မြွေကိုက်ခံရသော လူနာများ အချိန်နောက်ကျပါက မြွေဆိပ်ဖြေဆေး ပိုထိုးရ



မြွေကိုက်ခံရသော လူနာများ အနေဖြင့် ဆေးအချိန်မီ ထိုးရန် နောက်ကျပါက မြွေဆိပ်ဖြေဆေးကို ၁၆ လုံးမှ ၁၈ လုံးခန့် အထိ ထိုးရလေ့ရှိကြောင်း သိရသည်။ မြွေကိုက်ခံရသော လူနာများအား မြွေဆိပ်ဖြေဆေး ထိုးရ သည့် အလုံးအရေအတွက်မှာ မြွေကိုက်ခံရသည့် အချိန်နှင့် မြွေဆိပ်ဖြေဆေး ထိုးသည့်အချိန် ကွာဟ ချက်ပေါ်တွင် မူတည်ပြီး တစ်ဦးနှင့် တစ်ဦး ကွာခြားနိုင်ကြောင်း သိရသည်။

မြွေကိုက်ခံရသူများ၏ အသက်အန္တရာယ်ကို မြွေဆိပ်ဖြေဆေး ထိုးတိုင်း ကာကွယ်နိုင်မည် မဟုတ် ဘဲ မြွေကိုက်ခံရသည့် အချိန်နှင့် မြွေဆိပ်ဖြေဆေး ထိုးသည့် အချိန်ကွာဟချက် အပေါ်တွင် မူတည်၍သာ ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ မြွေဆိပ်ဖြေဆေးမှာ မြွေဆိပ်ပျံ့နှံ့မှု အနေအထားပေါ်တွင် မူတည်ပြီး အသုံးပြုရသည့် အလုံးအရေအတွက်မှာ ကွာခြားကြောင်း သိရသည်။

“မြွေဆိပ်ဖြေဆေး ထိုးတိုင်း အသက်အန္တရာယ်ကို ကာကွယ်နိုင်တာ မဟုတ်ဘူး။ ကိုက်တဲ့ အချိန်နဲ့ ထိုးတဲ့ အချိန် ကွာခြားလေ အန္တရာယ်များလေပဲ။ မြွေကိုက်ခံရတဲ့ အချိန်ကြာပြီး သက်ဆိုင်ရာ အင်္ဂါရပ်တွေကို ပျံ့နှံ့ရင် အလုံးရေ ပိုထိုးရမယ်” ဟု အမှတ် (၁) ဆေးဝါးစက်ရုံ ရန်ကုန်မှ ဒုတိယ အထွေထွေ မန်နေဂျာ ဒေါက်တာအောင်ဇော်က ပြောသည်။ 

ယင်းအပြင် မြွေကိုက်သည့် အချိန်နှင့် မြွေဆိပ်ဖြေဆေး ထိုးသည့် အချိန် ကွာဟချက်ပေါ်တွင် မူတည်ပြီး မြွေဆိပ်ဖြေဆေး ပိုမိုထိုးရသည့် အခါတွင် ပုံမှန်ထက် နှစ်ဆ၊ သုံးဆ ပိုမိုပြီး ထိုးရလေ့ရှိကြောင်း၊ ပုံမှန်တွင် မြွေဆိပ်ဖြေဆေး လေးလုံးမှ ရှစ်လုံးအထိ ထိုးရပြီး ဆေးထိုးသည့် အချိန် နောက်ကျပါက ၁၆ လုံးမှ ၁၈ လုံးအထိ ထိုးရကြောင်း သိရသည်။

“လွဲမှားနေတာက မြွေကိုက်တယ်ဆိုရင် တိုက်နယ်ဆေးခန်းတွေဆီကို တန်းမသွားဘူး။ ဗိန္ဓောဆရာဆီကို အရင်သွားပြီး စုတ်ထိုးကြတာ။ မြွေကိုက်ခံရတဲ့ သူတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့ဆိုရင် လူနာရှင်တွေ အနေနဲ့ ပူးပေါင်းမှ ရမယ်။ မြွေဆိပ်ဖြေဆေးကသာ အဆိပ်ဖြေ ကုသနည်း အတွက် တစ်ခုတည်းသော အကောင်းဆုံး ကုသနည်း ဖြစ်တယ်” ဟု ဆက်လက် ပြောကြားသည်။

(The Flower News)
Khit Lu Nge

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...