သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကို မန္တလေး၌ တည်ဆောက်

 

အိန္ဒိယနှင့်ပူးပေါင်း၍ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကို မန္တလေးမြို့၌ တည်ဆောက်သွားမည်ဟု သိရသည်။

“သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ပါ။ အိန္ဒိယနဲ့ပေါင်းပြီး ပြင်ဆင်နေတာပါ။ တရားဝင်တော့ မကြေညာသေးဘူး။ ကွန်ပျူတာနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေကို သင်မှာပါ” ဟု သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် ပတ်သက်၍ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မီမီသက်သွင်က ပြောသည်။

အဆိုပါတက္ကသိုလ်ကို မည်သည့်ပညာသင်နှစ်၌ စတင်တက်ရောက်ခွင့်ပြုမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း၊ တက္ကသိုလ်၌သင်ကြားမည့် ဘာသာရပ်များနှင့် ပေးအပ်မည့်ဘွဲ့များကို ပညာသင်နှစ် စတင်သည့်အခါ သတင်းစာများမှတစ်ဆင့် ခေါ်ဆိုသွားမည်ဖြစ်ကြောင်း ပါမောက္ခချုပ်က ပြောသည်။

မြန်မာနိုင်ငံ၌ ကွန်ပျူတာတက္ကသိုလ် ၂၅ ခုနှင့် နည်းပညာတက္ကသိုလ် ၃၃ ခုရှိကြောင်း၊ ရန်ကုန်နှင့် မန္တလေးမြို့ရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့ကို ဦးစွာအဆင့်မြှင့်တင်ရန် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ၂၀၁၂ ခုနှစ်အတွင်း အစီအစဉ်ရေးဆွဲခဲ့သည်။ အိန္ဒိယနှင့် မြန်မာသည် သတင်းအချက်အလက်နည်းပညာကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည့်အပြင် အခြားသောကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

Internet Journal
အတွဲ (၁၄)၊ အမှတ် (၃၈)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...