သက်ကြီးရွယ်အိုတွေ နာကျင်ကိုက်ခဲတဲ့အခါ


Health Updates Journal No. 86

သက်ကြီးရွယ်အိုများ နာကျင်ကိုက်ခဲဝေဒနာ ခံစားရတဲ့အခါ ဆရာဝန်များအနေနှင့် အကိုက်အခဲ ပျောက်ဆေးသုံးဖို့ အထူးသတိထားရလေ့ရှိပါတယ်။ 

အသက်ကြီးလာတာ နှင့်အမျှ ကျောက်ကပ်များသေးငယ်လာပြီး ကျောက်ကပ်ထံသွေးစီးဆင်းမှု ကျဆင်းလာပါတယ်။ ခန္ဓာကိုယ် အဆိပ်အတောက်များအပြင် ဆေး များရဲ့ဓါတုပစ္စည်း အကြွင်းအကျန် များကို ကျောက်ကပ်မှတစ်ဆင့် ဆီး ထဲစွန့်ထုတ်ဖို့ ခက်ခဲလာပါတယ်။

အသည်းဟာလည်း အသက်ကြီးလေ အရွယ်အစားသေးလေဖြစ်ပြီး သွေးလည်ပတ်မှု လျော့နည်းလာ တာကြောင့်ဆေးတွေကိုချေဖျက်ဖို့ ခက်ခဲ လာပါတယ်။ 

အသည်းနှင့်ကျောက်ကပ်အားနည်းခြင်းကြောင့် ခန္ဓာကိုယ် တွင်းမှာ ဆေးအာနိသင်ကြာကြာနှင့် များများ သက်ရောက်တတ်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကို ပိုမိုခံစားရ တတ်ပါတယ်။
တံတွေးရည် အထွက်နည်းတာကြောင့် ဆေးမျိုချရတာခက်ပြီး ကြွက်သားထုထည်လျော့ပါး လာခြင်းကြောင့် ဆေးထိုးတဲ့အခါ စုပ်ယူမှု အားနည်းပါတယ်။ အစာအိမ်ခံနိုင်ရည်အား ကျဆင်းလာတာကြောင့် အကိုက်အခဲပျောက်ဆေးပြင်းပြင်းပေးတဲ့အခါ အစာအိမ်ရောင်ခြင်း၊ သွေးယိုခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အစာအိမ်ပေါက်ခြင်းအထိဖြစ်တတ်ပါတယ်။
ဆရာဝန်များ သက်ကြီးရွယ်အိုများကို ကုသတဲ့အခါ အနည်းဆုံး ဆေးပမာဏက စပေးလေ့ရှိပါတယ်။ မသက်သာမှသာ ဖြည်းဖြည်းချင်းတိုး ပေးရပါတယ်။ 

မိမိဘာသာ ဆေးဝယ်သောက်တဲ့အခါ ဆေးဆိုင်တွေက ပေးတဲ့ဆေးပြင်းတွေ မသောက်မိဖို့လိုပါတယ်။ အစာအိမ်ဆေးတွေနှင့် တွဲသောက်ဖို့ လိုပါတယ်။ ဆေးဆိုင်ကပေးတဲ့ စပ် ဆေးတွေမှာ စတီးရွိုက်ဆေးတွေ ပါလေ့ရှိပြီး နဂိုကတည်းက အရိုးပါးနေတဲ့သက်ကြီးရွယ်အိုများကို အရိုးကြံ့ခိုင်မှု ပိုမိုအားနည်းစေပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုများ အကိုက်အခဲပျောက်ဆေးသုံးစွဲလိုတဲ့ အခါဆရာဝန်နှင့်တိုင်ပင်ဖို့လိုပါတယ်။

သီဟ
Source:WebMD
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...