အမှောင်ကြီးစိုးရာသို့ "ပညာ" မလာရ



(တစ်)

Oxford လို့ဆိုလိုက်တာနဲ့ ဒါဟာပညာနဲ့တွဲဖက်နေတဲ့ အရပ်ဒေသတစ်ခုရဲ့ အမည်ဆိုတာကို လူတိုင်းသိ ကြပြီးသားပါ။ ဟုတ်တယ်လေ။ Oxford မြို့ Oxford တက္ကသိုလ်ဆိုတာ ကမ္ဘာကျော်ပဲ မဟုတ်ဘူးလား။ ဒါပေမဲ့ အံ့သြစရာကောင်းတဲ့ သတင်းကအဲသည်သတင်းကြီးတဲ့ Oxford University ဟာ ၁၉၂၁ ခုနှစ် မတိုင်မီတုန်းက မိန်းကလေးတွေကို ဘွဲ့မပေးခဲ့ဘူးဆိုတဲ့ သတင်းပါ။ မယုံကြည်နိုင် စရာကြီးပဲနော်။ အခုအနေအထားနဲ့ကတော့ တခြားစီမှ တခြားစီကြီးမဟုတ်ဘူးလား။

အခုတော့ Oxford မှာလူတိုင်းစာသင်လို့ရပါပြီ။ လူတိုင်းထဲမှာပါတဲ့ မိန်းမသားတွေလည်း စာသင်လို့ရ ပါပြီ။ ပညာဆိုတာ လူဖြူ၊ လူမည်း၊ အထီး၊ အမ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဗုဒ္ဓဘယ်လိုမတူ ကွဲပြား ခြားနားမှုမျိုးနဲ့မှ မဆိုင်လူ့လောကကို မြှင့်တင်နိုင်တဲ့ မဟာလှေကားကြီးမဟုတ်လား။

ဒါပေမဲ့ အခုလိုဖွံ့ဖြိုးတိုးတက်ပြီးတဲ့ ကမ္ဘာပေါ်မှာ ဘယ်သူတွေပညာမသင်ရ၊ ဘယ်ဝါတွေပညာမရှာရ ဆိုတဲ့ တချို့တချို့သော လူတွေနေရာတွေရှိနေကြသေးတယ်ဆိုတာက အံ့သြစရာကြီးပါ။

(နှစ်)

တာလီဘန် (Taliban) တို့ကြီးစိုးထားစဉ်တုန်းက အာဖဂန်နစ္စတန်နိုင်ငံရဲ့ အနေအထားကို လူတိုင်းသိ ပါတယ်။

မိန်းမမှန်ရင် ခေါင်းကနေ ခြေဖျားအထိ လုံခြုံတဲ့ဘာကာဝတ်ရုံကို ဝတ်ထားရမယ်။ ယောက်ျားတွေနဲ့ စကားမပြောရဘူး။ မိတ်ကပ်မလူးရဘူး။ နှုတ်ခမ်းနီမဆိုးရဘူး။ သီချင်းမဆိုရဘူး။ ဒေါက်မြင့်ဖိနပ်မစီးရ ဘူး။ မှတ်ပုံတင်ကတ်မကိုင်ရဘူး။ ယောက်ျားမိန်းမအတူတူတွဲမထိုင်ရဘူး။ လက်တွဲပြီး လမ်းမ လျှောက်ရဘူး။ အဲသည့်အထဲမှာမှ အဆိုးဆုံးက ပညာမသင်ရ၊ တက္ကသိုလ်မတက်ရ၊ အလုပ်မလုပ်ရပါ ဘူးတဲ့။ ကဲ၊ မဆိုးဘူးလား။ ကျန်တာတွေကို ထားလိုက်ပါဦးတော့။ မိန်းမဖြစ်လို့ ပညာမသင်ရဘူး၊ တက္ကသိုလ်မတက်ရဘူးဆိုတာ။

အီရန်နိုင်ငံ ကတဲ့ရော။ မိန်းမဆိုရင် ရေမကူးရပါ။ စက်ဘီးမစီးရပါ။ ကားမမောင်းရပါတဲ့။

ကမ္ဘာမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့ရတဲ့ မာလာလာယူဆက်ဇိုင်း (Malala Yousafzal) ဆိုတဲ့ ပါကစ္စတန်သမီးငယ်ကလေးရဲ့ အဖြစ်ကိုပဲကြည့်ပါဦး။ သည်သမီးငယ်လေးက ဆွန်နီအစ္စလာမ် (Sunni Islam) ပါ။ သူ့အပြစ်က အမျိုးသမီးအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားတာ၊ အမျိုးသမီး တွေ ပညာသင်ကြားခွင့်ရဖို့ တိုက်ပွဲဝင်တာ။ ဒါကိုတာလီဘန်တွေက မကျေနပ်တာပါတဲ့။ အဲ့သည့်မှာ ပစ်သတ်ခဲ့တာပဲ မဟုတ်လား။

၁၉၉၇ ခုနှစ်ဇူလိုင် ၁၂ ရက်မွေးတဲ့ သမီးလေးသူ့အသက် ဆယ်ငါးနှစ်စွန်းစွန်း အချိန်၊ ၂၀၁၂ အောက် တိုဘာ ၉ ရက်မှာ သေနတ်သမားက ကျောင်းကားနားကို ကပ်လာပြီးမှ မာလာလာရဲ့ လည်ပင်းနဲ့ ခေါင်းထဲကို ကျည်ဆန်တွေပစ်သွင်းခဲ့တာပါ။ မသေလို့သာပေါ့။ ကပ်ရှ်ဝါမြို့ (Peshawar) ကဆရာဝန် တွေကခေါင်းထဲက ကျည်ဆန်ကလေး တစ်တောင့်ကိုပဲ ဖယ်ရှားပစ်နိုင်ခဲ့ကြတယ်။ နောက်တော့မှ အင်္ဂလန်နိုင်ငံ ဘာမင်ဂမ် (Birmingham) က Queen Elizabeth ဆေးရုံတက်ရောက်ပြီး ကျန်တဲ့ ကျည်ဆန်တွေကို ထုတ်ယူကာ ဆက်ကုလို့၊ အခုအဲသည့်မာလာလာကလေး မသေမပျောက်ရှိနေခဲ့ တာ။ အပြစ်ကတော့ မိန်းကလေးတွေ ပညာသင်ကြားခွင့်ရရေးကြိုးစားလို့တဲ့။ မဆန်းဘူးလား။

(သုံး)

အခုရက်ထဲမှာ သွေးပျက်စရာကောင်းတဲ့ သတင်းတစ်ပုဒ်က အာဖရိကတိုက် နိုင်ဂျီးရီးယား (Nigeria) ကလာတဲ့သတင်းပါ။ အေးအေးဆေးဆေးအိပ်ပျော်နေကြတဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဝင် သတ်တဲ့သတင်း။ စိုက်ပျိုးရေးတက္ကသိုလ်တဲ့။ လူတစ်ထောင်လောက်ရှိတဲ့ တက္ကသိုလ်တဲ့။ ညကြီးအ ချိန်မတော်မှာ ဘိုကိုဟာရမ် (Boko Haram) ဆိုတဲ့ စစ်သွေးကြွအဖွဲ့က ဝင်ပစ်တာ ကျောင်းသားငါး ဆယ်ဝန်းကျင်သေသတဲ့။ စာသင်ခန်းတွေကိုလည်း မီးရှို့သွားခဲ့ပါလေသတဲ့။ အပြစ်ကပညာသင်တာ။ အနောက်တိုင်းပညာကို သင်တာ။ ခေတ်မီပညာကိုသင်တာ။ ၂၀၁၃ ခုနှစ်စက်တင်ဘာ ၂၉ ရက် ညကျ အဖြစ်ဆိုး။

ဘိုကိုဟာရမ် (Bokok Haram) ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကိုက သူတို့ဒေသဘာသာစကား Hausa Language မှာအနောက်တိုင်းပညာရေးကို တားမြစ်သည် (Westerm Education is Forbidden) လို့ အဓိပ္ပာယ်ရတယ်ဆိုလား။ ဘယ်လိုမျိုးအတွေးအခေါ် အယူအဆတွေပါလိမ့်။

(လေး)

မိန်းကလေးဖြစ်တဲ့အတွက် သူတို့ပညာရေးကို မသင်ရဘူးတားမယ်။ ကိုးကွယ်ယုံကြည်ရာ ဘာသာ တရားမတူလို့ သူတို့ပညာရေးကို မသင်ရဘူး၊ တားဆီးမယ်။ လူမျိုးမတူလို့ သူတို့ပညာရေးကို မသင်ရ ဘူး၊ ပိတ်မယ်။ နိုင်ငံမတူလို့ သူတို့ပညာရေးကို မသင်ရဘူး၊ ဆို့မယ်။ အဲသည့်အတားအဆီး အပိတ် အဆို့တွေက ဘယ်သူ့ကိုနောက်ကျစေတာလဲ။

ဓာတုဗေဒဟာ အာဖဂန်နစ္စတန်နဲ့ မဆိုင်ဘူးလား။ ရူပဗေဒဟာ တာလီဘန်နဲ့မဆိုင်ဘူးလား။ ရုက္ခဗေဒ ဟာ အယ်လ်ကိုင်ဒါနဲ့ မဆိုင်ဘူးလား။ ဇီဝဗေဒဟာ ပါကစ္စတန်နဲ့ မဆိုင်ဘူးလား။ စိုက်ပျိုးရေးပညာဟာ နိုင်ဂျီးရီးယားနဲ့ မဆိုင်ဘူးလား။ ဆေးပညာဟာ အီရန်နဲ့မဆိုင်ဘူးလား။

မိန်းကလေးဖြစ်လို့ ဂဏန်းသင်္ချာမတွက်ရ။ မိန်းကလေးဖြစ်လို့ ကမ္ဘာ့မြေပုံမဆွဲရ။ မိန်းကလေးဖြစ်လို့ ဗိသုကာဒီဇိုင်းမရေးရ။ မိန်းကလေးဖြစ်လို့ သမိုင်းသုတေသနမလုပ်ရ။ မိန်းကလေးဖြစ်လို့ ဆေးဝါးကု သမှုမလုပ်ရ။

မှောင်လိုက်တာ။ တစ်ကမ္ဘာလုံးတော့ မဟုတ်ပါဘူး။ ကွက်ကွက်ပြီး မှောင်နေတဲ့ကမ္ဘာ။ မည်းနေတဲ့ ကမ္ဘာ။ ပိန်းနေတဲ့ ကမ္ဘာ။ ပိတ်နေတဲ့ ကမ္ဘာ။

အစွန်းရောက်တွေဟာ မလွမ်းလောက်ပါဘူးဗျာ။

7Day Daily
No.163, October 4, 2013

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...