အခြေခံပညာကျောင်းများတွင် မဟာဘွဲ့ရများကို ဦးစားပေး ခန့်ထားမည်

ပုသိမ်၊ မတ် ၃၀
အခြေခံပညာ ကျောင်းများတွင် ဆရာ/ဆရာမများကို ခန့်ထားရာ၌ မဟာဘွဲ့ရများကို ဦးစားပေး ခန့်ထား မည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက ပြောကြား သည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနှင့် ဆရာ/ဆရာမများ ခန့်ထားခြင်းကို ဆောင်ရွက်နိုင်သော်လည်း တိုင်းအတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး ပညာရေး ကောလိပ်များမှ သင်တန်းဆင်းလာမည့် ဘွဲ့ရဆရာ/ ဆရာမ ၅၀၀ ကျော်ခန့်ရှိကြောင်း ယင်းကြောင့် ပြင်ပမှ လျှောက်ထားသူများ၏ ၁၅ ရာခိုင်နှုန်းသာ ခန့်ထားပေးနိုင်မည် ဖြစ်သောကြောင့် မဟာဘွဲ့ရများကိုသာ ဦးစားပေး ခန့်ထားရခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

“သင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမတွေ ခန့်ထားနိုင်ဖို့အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေ၊ မြို့မိမြို့ဖတွေ အထောက်အကူပြု အဖွဲ့များမှ တင်ပြထားတာတွေလည်း ရှိတယ်။ လွှတ်တော်မှာ အဆိုတင် သွင်း ခဲ့တာကြောင့် ပြည်ထောင်စုအစိုးရနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကိုလည်း တင်ပြထားပါတယ်” ဟု ဝန်ကြီး ဒေါ်ခင်စောမူက ဆက်လက် ပြောဆိုသည်။

လက်ရှိ အချိန်၌ ဧရာဝတီတိုင်းဒေသကြီးတွင် ကျောင်းသား ၅၅ ဦးလျှင် ဆရာတစ်ဦးနှုန်းဖြင့် သင်ကြားပေး ခဲ့သည်မှာ ၁၆ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ကျောင်းဆရာ/ဆရာမ ၅ သောင်းကျော် ခန့်ထားပေးရမည် ဖြစ်သော် လည်း ဆရာ၊ ဆရာမ ၄ သောင်းကျော်သာ ခန့်ထားပေးနိုင်သဖြင့် လစ်လပ်ဦးရေ တစ်သောင်းကျော် ရှိသည်ဟု ဧရာဝတီတိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူး ဦးကြည်အောင်က ပြောကြားသည်။

“အခုချိန်မှာ အရည်အချင်း ပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေ အများကြီး လိုပါတယ်။ ဒါမှသာ ဧရာဝတီ တိုင်းဒေသကြီးက ကျောင်းသားတွေရဲ့ ပညာရေး အဆင့်အတန်းက အခြားဒေသတွေနဲ့ ယှဉ်နိုင်မယ်” ဟု ၎င်းကဆိုသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခေါင်းစဉ်ဖြင့် ခွင့်ပြုခဲ့သော ကျောင်းပေါင်း ၃၃၂ ကျောင်း၊ ခရိုင်ပညာရေးမှူးရုံး ခြောက်ရုံးကို တည်ဆောက်ပြီး ဖြစ်ကြောင်း၊ ဖြည့်စွက်ဘတ်ဂျက် ခွင့်ပြုငွေဖြင့် လည်း ကျောင်းပေါင်း ၁၁၃ ကျောင်းကို ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက် ခဲ့သော်လည်း တိုင်းအတွင်း ကျောင်းလိုအပ်ချက်နှင့် ဆရာ လိုအပ်ချက်များ ရှိနေဆဲဟု တိုင်းဒေသ ပညာရေးမှူး ဦးကြည်အောင်၏ ပြောကြားချက်အရ သိရသည်။

The Voice Daily
March 31 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...