ဝသူများ ခေါင်းပိုကိုက်သလား


Health Updates Journal No. 86

ကိုယ်အလေးချိန်ပုံမှန်ထက်များနေသူတွေဟာ ခေါင်းကိုက်ခြင်း တစ်မျိုး ဖြစ်တဲ့ episodic migrain ကို ခံစားရနိုင်ချေများတယ်လို့ ဂျွန်ဟော့ ကင်းဆေးတက္ကသိုလ်က သုတေသီတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဆိုပါခေါင်းကိုက်ခြင်းဟာ ဦးခေါင်းထဲမှာ ထိုးကိုက်ပြီး ဦးခေါင်းတစ်ခြမ်းလုံး တူနဲ့ထုထားသလို နာကျင်နေပါတယ်။ မူးဝေအော့အန်ခြင်း၊ ခဏတာအမြင်အာရုံပျက်ယွင်းခြင်းတွေကိုတောင် ခံစားရနိုင်ပါတယ်။

ဒီလိုခေါင်းကိုက်ခြင်းကို ခံစားရသူတွေဟာ အချိန်မှန်မှန်ဖြစ်နေလို့ episodic လို့ အမည်တပ်ထားတာ ဖြစ်ပြီးတစ်လမှာ (၁၄)ရက်ခန့် ခံစား ရနိုင်ပါတယ်။ဒီလိုနာတာရှည် ခေါင်းကိုက်ခြင်းနဲ့ အ၀လွန်ခြင်းရဲ့ ဆက်စပ်နေမှုကို အခုသုတေသနမှာ ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး လူ ၃၈၆၂ ဦးကို လေ့လာခဲ့ရာမှာ ၁၈၈ဦးခန့်ဟာ နာ တာရှည် ခေါင်းတခြမ်းကိုက်ခြင်းကို ခံစားနေရတယ်လို့ ဖြေဆိုခဲ့ပါတယ်။

ကိုယ်ခန္ဓာဒြပ်ထု အညွှန်းကိန်း (BMI) မြင့်တက်သူတွေမှာ ခေါင်းပိုကိုက်ရခြင်းကို ဖော်ထုတ်နိုင်ပေမယ့် ကျား/မ၊အသက်အရွယ်တွေ နဲ့တော့ သက်ဆိုင်မှုမရှိကြောင်းသိရှိရပါတယ်။ ခေါင်းကိုက်စေရတဲ့ အကြောင်းအရင်းတွေကို တိတိကျကျ ဘယ်သူမှ မဖော်ထုတ်နိုင်သေးပါဘူး။ ဟော်မုန်း ပမာဏ၊ အစားအစာ၊ စိတ်ဖိစီးမှုနဲ့ ပတ်ဝန်းကျင်စတဲ့ အချက်တွေနဲ့ သက်ဆိုင်တယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။ ဒီလေ့လာမှုအရတော့ အ၀လွန်သူတွေအတွက် diet၊ လေ့ကျင့်ခန်းတွေက ခေါင်းကိုက်ခြင်း ကိုနည်းပါးစေမယ်လို့ ဖော်ပြထားပြီး အ၀လွန်ခြင်းက ခေါင်းကိုက်စေတဲ့ အကြောင်းကိုတော့ ဆက်လက်လေ့လာနေကြပါတယ်။

ငြိမ်းအေး
Ref: medindia
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...