်ဆောက်ပုံ တူညီနေတာကြောင့် ဒီဆေးတွေဟာ ဦးနှောက်ရဲ့ လက်ခံရာဋ္ဌာန (Receptor)မှာ သွားကပ်ပြီး နာ့ဗ်ဆဲလ်တွေကို ပုံမှန်မဟုတ်တဲ့ သတင်းအချက်အလက်တွေ ပို့အောင် လူံ့ဆော်ပါတယ်။
ကိုကင်းနဲ့ Methamphetamine လို မူးယစ်ဆေးတွေကတော့ နာ့ဗ်ဆဲတွေကနေ ပုံမှန်မဟုတ်ဘဲ ကြီးမားတဲ့ နျူရိုထရန်စမစ်တာတွေကို ထွက်ရှိစေတယ်။ ဒါမှမဟုတ် ဦးနှောက်ရဲ့ ဆက်သွယ်ရေးဖြစ်စဉ် ကိုဟန့်တားတတ်ပါတယ်။
မူးယစ်ဆေးအားလုံးဟာ ဦးနှောက်စနစ်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ပြောင်းလဲပေးနိုင် တာကြောင့် ဦးနှောက် ထိခိုက်လာစေနိုင်ပါတယ်။ မူးယစ်ဆေးဝါး စွဲလန်းနေသူတွေဟာ တွေးခေါ် မြော်မြင်မူ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ အပြုအမူထိန်းချုပ်မူ၊ သင်ယူခြင်း၊ မှတ်ဉာဏ်စတာတွေနဲ့ သက်ဆိုင်တဲ့ အရေးပါတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေကို အပြောင်းအလဲ ဖြစ်သွားစေပါတယ်။ မူးယစ်ဆေးမစွဲလမ်းစေဖို့ စတင်မသုံးတာကတော့ အကောင်းဆုံးပါပဲ။
မူးယစ်ဆေးစွဲနေသူတစ်ယောက်ကို ကူညီနိုင်ဖို့ဆိုရင် မိသားစု၊ စာသင်ကျောင်း၊ လူမူအဖွဲ့အစည်းနဲ့ မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါနေပါတယ်။ အသက်ငယ်ငယ်ကတည်းက ကလေးတွေအနေနဲ့ မူးယစ်ဆေးဝါးဟာ အန္တရာယ်ရှိပြီး စွဲလန်းစေတတ်မှန်းသိထားရင် မူးယစ်ဆေးကို ဝေးဝေးက ရှောင်ပါလိမ့်မယ်။ ဒါကြောင့် မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ကို သိနားလည်ပြီး မူးယစ်ဆေးကို ဝေးဝေးက ရှောင်တတ်အောင် ကလေးတွေကို သင်ထားပေးဖို့လိုပါတယ်။
(ဇွန်)