အဝလွန်မှုကို တိုက်ဖျက်ရေး ဝင်ရိုးစွန်း ဝက်ဝံများထံမှ အကူအညီရယူနိုင်ဖွယ်ရှိ



လူသားများ၏ အဓိက ကျန်းမာရေး ပြဿနာ တစ်ရပ်ဖြစ်သည့် အဝလွန်ခြင်းကို ဝင်ရိုးစွန်း ဝက်ဝံများ၏ အကူ အညီဖြင့် ဆန့်ကျင်တွန်းလှန်နိုင်ရန် ပညာရှင်များက မျှော်လင့်နေကြောင်း သိရှိရသည်။ အေးခဲနေ သည့် မြောက်ဝင်ရိုးစွန်း ဒေသတွင် နေထိုင်သည့် ဝက်ဝံဖြူကြီးများ၏ DNA သည် အဆီကို စွမ်းအင်မြင့်မြင့် မားမား ချေဖျက်နိုင်သည့် အစွမ်းသတ္တိမျိုး ပါဝင်ဖွဲ့စည်းနေကြောင်း သိရှိရသည်။ ဝင်ရိုးစွန်း ဝက်ဝံများတွင် သန္ဓေပြောင်း ဗီဇရင်းမြစ်များ ပါဝင်ဖွဲ့စည်းနေပြီး အဆီအက်ဆစ်များ၏ ဇီဝကမ္မဖြစ်စဉ်ပေါ် အဓိက သက်ရောက်မှု ရှိသည်။



သိပ္ပံပညာရှင်များက အဆိုပါ သဘာဝတရားကို အသုံးချကာ လူအများတွင် ဖြစ်ပေါ်တတ်သည့် အဝလွန်မှု ကို တိုက်ဖျက်နိုင်မည့် နည်းလမ်းတစ်ရပ်ကို ရှာဖွေနိုင်မည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။ ဝင်ရိုးစွန်း ဝက်ဝံကြီးများသည် အလွန်များပြားသည့် အဆီပမာဏကို စားသောက်ထားသည့်တိုင် သွေးကြောများ ပိတ်ဆို့ခြင်း မရှိသည်ကို တွေ့ရသည်။ ၎င်းတို့သည် ကမ်းစပ်တွင် သောင်တင်နေသည့် ဝေလငါး အသေကြီးများမှ အဆီများကို အလွန်အမင်း ဝါးမြိုသိုမှီးထားနိုင်ပြီး ယင်းအခြေအနေနှင့် ဆီလျော်မည့် DNAမျိုးဖြင့် ဖွဲ့စည်းထားသည်။



ဝင်ရိုးစွန်း ဝက်ဝံများ၏ အဓိက အစားအသောက် တစ်မျိုးမှာ အဆီပေါများလွန်းသည့် ပင်လယ်ဖျံကြီးများ ဖြစ် ကြသည်။ ဝင်ရိုးစွန်း ဝက်ဝံများ၏ ခန္ဓာကိုယ် အလေးချိန် ထက်ဝက်မျှသည် အဆီချည်းသက်သက် ဖြစ်သလို ၎င်းတို့တွင် ပါဝင်ဖွဲ့စည်းထားသည့် ကိုလက်စထရော ပမာဏသည်လည်း မိုးထိမတတ် မြင့်မားနေလေ့ရှိ သည်။ သို့သော်လည်း နှလုံးပြဿနာ ဖိစီးနှိပ်စက်မှုမျိုး လုံးဝမခံစားရချေ။ အမေရိကန်နိုင်ငံ၊ ဘာကလေရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပါမောက္ခ ရက်စ်မက်စ် နီလ်ဆင်နှင့် လုပ်ဖော်ကိုင်ဖက်များသည် ဝင်ရိုးစွန်း ဝက်ဝံကြီးများ၏ သဘာဝ အဆီချေဖျက် စွမ်းရည်ထူးကို လူသားများအတွက် အသုံးချနိုင်မည့် နည်းလမ်းမျိုး ရှာဖွေနေသည့် သုတေသီ အဖွဲ့တစ်ခုဖြစ်သည်။

ပါမောက္ခ နီလ်ဆင်က “ကျွန်တော်တို့ အဓိကထား လေ့လာနေတာက ဇီဝဖြစ်ပျက်မှုတွေဟာ ဗီဇပြောင်းလဲ တဲ့ အခြေအနေမှာ ဘယ်လိုများ အစီအစဉ်တကျ ဆက်နွယ်နိုင်သလဲ ဆိုတာကိုပါ။ ဥပမာ ပြောရရင် ဝင်ရိုးစွန်း ဝက်ဝံတွေဟာ သဘာဝအရ အဆီများလွန်းတဲ့ အစားအစာတွေကို စားသောက်ဖို့ မဖြစ်မနေ လိုအပ်တယ်။ ဒီအတွက် ဖြစ်လာတဲ့ အကျိုးဆက်ကိုလည်း ခံနိုင်ရည်ရှိတယ်။ ကျွန်တော်တို့ အဓိက လေ့ လာတာက ဒီလို DNAသဘောတရားဟာ လူသားတွေရဲ့ ဇီဝဖြစ်ပျက်မှုနဲ့ အသားကျနိုင်မလား ဆိုတာကိုပါ” ဟု ရှင်းပြခဲ့သည်။ အဆိုပါ သုတေသန ပြုလုပ်မှု မှတ်တမ်းများကို ဆေးပညာဂျာနယ် Cellတွင် ထည့် သွင်းဖော်ပြခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network
May 13 14
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...