မြန်မာမှုကို ကြံဖန်ပြုခြင်း

Wednesday, 02 October 2013 11:43 Written by ကျော်ဗလ



ယနေ့ခေတ်တွင် နည်းပညာများက တိုးတက်မှုမြန်သလောက် လူတို့၏တုံ့ပြန်ခံယူနိုင်စွမ်းများ က နောက်ကျ ကျန်နေရစ်ခဲ့ သည်။ သို့ဖြစ်ရာ နည်းပညာနှင့်ပတ်သက်သမျှသော အကြောင်းအရာများကို အများသိစေ ရန် ဖော်ဆောင်ပြရာတွင်လည်း ဝေါဟာရတစ်ကို အမှန်ဖလှယ်ခြင်းထက်၊ အသံဖလှယ်ခြင်းကို သာ အားပြုကြရသည်ကများပါသည်။

ကျွန်တော်တို့သည် ရှေးခေတ်ကတည်းက အချို့သော အင်္ဂလိပ်စာလုံးများကို မြန်မာမှုပြုကာ ကျေနပ်နှစ် သက်စွာ အသုံးပြုခဲ့ကြ သည်။ ဥပမာ ကား (Car) ဖြစ်သည်။ ကားကို မူရင်း အင်္ဂလိပ်ဘာသာစကားတွင် "a road vehicle, usually with four wheels and powered by an internal-combustion engine, designed to carry a small number of passengers" ဟူ၍ အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။

ယင်းကို ကျွန်တော်တို့က “လမ်းပေါ်သို့သွားသော ဘီးလေးဘီးတပ် အတွင်းအားအင်ဂျင်ဖြင့် လူသယ်ဆောင်ရန် ပြုလုပ်ထား သောယာဉ်” ဟု ရှည်လျား ထွေပြားစွာ ဘာသာပြန်ဖော်ပြရမည်လော။ လူတိုင်းက “ကား” ဟုတစ်လုံးတည်းပြောလိုက်လျှင် သိနေသည့် ကိစ္စတစ်ခုကို အတင်းအဓမ္မ ဘာသာပြန်ပြနေစရာမလိုဟု ထင်ပါသည်။

အလားတူပင် "Computer" ကိုလည်း “ကွန်ပျူတာ” ဟုပြောလိုက်ကြရုံသာရှိသည်။ အဘယ်ကြောင့် ဆိုသော် ကွန်ပျူတာ ဆိုသည်မှာ လက်နှိပ်စက်နှင့် ရုပ်မြင်သံကြားကို ပေါင်းစပ်ထားသောအရာဟု သွားရှင်းနေလျှင် ပိုရှုပ်နိုင်သောကြောင့်ဖြစ်သည်။ ကွန်ပျူတာဝေါဟာရတွင် Mouse ကို “ကြွက်” ဟုဘာ သာပြန်၍မရပေ။ အလားတူပင် Keyboard, Monitor တို့သည် လည်း သူ့သဘောသူဆောင်နေသော ပစ္စည်းများသာဖြစ်သည်။ ယင်းကို အတင်းအဓမ္မ မြန်မာမှုလိုက်ပြုပြနေစရာမလိုပေ။

အချို့သောကိစ္စများတွင် အင်္ဂလိပ်လိုသိလွယ်သောစာလုံးများကို မြန်မာလိုလိုက်သုံးပြနေသည်က ပိုဆိုး သည်ဟုထင်ပါသည်။ ဥပမာ WCDMA ဆိုသည့် စာလုံးကို ဤအတိုင်း သုံးလိုက်လျှင် သိလွယ်ထင် ရှားသော်လည်း “ဒဗလျူ စီဒီအမ်အေ” ဟုဖော်ပြ လိုက်မှ ပိုပြီး ဇာတ်လမ်းကရှုပ်သွားတော့သည်။

ယနေ့ခေတ်မီဒီယာတွေကထွန်းကားပြီး ဂျာနယ်တိုက်၊ သတင်းစာတိုက်တွေကလည်း တိုးတက်များပြား လာပါသည်။ ထိုတိုက် ပေါင်းများစွာတွင် သူတို့အခေါ် "House Style" ဆိုသည့် စကားလုံးတစ်လုံးရှိပါ သည်။ ယင်းကိုပင် မည်သို့ ဘာသာပြန်ရ မည်နည်းဆိုသည်မှာ မူကွဲများစွာရှိနိုင်သည်။ House Style ကို ဤအတိုင်းပြောလိုက်လျှင် နားလည်လွယ်သော်လည်း “အိမ်ပုံစံ” “တိုက်ပုံစံ” “ရုံးဟန်” “ဂေဟာနည်း” အမျိုးမျိုးသုံးကြည့်မိသည်။ တစ်ခုမျှ အဆင်မပြေကြောင်းတွေ့ရပါလိမ့် မည်။

အင်္ဂလိပ်စကားဖြစ်သည့် liquids ကို (အရည်)၊ solids ကို (အစိုင်အခဲ)၊ gases ကို (အငွေ့) ဟုပြန်ဆို သုံးစွဲကြ ခြင်းသည် လူတိုင်းနားလည်နိုင်သော အဓိပ္ပာယ်ပြန်ဆိုချက်များဖြစ်သည်။ ယင်းကို ရွှေပြည်ဝန်မင်း က မြန်မာမှုပြုသလို ဃနဓာတ်၊ ဒဝဓာတ်၊ ဇမဓာတ်ဟု ဆိုလိုက်လျှင် ရှုပ်ကုန်လိမ့်မည်ဖြစ်သည်။

အင်္ဂလိပ်စာမတတ်ဆိုသည့် လူတန်စားကြား၌ တွင်ကျယ်နေသည့် စကားလုံးများရှိပါ သည်။ လောက်စပီ ကာ (loud speaker)၊ မိုက် (microphones)၊ နပ် (nut)၊ ကရိုင်းရှပ် (crank shaft)၊ ကွန်ပေါင်းဒါ (compounder)၊ ဖောင် (form)၊ ဂျာနယ် (journal)၊ ချလန် (challan)၊ ဒိုင်နမို (dynamo)၊ ဝိုင်ယာ (wire)၊ ကတ်တလိတ် (cutlet)၊ ဝါးရမ်း (warrant)၊ သမ္မန် (summons)၊ စတင်းဂန်း (Sten gun)၊ မော် တာ (motor) အစရှိသည့် လူတိုင်းနှင့် ရင်းနှီးနေသော မွေးစားစာလုံးများကိုလည်း ယနေ့ခေတ်မှ အဓိပ္ပာယ်အတင်းပြန်ပြီး မြန်မာမှု လိုက်ပြုနေလျှင် မရောင်ရာဆီလူးပြီး၊ ရေနှူးနေသလိုဖြစ်ပေလိမ့်မည်။

အချို့သောစာလုံးများမှာ မြန်မာမှုကို ကျနစွာပြုစုထားပြီး နှုတ်ကျိုး၊ မျက်စိကျိုးဖြစ်နေသဖြင့် ယင်းစာလုံး များကို အတင်း အဓမ္မထပ်မံပြုပြင်ပြောင်းလဲစရာမလိုဟု ယူဆပါသည်။ ဥပမာ white collar employee (ကော်လာဖြူ အလုပ်သမား)၊ to give green light (မီးစိမ်းပြသည်)၊ to wage a cold war (စစ်အေးတိုက် သည်)၊ paper tiger (စက္ကူကျား)၊ cultural revolution (ယဉ်ကျေးမှုတော်လှန်ရေး)၊ fifth columnist (ပဉ္စမံတပ်သား) ဆိုသည့် စကားလုံးများဖြစ်သည်။

အချို့သောစာလုံးများသည် ခေတ်လူငယ်များ ပါးစပ်ဖြားတွင် အလွယ်သုံးစကားလုံးများ အဖြစ် ပေါ့ပါးစွာ ထုတ်သုံးမှုများရှိ ကြောင်းကိုလည်းတွေ့ရသည်။ ဥပမာ ကွန်ပျူတာ၊ အင်တာနက်သုံးလေ့ရှိသော လူငယ်များက “ဟေ့ နင့်ကို အဲဒီ ပုံလေး ရှဲ လိုက်မယ်” ဟု လွယ်ပြောခြင်းကို ဤလောကသားတွေ နားယဉ်ပြီး နားလည်ကြသည်။ သူတို့ပြောသည့် ရှဲ ဆိုသည်မှာ (Share) ကိုဆိုလိုပါ သည်။ ခေတ်သုံး အနေဖြင့် ကွန်ပျူတာ သို့မဟုတ် ဖုန်းတစ်ခုခုမှ ရရှိထားသည့် ဒေတာများ၊ ပုံများကို အခြားတစ်ဦးဦးက ဖတ်ရှုနိုင်ရန်၊ အသုံးပြုနိုင်ရန် လွှဲပြောင်းပေးအပ်ခြင်းဆိုသည့် သဘောဆောင်ပါသည်။

Share ကို ယခင်က လုပ်ငန်း အစုရှယ်ယာ၊ ဝေစုအနေဖြင့်သာ သိထားကြပါ သည်။ ကွန်ပျူတာခေတ် ရောက်သောအခါ Share သည် အဓိပ္ပာယ်တစ်မျိုးဆောင်သွားသည်။ အလားတူပင် Save ကို ကယ်တင်သည့်သဘော၊ စုဆောင်းသည့်သဘော ဆောင်သော်လည်း ကွန်ပျူတာခေတ်တွင် Save လုပ်ခြင်းသည် သိမ်းဆည်းသည့်သဘောဆောင်သွားသည်။ သို့သော် ကွန်ပျူတာသုံးအနေဖြင့် “File တွေကို Save လုပ်ထားလိုက်ပါ” ဟုပြောလျှင် သိပြီးသားဖြစ်နေသည့်ကိစ္စကို “စာတွဲကို သိမ်းထား လိုက်ပါ” ဟုပြောလျှင်လည်း အဆင်ပြေနိုင်မည်မဟုတ်ပါ။ ကွန်ပျူတာသုံးတတ်သူတွေက File, Share, Save စသည့်စကားလုံးများကို ရိုးအီစွာသိရှိသုံးနေသည်ကို အတင်းမြန်မာမှုပြုပြနေလျှင် အထင်ကြီးလာ လိမ့်မည် မဟုတ်ပေ။

အချို့သော စကားလုံးများသည် သူ့သဘောသူဆောင်ခြင်းက ပိုကောင်းပါသည်။ စာဖတ်သူတွေကို နားမလည်နိုင်ဘူးဆိုသည့် အထင်အမြင်သေးမှုမျိုးဖြင့် ရှင်းပြလေ ရှုပ်လေဖြစ်စေရန် ပညာမပြသင့်ဟု ယူဆပါသည်။ စာတစ်ပုဒ်ကို ကောက်ကိုင်ဖတ် လိုက်ကတည်းက သူ့အဆင့်နှင့်သူ ဖတ်ချင်စိတ် ရှိသောကြောင့်ဖတ်သည်။ နားမလည်လျှင်လည်း နားလည်အောင် သူ့အသွင် သူဆောင်ပြီး ကြိုးပမ်း သွားကြမည်သာဖြစ်သည်။ နေရာတကာတွင် ဆရာနှင့်တပည့်ပုံစံအသွင်မှတ်ယူပြီး လိုက်သင်နေ၊ ငှက်ပျောသီးကို အခွံခွာပြီး လိုက်ခွံကျွေးနေခြင်းမှာ စေတနာမှန်မဟုတ်ဟု မြင်ပါသည်။

စာပြင်ဆရာတို့သည် ပြင်ခွင့်ရှိသဖြင့် ပြင်ကြရမည်ဖြစ်ပါသည်။ သူတို့ပြင်လိုက်သဖြင့် ရုပ်လုံးကြွသွားသော စာစုများလည်း ရှိပါသည်။ သို့သော် သူ့နေရာ၊ သူ့ဓလေ့၊ သူ့စရိုက်၊ သူ့အနေအထားအလိုက်နား လည်ပြီးမှ ပြင်စေချင်ပါသည်။ House ဆိုသည်မှာ အိမ်၊ တိုက်၊ တဲ၊ ရုံ၊ ရုံး၊ တင်းကုပ်၊ ဂေဟာ၊ လွှတ်တော်စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်သည်။ နွားတင်းကုပ် ဟု ပြောရမည့်နေရာ တွင် နွားလွှတ်တော်ဟု သုံးလိုက်ပါက ဒုက္ခရောက်နိုင်သည်။

တစ်ခါက ဆရာတော်ကြီးတစ်ပါးသည် “ကျောင်း” ကို “ကြောင်း” ဟုမှားယွင်းရေးမိသည်ကို တကာများက အပြစ်တင်သဖြင့် “ဟေ့ ငါ့ဘာသာ ရရစ်နဲ့ ကြောင်း၊ ကြောင်း။ ယပင့်နဲ့ ကျောင်း၊ ကျောင်း ဘယ်သူကမှ အိမ်လို့ မဖတ်ဘူးကွ” ဟူ၍ တစ်ယူသန် ပြောလိုသူများနှင့် မငြင်းခုန်လိုပါ။ သူ့နေရာနှင့်သူ မှန်ကန်စေ ချင်သောစေတနာဖြင့်သာ ရေးခြင်းဖြစ်ပြီး၊ ကျွန်တော်သည် ပညာရှင်လည်း မဟုတ်ကြောင်းကို ဝန်ခံချင်ပါသည်။ ဆိုလိုချင်သည်မှာ သတ်ပုံမင်းမဲ့ဝါဒဖြင့် ငါ့စတိုင် ငါဘယ်လိုကိုင်ကိုင် မလုပ်စေလိုသည့် သဘောနှင့် ဆွေးနွေးခြင်းသာဖြစ်ပါသည်။ ဘာသာစကားတစ်ခုအတွက် “စံ” တစ်ခုခုတော့ ရှိသင့်၊ ထားသင့်၊ သတ်မှတ်သင့်ပြီထင်ပါသည်။ ဘယ်အရာကို အမှန်ယူ၊ ဤမူအတိုင်း သုံးစွဲနိုင်သည်ဟု တစ်ခုခုဖြင့် သတ်မှတ် ပြဋ္ဌာန်းလိုက်လျှင် ပြီးနိုင်မည်ထင်ပါသည်။ အများညီမှ ဤ ကို ကျွဲ ဖတ်ရနိုင်ပါသည်။

Makkha Education Foundation

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...