ကျောင်းသုံးဖတ်စာများကို ဒစ်ဂျစ်တယ်ပုံနှိပ်စနစ်သို့ပြောင်းလဲရန် နိုင်ငံတကာအဖွဲ့အစည်းများ စိတ်ဝင်စား



ကျောင်းပညာသင်ကြားရေးတွင် ပိုမိုအထောက်အကူပြုစေရန်အတွက် ကျောင်းသုံးဖတ်စာအုပ်များကို ဒစ်ဂျစ်တယ်ပုံနှိပ်စနစ်သို့ ပြောင်းလဲလုပ်ကိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများက ကူညီလုပ်ဆောင်ရန် စိတ်ဝင်စားမှုများရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာစိန်ဝင်း က "တချို့နိုင်ငံတကာအဖွဲ့အစည်းတွေက လာကမ်းလှမ်းတာတွေရှိတယ်။ သူတို့က ဒီသင်ရိုးထဲက စာတွေလုံးဝမပြောင်းလဲဘဲ သင်ကြားရေးပိုမိုရှင်းလင်းအောင်လုပ်ပေးဖို့ ပြောထားတာရှိတယ်။ နိုင်ငံတ ကာမှာ သူတို့ဆီက ပညာရပ်တွေလူတိုင်းသိနိုင်အောင် ဒီလိုစနစ်ကိုသုံးတာကြာပြီ" ဟုပြောသည်။

ပုံနှိပ်ဒစ်ဂျစ်တယ်စနစ်ကို နိုင်ငံတကာတွင် စာသင်ကြားမှု ပိုမိုလွယ်ကူအထောက်အကူပြုစေရန် စာအုပ်ပေါင်းများစွာ သယ်ဆောင်ရသည့်အခက်အခဲမှာ နည်းပါးပြီးကိုယ်တိုင် လေ့လာနိုင်ကာအစိုးရ၏ ဖတ်စာအုပ်ရိုက်နှိပ်ရသည့်ပမာဏ လျော့နည်းသက်သာစေရန် ယင်းစနစ်ကိုအသုံးပြုကြောင်း သိရ သည်။

ပညာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ် သင်ကြားရေးဆရာမတစ်ဦးက "ဒီလိုဒစ်ဂျစ်တယ်စနစ်လုပ်နိုင် ရင် သင်ရိုးပြောင်းလဲရာမှာ လွယ်ကူမယ်။ ဆေးပညာရပ်တွေဆို သူ့သက်ဆိုင်ရာဘာသာရပ်အလိုက် ကျောင်းသားက ဆရာ မသင်ခင်မှာ ကြိုလေ့လာထားလို့ရတော့ သင်ကြားတဲ့အခါ ပိုတတ်လွယ်မြင် လွယ်မယ်။ လူတိုင်းဆီရောက်ဖို့တော့ ခက်ခဲနိုင်တယ်။ ဒီလိုပြောင်းဖို့ဆိုရင် နည်းပညာအခက်အခဲနဲ့ အကူအညီတော့ လိုမယ်ထင်တယ်" ဟု ဖလားဝါးနယူးဂျာနယ်သို့ ဖြေကြားသည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် ဒီဂျစ်တယ်စနစ် ပြောင်းလဲမှုတွင် ပညာရေးသင်ရိုးထက် ပြင်ပ စာပေ၊ အနုပညာကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများရှိနေပြီး လူတိုင်းလက်လမ်းမီသည့် အခြေအနေမရှိ သေးကြောင်းနှင့် ဒီဂျစ်တယ်စနစ်ပြောင်းလဲမှုထက် သင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းများကို PDF File စနစ်သို့ ကူးပြောင်းကာ ဖြန့်ဝေခြင်းများကို လုပ်ဆောင်နိုင်ကြောင်း မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေ သူလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာစိန်ဝင်းက ထောက်ပြပြောဆိုသည်။

The Flower News Journal
Vol.9, No.40, October 15 - 21, 2013

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...