မြန်မာနိုင်ငံကားဈေးကွက်အတွင်း အဝယ်လိုက်ဆုံး ကားငါးမျိုး

အတွဲ (၁၅)၊ အမှတ် (၁၆)
photo:google

ပြည်တွင်းကားဈေးကွက်အတွင်း အဝယ်လိုက်ဆုံးသော ကားအမျိုးအစားငါးမျိုးကို motors.com.mm မှ ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ၏ ကားဈေးကွက်လှုပ်ရှားမှုအနေအထားများနှင့် motors.com.mm တွင် လူကြိုက်အများဆုံး ကားများအပေါ် မူတည်၍ လတ်တလော ကားဈေးကွက်၏ အဝယ်လိုက်ကားများကို ထုတ်ပြန်
လိုက်ခြင်းဖြစ်သည်။ အဆိုပါကားများမှာ Toyota Probox, Honda Fit, Toyota Belta, Toyota Caldina, Toyota Mark II တို့ဖြစ်သည်။ Motors.com.mm တွင် တင်ထားမှုအများဆုံး၊ အသုံးပြုသူများ ရှာဖွေမှု အများဆုံး ကားအမျိုးအစားအနေဖြင့် Honda အမှတ်တံဆိပ်နှင့် Toyota အမှတ်တံဆိပ် ကားအမျိုးအစား များဖြစ်ကြောင်း သိရသည်။ motors.com.mm မှ အဆိုပါ ကားအမျိုးအစားငါးမျိုး အဝယ်လိုက်ခြင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း သုံးသပ်ထားသည်။

(1) Toyota Probox

ဈေးနှုန်းအတန်အသင့်နဲ့ အိမ်စီးကားအပြင် လုပ်ငန်းအတွက်လည်း အသုံးပြုနိုင်တဲ့ အချက်တွေနဲ့ အဝယ် လိုက်ခဲ့တဲ့ Toyota Probox ကတော့ မြန်မာနိုင်ငံမှာ အတော်လေးကို ဈေးကွက်လှုပ်ရှားခဲ့တာပါ။ တချို့သော အားနည်းချက်တွေရှိပေမယ့်လည်း အိမ်စီးအပြင်လုပ်ငန်းအတွက် ပစ္စည်းတင်နိုင်တဲ့ Estate Car ပုံစံဖြစ်ပြီး အင်ဂျင်ပါဝါကလည်း 1.3၊ 1.5 အမျိုးအစားဖြစ်တဲ့အတွက် ဆီစားနှုန်းလည်း သိပ်မများလှပါဘူး။

(2) Honda Fit

ရန်ကုန်ရဲ့မြို့တွင်းပိုင်းတွေမှာ ကားပါကင်ထိုးရတာ မလွယ်မှုတွေကြောင့် Hatchback အရွယ်အစား ကားတွေကို လူကြိုက်များပါတယ်။ Hatchback အမျိုးအစားကိုမှ ပုံစံအနေအထားသပ်ရပ်တဲ့ Honda Fit ကတော့ လူကြိုက်များတာ သိပ်တော့မဆန်းပါဘူး။ Honda Jazz လို့လည်း လူသိများပြီး ၂၀၁၀ ခုနှစ် မှာ ရောင်းအား ၃.၅ သန်းအထိ ရှိခဲ့တာပါ။ အခုလာမယ့် ၂၀၁၅ အတွက်ကိုလည်း တတိယမြောက် မျိုးဆက်ဖြစ်တဲ့ 2015 Honda Fit မော်ဒယ်အမျိုးအစားနဲ့ ဈေးကွက်ဝင်ရောက်လာဦးမှာကို Detroit Auto Show မှာ ပြသခဲ့ပါတယ်။

(3) Toyota Belta

ဆီစားနှုန်းသက်သာနိုင်ပြီး အင်ဂျင်ပါဝါ ၁.၃ ပုံစံနဲ့ အိမ်စီးဇိမ်ခံကားအဖြစ် လူကြိုက်များနေတဲ့ Belta ကတော့ အီတလီဘာသာစကားဖြစ်တဲ့ Bella Genta (Beautiful People) ကနေ ဆင်းသက်လာ တာ ဖြစ်ပါတယ်။ ဆလွန်းပုံစံနဲ့ Mark II, Crown တို့နဲ့ ဈေးကွက်အပြိုင်လိုက်နိုင်ပြီး မြန်မာနိုင်ငံ မှာတော့ ဈေးကွက်အဆင့် ၃ နေရာလောက်မှာ ရှိနေပါတယ်။

(4) Toyota Caldina

Caldina ကတော့ တံခါး ၅ ပေါက်၊ Van ပုံစံနဲ့ ၁၉၉၂ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံမှာတော့ Caldina Van, ကြက်တူရွေး၊ စက်ရုပ်နာမည်များဖြင့် လူသိများပြီး ဈေးကွက်ရပ်တည်မှု အဆင့် ၄ နေရာမှာ ရှိနေပါတယ်။ Caldina Van ကလွဲပြီး ကြက်တူရွေးနဲ့ စက်ရုပ်အမျိုးအစားများမှာကတော့ အတွင်းပိုင်းပြင် ဆင်မှုကောင်းမွန်တဲ့အတွက် လူကြိုက်များတဲ့ ကားအမျိုးအစားတစ်ခုအဖြစ် ရှိနေပါတယ်။

(5) Toyota Mark II

နံပါတ် ၅ နေရာမှာ ရောက်ရှိနေတဲ့ Mark II ဆိုတာကတော့ ၁၉၆၀ ပြည့်နှစ်များနောက်ပိုင်းမှာ စတင် အသုံးပြုခဲ့တဲ့ Toyota ရဲ့ Sub-Brand တစ်ခုပါ။ Toyota Corona Mark II (Cressida) ဆိုပြီး ၁၉၆၈ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး၊ မူလပုံစံဇိမ်ခံကားအမျိုးအစားဖြစ်ပြီး ဆလွန်းပိုင်းကျတဲ့ ကားတစ်စီးဖြစ်ပါတယ်။ Toyota Crown လို ဇိမ်ခံကားစစ်စစ်ကြီး မဟုတ်ပေမယ့်လည်း အတွင်းပိုင်းပြင်ဆင်မှုက သပ်ရပ်ပြီး Smart ကျတဲ့အတွက် အခုလတ်တလောပိုင်းမှာဆိုရင် ရွှေငါးတွေ အဝယ်ပြန်တက်နေတယ်လို့ ဈေးကွက်ထဲမှ သိရှိရပါတယ်။

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...