ရေချိုးပြီးမှ ထမင်းစားပါ
အယူအဆ မှားယွင်းတတ်သည်
လူ့သဘာဝအရ အယူအတွေး အမြဲ မမှန်နိုင်။ မှားယွင်း သည့် အခါ မှားယွင်းတတ်ပါသည်။ အယူ အကောက် မှားယွင်းမူမှာ “သံသယ စိတ်” ထက်ဆိုးရွားသည်။ သံသယ စိတ်မျိုးသည် ယတိပြတ်မရှိ။ ချီတုံ ချတုံနှင့် တွေဝေဖင့်နှေးတတ်သည်။ အယူအဆ မှားယွင်း လက်ခံခြင်းမျိုးကား မှားနေမှန်း မသိ၍ (အမှားကို အမှန်ဟူ၍ ယူဆနေသောကြောင့်) ယုံကြည်စွာ လုပ်ဆောင်မိချေက အကျိုးကြီးစွာ ယုတ်တတ်ပေသည်။ ထို့ကြောင့် သံသယစိတ် (အမှား အမှန် မသိ အကျိုးကြီးစွာ ယုတ်တတ်ပေသည်။ ထို့ကြောင့် သံသယစိတ် (အမှား အမှန် မသိစိတ်) ထက် အယူအဆ မှားယွင်း ယုံကြည်မူသည် ပို၍ အန္တရာယ်ကြီးလှသည်။
မြန်မာမူ နယ်ပယ်တွင် မြန်မာနှင့် ကိုက်ညီသော၊ တစ်နည်းအားဖြင့် မြန်မာ့ ရေ မြေ သဘာဝ အခြေအနေ များနှင့် လိုက်ဖက်သော ကျန်းမာရေး အသိပညာပေး ဆောင်ပုဒ်ကလေးများ၊ ဆိုရိုးစကား ကလေးများ မြတ်နိုးဖွယ် ရှိနေသည်။
ရှေးလူကြီးများ ထားရစ်ခဲ့သော ဆိုရိုးစကား ကလေးများကို ကျင့်သုံးရာ၌ အယူအကောက် အဓိပ္ပာယ် မှားယွင်းစွာ လက်ခံထားတတ်သည့် ပုဂ္ဂိုလ်များ ရှိသည်။ သာမန် အာဖြင့် ကျန်းမာရေး ကောင်းမွန်နေစဉ် (တစ်နည်း ပါစက ၀မ်းမီး အစာကြေချက်စွမ်းကောင်း နေ့စဉ်၌ မထိခိုက်နိုင်သော်လည်း ၀မ်းမီးညံ့သူ၊ အသက်အရွယ် အိုမင်းသူ၊ ခွန်အားဗလ နည်းပါးနေသူတို့၌ကား အမှားမခံ ထိခိုက်တတ်သည်။
ရေချိုးခြင်း
ရေချိုးခြင်းသည် အလှဆင်ရန် သက်သက် မဟုတ်၊ တိုင်းရင်းဆေး ပညာ အမြင်အရ ကျန်းမာရေး အတွက်လည်း ဖြစ်သည်။ ကိုယ်လက်အင်္ဂါ သန့်စင် သပ်ရပ်လှပရေးကို ဦးတည်၍ ရေချိုး ကြရသည်ကား မှန်ပါ၏။ ရေချိုးတတ်မှ ကျန်းမာရေး စောင့်ရှောက်ရာကျမည်ကိုမူ သဘောပေါက်ထားသူ နည်းသည်။
ရေချိုးခြင်း အကျိုးမှာ သည်းခြေဒေါသ (အပူ) ကို ငြိမ်းအေးစေခြင်း။ သလိပ်ဒေါသ (အအေး) ကို မျှတစေခြင်း။ လေဒေါသ (သွေးလေလှည့်ပတ်မူ) ကို မှန်ကန်စေခြင်းစသည့် အကျိုးများကို ရတတ် သည်။ လေ၊ သည်းခြေ၊ သလိပ် (ဓာတ်သုံးပါး) ကို မျှတ မှန်ကန်စေခြင်းကို အားပေးသဖြင့် အာကာသ ဓာတ် (ကြည်လင်မူ၊ ပွင့်လင်းမူ၊ ပိုင်းခြားမူ သဘော) ကို ဆောင်သည်ဖြစ်၍ လူကို လန်းဆန်းစေသည်။ ဣနြေ္ဒတို့ကို ထောက်မသဖြင့် ကိုယ်သား ကိုယ်ရေ ကြည်လင်စေသည်။ ပေါ့ပါး သွက်လက်၍ ချမ်းမြေ့စေ သည်။ အားသစ်ကိုပြု၍ အမူကိစ္စ ကြီးငယ်တို့ကို စွမ်းဆောင်နိုင်စေသည်။ သြဇာဓာတ်ကို ဖြစ်စေ၍ အသက်ကိုပင် ရှည်စေတတ်သည်။
ရေချိုးရာ၌ ရေအေးချိုးခြင်းနှင့် ရေနွေးချိုးခြင်း ဟူ၍ နှစ်မျိုးကွဲသည်။ အကျိုး အပြစ်ချင်းလည်း မတူ၊ ခြားနား သည်။
ရေအေးချိုးခြင်းသည် ၀မ်းမီး (ပါစက) ကို တောက်ပစေသည်။ (ဆာလောင်ခြင်း ဖြစ်စေသည်)။ ပူသော အနာ၊ ယားနာ၊ ချွှေး အညစ်အကြေး (မလ) တို့ကို ထုတ်ဆောင်တတ်သည်။
စောင်းရွံ့သော (လေငန်းနာ) ရှိသူ၊ ထိပ်ခတ်နာ (နှာခေါင်းရောဂါ) ရှိသူ၊ အစာမကြေ ရောဂါရှိသူ၊ ၀မ်းဗိုက်တင်းရောင်သူ (၀မ်းကယ်သူ)၊ အစာစားပြီးစ ဖြစ်သောသူ၊ ထိုသူတို့အား ရေအေးချိုးခြင်းသည် မသင့်မြတ်၊ ရေနွေးစပ်သော ရေကိုသာ သုံးသင့်သည်။
လေနာ၊ သလိပ်နာ၊ ရှိသောသူတို့သည် ရေအေး မချိုးသင့်၊ ရေနွေးစပ်သော ရေကိုသာ ချိုးသင့်သည်။
ရေနွေးချိုးခြင်းသည် ခန္ဓာကိုယ် အောက်ပိုင်းအတွက် အားကိုး ဖြစ်စေနိုင်သည်။ ကိုယ်ခန္ဓာ အထက်ပိုင်း ကို ရေနွေးဖြင့် ချိုးခြင်းသာလျှင် ဆံပင်နှင့် မျက်စိတို့၏ အားကို ပယ်ပျက်စေတတ်သည်။ ခေါင်းကို မည်သည့် ကာလ မည်သည့်အချိန်မဆို ရေနွေးစပ်သော ရေနှင့် မလျှော်သင့်ချေ။
လူငယ် လူရွယ် လူလတ်ပိုင်းများ အနေနှင့် သည်းခြေအရွယ် (သည်းခြေ ဒေါသ ဖြစ်တတ်သည့် အရွယ်) ဖြစ်၍ ရေအေးကိုသာ ၀အောင် ချိုးသင့်သည်။
ကလေးသူငယ်နှင့် အသက်အရွယ်ကြီးသူ တို့သည် ရေနွေး အနည်းငယ် စပ်သောရေခြင့် ရေချိုးသင့်သည်။
ရေမချိုးမီ ခြေထောက်ပိုင်း အား ရေ ၀အောင် အေး အောင် လောင်းပြီးမှ ရေချိုးမူ စတင်သင့် သည်။ ခေါင်းလျှော်မည် ဆိုပါက ခြေကိုရေအေးနှင့် ဦးစွာ လောင်းပြီး နောက်မှ ခေါင်းလျှော်သင့်သည်။
ရေမချိုးမီ ရေအေးအနည်းငယ် သောက်သုံးခြင်း။ ဆီးသွားခြင်း၊ ခရီးရောက်မဆိုက် ရေမချိုးသေးဘဲ နားနေပြီးမှ (အပူအအေး မျှလာမှဝအောင် ရေချိုးခြင်း။ နွေရာသီ အလွန်ပူသော အချိန်၌ ရေချိုးခြင်း မှ ရှောင်ကြဉ်ခြင်း။ စားပြီး အစာကြေလောက်မှ ရေချိုးခြင်း စသည်တို့မှာ ကျန်းမာရေး အတွက် ကောင်း မွန် သော အလေ့အထများ ဖြစ်သည်။
မျက်နှာ မသစ်မီ ကြိုတင်၍ ရေ ငုံပေးခြင်း၊ နှာခေါင်းတွင် ရေအနည်းငယ် ရူ၍ ပြန်မူတ်ပစ်ခြင်း၊ အိပ်ရာ မ၀င်မီ ခြေအောက်ပိုင်း ရေဆေး၍ ကောင်းစွာသုတ်ပြီး အိပ်ရာဝင်ခြင်း၊ အိပ်ရာထချိန် မျက်နှာ သစ်ပြီး ရေအေး သင့်တော်ရုံသောက်ခြင်း စသည်တို့မှာ ကျန်းမာရေး အတွက် ကောင်းမွန်သော အလေ့အထကလေးများ ဖြစ်သည်။
ရေချိုးရမည့်အချိန်
ရေချိုးရမည့် အချိန်ကာလကို “ဆောင်း တစ်ဆယ်၊ နွေကိုး၊ မိုးခုနှစ်၊ ရေချိုးစနစ်” ဟူ၍ မှတ်သား ထားရ မည်။ မြန်မာနိုင်ငံတွင် နေထိုင်လျှက်ရှိသော မြန်မာတို့အတွက် ရာသီဥတုအလျှောက် ရေချိုးသင့်သော အချိန်ကာလကို စက်နာရီနှင့် တွဲစပ်၍ ပြထားသည့် ဆောင်ပုဒ်ကလေးဖြစ်သည်။
ဆောင်းကာလ နံနက် ဆယ်နာရီအတွင် ရေချိုးသင့်သည်။ ဆယ်နာရီကျော်လွန်ပါကမသင့်၊ နွေရာသီ၌ကား နံနက်ကိုးနာရီ အတွင်းသာ ရေချိုးရန် အကောင်းဆုံး အချိန်ဖြစ်သည်။ မိုးတွင်း ကာလများ၌ကား နံနက် ခုနှစ်နာရီ အတွင်း ရေချိုး၇န် သင့်မြတ်သည်။ (မိုးရွာသော ရက်များကို ဆိုလိုပါ၏)။
ရေချိုးသင့်သော အချိန်ကာလများကို နံနက်ပိုင်း၌သာ ပြဆိုထားသည်ကို တွေ့ရပါမည်။ အခြားအချိန်၌ ရေချိုး ရန် မသင့်။ ကျန်းမာရေး စောင့်ရှောက်တတ်လေ့ရှိသူ၊ နလန်ထစ ပုဂ္ဂိုလ်၊ အသက်အရွယ်ကြီးရင့် သူတို့အတွက် ထိုအချိန်များ၌ ရေချိုးခြင်းသည် လွန်စွာ သင့်မြတ်လှ၏။ မွန်းလွဲကာလ ရေချိုးခြင်း၊ အလွန် ပူသော နေ့အချိန် ရေချိုးခြင်း၊ ညဉ့်ကာလ ရေချိုးခြင်း တို့ကို ရှောင်သင့်သည်။ အကယ်၍ မလွဲ မရှောင်သာ ရေချိုးရပါက ရေချိုးအပြီး အခိုးပွင့်ဆေး ရေနွေးနှင့် သောက်ခြင်း၊ ကော်ဖီပူပူ သောက်ခြင်း၊ ထူထဲသော အ၀တ်များ ၀တ်ခြင်း စသည်ဖြင့် ချွေးပြန်ရအောင် ပြုသင့်သည်။
အစာဝစဉ် ရေချိုး ဆင်ခြင်
စးလိုက်သမျှသော အစာကို အစာအိမ်မှ လက်ခံပြီး ကြေချက်မူ စတင် ပြုရသည်။ အနောက်တိုင်း၊ ဆေး ပညာ ၏ အဆိုအရ အစာတစ်မျိုးသည် လေးနာရီအတွင်း ကြေညက်သွား ရသည်ဟု ဆိုသည်။ နူးညံ့သော အစာ (ကြေလွယ်သော အစာ) များမှာမူကာ နာရီဝက် တစ်နာရီနှင့် ကြေညက်၍ လူကို အကျိုးပြုသည်။ အစာ ကြေညက်လောက်သော အချိန်ရောက်မှ ရေချိုးခြင်းသည် အပြစ်ကင်း၍ အကျိုးရှိစေမည် ဖြစ်သည်။ အစာဝ နေစဉ်၊ သို့မဟုတ် အစာစားပြီး ချက်ချင်း ရေချိုးခြင်းကို မပြုသင့်ပါချေ။
အကောင်းဆုံးကား အစာမစားမီ ရေချိုးပြီးမှ စားသင့်လှပါ၏။
မေတ္တာရိပ်