အမျိုးသမီးဘဝ မြှင့်တင်ရေး (၉) ကြိမ်မြောက် သုခစုစံ Scholarship အစီအစဉ်


မျိုးဆက်သစ် မြန်မာ အမျိုးသမီးငယ်လေးများကို ပညာရည်မြင့်မားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရန် နိုင်ငံတော်၏ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် တစ်ထောင့် တစ်နေရာမှ ရင်ပေါင်တန်း ပါဝင်ဆောင်ရွက်နိုင်ရေးကို နိုင်ငံတော်၏ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် လူမှုဘဝဖွံ့ဖြိုးရေး ပညာရေး ဖောင်ဒေး ရှင်းများမှ အားပေးကူညီ ဆောင်ရွက်လျက်ရှိရာ သုခစုစံ Scholarship အစီအစဉ်သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ဘဝ၏ တစ်ဆစ်ချိုး အပြောင်းအလဲ တစ်ခုဖြစ်သော တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးချွန်စွာအောင်မြင်ပြီး တိုးတက်မြင့်မားလိုသည့်စိတ်၊ ကြံ့ခိုင်သော စိတ်ဓာတ် တို့ဖြင့် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများတွင် ထိုက်တန်သည့် ပညာရေး တိုးတက်မှုကို ရလိုသည့် မြန်မာ အမျိုးသမီးငယ် ကျောင်းသူလေးများအတွက် သုခစုစံ၏ ပညာရေး ဝန်ဆောင်မှု Scholarship အစီအစဉ်ကို ၂ဝဝ၅ ခုနှစ်မှစတင်၍ စင်ကာပူနိုင်ငံရှိ သူနာပြု တက္ကသိုလ် ကြီးများတွင် သူနာပြုဒီပလိုမာ (အခမဲ့) ပညာသင်ဆု သင်ကြားခွင့်ကို ရွေးချယ် စေလွှတ်ခဲ့သည်မှာ ယနေ့ထိတိုင် (၈) ကြိမ်မြောက် စေလွှတ်ခဲ့ပြီးဖြစ်သည်။

ထိုသို့ ပညာရေးဝန်ဆောင်မှုကို နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထွက်ပြီးတိုင်း ဇူလိုင်လမှ စတင်၍ စိတ်ဝင်စားသည့် မြန်မာ အမျိုးသမီး ငယ်လေးများကို ခေါ်ယူလျက်ရှိရာ ယခု ၂ဝ၁၃ ခုနှစ်၏ (၉) ကြိမ်မြောက် Scholarship အရွေးချယ်ခံ ကျောင်းသူများ လက်မှတ်ရေးထိုးမှု အစီအစဉ်တွင် ကျွန်တော်တို့ သတင်းအဖွဲ့ သွားရောက်၍ သိလိုသည့် မေးမြန်းချက်များ အပေါ် တာဝန်ရှိသူများ၏ ပြောကြားချက်များကို ထုတ်နုတ် ဖော်ပြ လိုက်ပါသည်။

''ဒီမှာဝင်ဖြေကြတဲ့ ကျောင်းသူလေးတွေဟာ စင်ကာပူ နိုင်ငံရဲ့ နာမည်ကြီး သူနာပြု တက္ကသိုလ်များမှာ Diploma သင်တန်း သုံးနှစ် (အခမဲ့) သင်ကြားခွင့် ရရှိမှာဖြစ်ပြီး ကျောင်း တက်နေစဉ် ကာလအတွင်း လစဉ် သတ်မှတ်နှစ်များအလိုက် စင်ကာပူဒေါ်လာ ၁၁ဝဝ ရရှိမှာဖြစ်တဲ့ အပြင် နေစရာပါ စီစဉ်ပေးသွားမှာ ပါ။ ကျောင်းနေစဉ် ကာလအတွင်း နှစ်စဉ် ကျောင်းပိတ်ရက်တွေမှာ ကိုယ့်စရိတ်နဲ့ကိုယ် အိမ်ပြန်ခွင့်ရှိပါတယ်'' ဟု မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ အမျိုးသမီးများ ဘဝမြှင့်တင်ရေး (ဗဟို) မှ E.C အဖွဲ့ဝင် တစ်ဦးဖြစ်သည့် သုခစုစံ မန်နေးဂျင်းဒါရိုက်တာ သီဟသုဓမ္မသိင်္ဂီ ဒေါ်ဥမ္မာမြင့်က ပြောကြားခဲ့သည်။

ဆက်လက်၍ ''ပညာသင်နှစ် သုံးနှစ်ပြီးဆုံးပါက မြန်မာနိုင်ငံကို အသွားအပြန် လေယာဉ် လက်မှတ် အခမဲ့စီစဉ် ပေးသွားမယ့်အပြင် စင်ကာပူနိုင်ငံမှာ ရှိတဲ့ဆေးရုံတွေမှာ သူနာပြုအဖြစ် တစ်လကို လစာစင်ကာပူ ဒေါ်လာ ၂၆၅ဝ နဲ့ ခြောက်လ စာချုပ်ချုပ်ပြီး တာဝန် ထမ်းဆောင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ သုံးနှစ် ဒီပလိုမာမှာ သတ်မှတ် အရည်အချင်းအလိုက် Employment Pass (E.P) ဖြစ်ရင် တစ်လကို စင်ကာပူဒေါ်လာ ၂၃၅ဝ၊ (P.R) ရရှိပါက လစာ ၂၆၅ဝ နဲ့ တာဝန်ထမ်းဆောင်ခွင့် ရရှိမှာပါ။

ဒီပလိုမာရရှိပြီး ခြောက်လအတွင်း S' pore Permanet Resi-dent (PR) ကိုလည်း လျှောက်ထား နိုင်ပါတယ်။ ဒီအစီအစဉ်က ကျောင်းတက်ရုံတင် မဟုတ်ပါဘူး။ အလုပ်ပါ တစ်ခါတည်းရရှိပြီး အလုပ်ရရင်လည်း စင်ကာပူနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ဆေးရုံကြီးတွေမှာ တာဝန် ထမ်းဆောင်ခွင့် ရရှိမှာပါ။ ဒီနှစ်မှာတော့ လျှောက်ထားတဲ့ကျောင်းသူ ၁၁ဝ ကျော်မှာ ၅ဝ အထိ ရွေးချယ်ခဲ့ပါတယ်။ ယခင်နှစ်က ၄၅ ဦးသာ ရွေးချယ်ခဲ့ပြီး ဒီနှစ်မှာ ပိုမိုရွေးချယ် ခဲ့တာပါ'' ဟု ထပ်မံပြောကြားခဲ့သည်။

အဆိုပါ သုခစုစံကုမ္ပဏီ၏ Scholarship ခေါ်ယူမှု အစီအစဉ်၌ ၂ဝဝ၅ ခုနှစ်တွင် ၃၅ ဦး၊ ၂ဝဝ၆ ခုနှစ်တွင် ၄၅ ဦး၊ ၂ဝဝ၇ ခုနှစ်တွင် ၅၉ ဦး၊ ၂ဝဝ၈ ခုနှစ်တွင် ၆၃ ဦး၊ ၂ဝဝ၉ ခုနှစ်တွင် ၅ဝ ဦး၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၃၉ ဦး၊ ၂ဝ၁၁ ခုနှစ်တွင် ၄၆ ဦးနှင့် ၂ဝ၁၂ ခုနှစ်တွင် ၄၅ ဦး စုစုပေါင်း ကျောင်းသူ ဦးရေ ၃၈၂ ဦး ရှိခဲ့ပြီး နှစ်အလိုက် တိုးမြှင့်ခေါ်ယူခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သုခစုစံ၏ Scholarship အစီအစဉ်တွင် ရွေးချယ်ခံရသည့် မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူ မခင်သီသီသွယ်က ''ညီမက စင်ကာပူနိုင်ငံရဲ့ သူနာပြု တက္ကသိုလ်မှာ Second Year တက်နေတဲ့ ကျောင်းသူဖြစ်ပါတယ်။ ညီမအနေနဲ့ အိမ်နဲ့တစ်ခါမှ မခွဲဖူးပါဘူး။ စသွားခါစကတော့ အိမ်ကို အရမ်းပြန်ချင်တယ်။ ဒါပေမဲ့ ဟိုရောက်သွားတဲ့ အခါမှာ မြန်မာ အဖွဲ့အစည်းတွေလည်း ရှိပြီး ကူညီမှုတွေလည်း ရရှိပါတယ်။ ဟောပြောပွဲ တွေနဲ့ သီချင်းဆို ပြိုင်ပွဲတွေလည်းရှိတော့ အလွန်ပျော် ပါတယ်။ ညီမတို့က တစ်နှစ်ကို Team နှစ်ခုရှိပြီး စာတွေ့ရော၊ လက်တွေ့ပါ သင်ကြားရပါတယ်။

အင်္ဂလိပ်စာ အဓိကဖြစ်ပါတယ်။ ဟိုရောက်ရင် အင်္ဂလိက်စာကို အရင်ဆုံး သုံးလ သင်ကြားပြီးတော့မှ သူနာပြု တက္ကသိုလ်ကို တက်ခွင့်ရပါတယ်။ ပထမပိုင်းမှာ စာနည်းနည်း ပါးပါး ကျက်ရုံနဲ့ စာမေးပွဲတွေ ဖြေနိုင်တဲ့အတွက် အလွန်ပဲ ပျော်ရွှင်ရပါတယ်။ နောက်ပိုင်းမှာတော့ စာတွေက များလာပြီး စာတွေ့ရော၊ လက်တွေ့ သင်ခန်းစာတွေပါ ပိုမိုများပြား လာခဲ့ပါတယ်။ အခုသွားမယ့် ကျောင်းသူလေးတွေ အောင်မြင်မှုရအောင် စိတ်ဓာတ် ကြံ့ခိုင်စွာနဲ့ ကြိုးစားစေချင်ပါ တယ်။ ကျောင်းပြီး ရင်လည်း သူတို့ အနေနဲ့ ဝင်ရောက်လုပ်ကိုင်ရမယ့် လုပ်ငန်းခွင်နေရာကို တစ်ခါတည်း နေရာချထားပြီးသား ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ထို့နောက် Scholarship အစီအစဉ်၏ ရွေးချယ်ခံ တောင်ဥက္ကလာပ၌ နေထိုင်သော ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဦးခင်ဇော်မောင်က ''ဒီအစီအစဉ်ကို ဂျာနယ်တွေ၊ သတင်းစာတွေနဲ့ တီဗွီကြော်ငြာတွေမှာတွေ့ပြီး သုခစုစံ ကုမ္ပဏီကို သွားရောက် မေးမြန်း စုံစမ်းခဲ့ပါတယ်။ ဟိုရောက်တော့ တက္ကသိုလ်ဝင်တန်း အောင်ပြီး သတ်မှတ်တဲ့ အရည်အချင်းတွေနဲ့ ပြည့်မီတဲ့အတွက် ကျွန်တော့်သမီးကို ပြောပြခဲ့ပါတယ်။ သူကလည်း စိတ်ဝင်စားတဲ့အတွက် လျှောက်ဖြစ်ခဲ့တာပါ။ ရေးဖြေမှာ ဘာတွမေးမယ်၊ ဘာတွေဖြေရမယ် ဆိုတာအပြင် ဘာတွေပြင်ဆင် ထားရမလဲ ဆိုတာတွေကို သုခစုစံမှာ အသေအချာ စုံစမ်းခဲ့ပါတယ်။ အဓိကက အင်္ဂလိပ်စာ ဖြစ်ပါတယ်။ နောက်ပြီး Full Scholarship ဖြစ်တော့ ပိုပြီး အဆင်ပြေပါတယ်။ ကျွန်တော့် သမီးကလည်း သူနာပြုလုပ်တာ ဝါသနာပါတဲ့ အတွက်ပိုပြီး အဆင်ပြေပါတယ်။ သင်ကြားမှုနဲ့ အလုပ်အကိုင် ရရှိမှုက တစ်ဆက်တည်း ဖြစ်တော့ အဆင်ပြေတာပေါ့။ သုံးနှစ် ပညာသင်ကြားပြီး တဲ့နောက် ခြောက်နှစ် အလုပ်လုပ်ရတယ်။ ခြောက်နှစ်တာ ကာလအတွင်း စင်ကာပူနိုင်ငံရဲ့ သတ်မှတ် ခံစားခွင့် အတိုင်း အပြည့်အဝရရှိပြီး ခြောက်နှစ်ပြီးတာနဲ့ မြန်မာပြည်ပြန်ပြီး အလုပ်လုပ်နိုင်တဲ့ အတွက် နိုင်ငံတော် အတွက်လည်း အကျိုးကျေးဇူးများစွာ ရှိပါတယ်'' ဟု ပြောကြားခဲ့သည်။

''ညီမကတော့ ဒီ Scholarship အစီအစဉ်ကို တက္ကသိုလ်ဝင်တန်း မဖြေခင်ကတည်းက သိတာပါ။ တက္ကသိုလ်ဝင်တန်း ဖြေပြီးတော့ အောင်စာရင်းလည်း ထွက်ရော Internet မှာ ကြည့်ပြီး လျှောက်ထားခဲ့တာပါ။ လူက ခဏလေးနဲ့ ပြည့်လွယ်တယ်။ လျှောက်ထား သူတွေလည်း များပါတယ်။ ဒီလိုခက်ခဲတဲ့ ကြားကနေ လျှောက်ထားခွင့် ရရှိပြီး ရွေးချယ်ခံရတော့ သိပ်ကိုဝမ်းသာမိပါတယ်။ ညီမတို့အနေနဲ့ လာမယ့် ဒီဇင်ဘာ ၂၆ ရက်ဝန်းကျင်ဆိုရင် လေယာဉ်ပေါ် တက်ရမှာပါ။ အရမ်းလည်း ပျော်ပါတယ်။ ညီမလိုချင်တဲ့ အခွင့်အရေးရတဲ့ အတွက် သုခစုစံကိုလည်း ကျေးဇူးတင်ပါတယ်'' ဟု (၉)ကြိမ်မြောက် Scholarship အစီအစဉ်တွင် ရွေးချယ်ခံရ သည့် မြောက်ဒ ဂုံမြို့နယ်နေ မမေသဇင်မိုးက ပြောကြားခဲ့သည်။

ထိုသို့ မြန်မာ အမျိုးသမီးငယ်လေးများကို ပညာရည်မြင့်မားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေကာ အရည်အသွေး ပြည့်ဝပြီး တောက်ပသည့် ကြယ်ပွင့်လေး များ ဖြစ်စေသည့် အပြင် တိုင်းပြည်၏ ဖွံ့ဖြိုးရေး လုပ်ငန်းများကို တစ်ထောင့်တစ်နေရာ မှ ရင်ပေါင်တန်း ပါဝင် ဆောင်ရွက်နိုင်သည့် အခွင့်အရေးများ ရရှိစေမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ 

မြ၀တီ  

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...