ပန်းသေပန်းညှိုးရောဂါဖြစ်နေပါက
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK4gTkTSI6JQavJVzxcacudFnxochO3YKSiKCfsRLdexMd3orelhRSYr7RsTZzc6EhdwmvOTKnY8GFt9eejS0Hron9HJ7TLUs-8MQp681_-0lj7XBE6ZEKJnl5838ucC_SBFt-EXAySkSq/s400/Deflate+Your+Erection.jpg)
ပန်သေးပန်းညှိုး (ED) ဖြစ်နေသော အမျိုးသားများသည် သာမန် အမျိုးသားများထက် နှလုံးနှင့် သွေးကြော ရောဂါလက္ခဏာများကို စောစီးစွာပြတတ်ပြီး ဖြစ်လာလျှင်လည်း ပိုမိုပြင်းထန်သော ရောဂါဝေဒနာကို ခံစားရတတ်ကြောင်း လေ့လာချက်တစ်ရပ်က ဆိုထားပါသည်။ ရောဂါလက္ခဏာစပြချိန်နှင့် ရောဂါဖြစ်သည့် အချိန်ကြားမှာ နှစ်နှစ်မှ သုံးနှစ်ခန့်ရှိပြီး ရောဂါပြဿနာများကိုမူ သုံးနှစ်မှ ငါးနှစ်ကြားတွင် ခံစားရတတ်သည်ဟု ဆိုပါသည်။
သို့ဖြစ်၍ ထိုကြားကာလတွင် (ဆိုလိုသည်မှာ ရောဂါမဖြစ်ပွားမီအချိန်တွင်) ရောဂါဖြစ်စေနိုင်မည့် အန္တရာယ်များကို လျှော့ချနိုင်ပါသည်။ ပန်းသေပန်းညှိုးရောဂါရှိသူများအနေဖြင့် နှလုံးရောဂါ မဖြစ်ပွားစေရန် ကျန်းမာရေးစစ်ဆေးမူများဖြစ်သည့် သွေးအတွင်းအဆီ (ကိုလက်စထရော)၊ သကြားဓာတ်၊ အမျိုးသားဟော်မုန်း (Testosterone) ပမာဏ၊ သွေးပေါင်အစရှိသည်တို့ကို စစ်ဆေး ထားရပါမည်။
ရောဂါရှိသူ အမျိုးသားများအနေဖြင့် အောက်ဖော်ပြပါအချက်များရှိပါက နှလုံးရောဂါ၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ ရနိုင်ခြေပိုများနိုင်ပါသည်။
ဆီးချို၊ သွေးချို
ထိုရောဂါရှိသူသည် ပန်းသေပန်းညှိုးဖြစ်ပါက နှလုံးရောဂါဖြစ်တော့မည် ဆိုသည့်လက္ခဏာဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် အသက် ၅၀နှစ်အောက် အမျိုးသားများတွင်ဖြစ်သည်။ အသက် ၇၀ကျော်မှ ဖြစ်သော နှလုံးရောဂါ လက္ခဏာဟုဆိုနိုင်ရန် အလားအလာနည်းပါသည်။
ခန္ဓာကိုယ်အလေးချိန်ပိုနေခြင်း
နှလုံးရောဂါနှင့် ပန်းသေပန်းညှိုးရောဂါများ ဖြစ်စေနိုင်ပါသည်။
မကောင်းသည့် ကိုလက်စထရော (LDL) များခြင်း
ရေပိုက်ခေါင်းများအတွင်း သံချေးများကပ်သလို သွေးကြောအတွင်း နံရံများတွင် အဆီဖတ်များကပ်စေပြီး သွေးကြော၏ ကျုံ့နိုင်ဆန့်နိုင်အားကို လျော့စေသည် Atherosclerosis(AS) သွေးကြောကျဉ်းသည့် အခြေအနေကို ဖြစ်စေနိုင်ပါသည်။
ဆေးလိပ်သောက်သူ
ဆေးလိပ်သောက်သူဖြစ်ပါက သွေးကြောကျဉ်းရောဂါ (Atherosclerosis)ကို ပိုမိုဖြစ်စေကာ ပန်းသေပန်းညှိုးရောဂါကို ပိုပိုဆိုးစေပါသည်။
သွေးတိုးရောဂါရှိခြင်း
အချိန်ကြာလာသည်နှင့်အမျှ သွေးကြောနံရံများကို ပိုမို ထိခိုက်ပျက်စီးစေကာ သွေးကြော ကျဉ်းလာအောင် ပိုမိုပံ့ပိုးပေးပါသည်။
မိသားစုတွင် နှလုံးရောဂါရှိခြင်း
မိမိ၏ဖခင်၊ ညီအစ်ကိုများတွင် အသက်ငယ်ရွယ်စဉ်အတွင်း နှလုံးရောဂါဖြစ်ခဲ့ပါက မိမိဖြစ်သော ပန်းသေပန်းညှိုးမှာ နှလုံးရောဂါ၏ အစပျိုးလက္ခဏာတစ်ခုဖြစ်နိုင်ပါသည်။
စိတ်ကျခြင်း
စိတ်ကျခြင်းဖြစ်ပါက နှလုံးရောဂါ၊ ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ခြေများလာသည်ဟုဆိုသည့် သက်သေသာဓကများ ရှိပါသည်။ သို့ဖြစ်၍ ပန်းသေပန်းညှိုးရောဂါ ရှိသူများအနေဖြင့် ကျန်းမာရေး ကြိုတင်စစ်ဆေးပြီး နှလံးရောဂါဖြစ်မလာအောင် ကြိုတင်ကာကွယ်ထားသင့်ပါသည်။
(ရှန်ရှန် - ဂျီပီ)