Malaria Vaccine


အာဖရိက ကလေးငယ် တွေမှာ ငှက်ဖျား ဖြစ်တဲ့ ဦးရေ သိသိသာသာ လျော့နည်း သွားတာကို တွေ့ရှိ ပြီးနောက်မှာ UKက GlaxoSmithKline ဆေးကုမ္ပဏီ ဟာကမ္ဘာ့ ပထမဆုံး ငှက်ဖျား ကာကွယ်ဆေး ခွင့်ပြုချက်ရဖို့ လုပ်ဆောင် နေပါပြီ။

UK ကဆေးကုမ္ပဏီ GlaxoSmithKline (GSK) ဟာကမ္ဘာ့ ပထမဆုံး ငှက်ဖျား ကာကွယ်ဆေး ခွင့်ပြုချက်ရဖို့ လုပ်ဆောင် နေပါပြီ။ ၎င်းကာ ကွယ်ဆေး စမ်းသပ် လေ့လာမှု အရ အာဖရိက ကလေးငယ် တွေမှာ ငှက်ဖျား ဖြစ်တဲ့ ဦးရေ သိသိသာသာ လျော့နည်း သွားတာကို တွေ့ရှိရ ပြီးနောက် ဆေးဝါး ကွပ်ကဲရေး ဌာနတွေမှ ထုတ်လုပ်ခွင့် တောင်းခံတာ ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးက အလားအလာ အများကြီး ရှိပါတယ် လို့ ကျွမ်းကျင်သူ များက ဆိုပါတယ်။



ခြင်မှတဆင့် ကူးစက် တတ်တဲ့ ငှက်ဖျား ရောဂါဟာ ကမ္တာတဝှမ်းမှာ တစ်နှစ်ကို လူသိန်းပေါင်း များစွာကို သေစေနိုင်တဲ့ ကူးစက်ရောဂါတစ် မျိုးပဲ ဖြစ်ပါတယ်။ ဒီရောဂါကို အမြစ်ကနေ သုတ်သင်ဖို့ ထိရောက်တဲ့ ကာကွယ်ဆေးက အဓိက ကျတယ်လို့ သိပ္ပံပညာရှင် များက ဆိုပါတယ်။ RTS,S လို့ခေါ်တဲ့ ဒီကာကွယ်ဆေးဟာ စမ်းသပ်မှု များအရ ကာကွယ်ဆေး ထိုးပြီး တစ်နှစ်ခွဲ အကြာမှာ အသက် ၅လမှ ၁၇လသား က လေးငယ် များမှာ ကာကွယ်ဆေး မရရှိတဲ့ ကလေးငယ် တွေနဲ့ နှိုင်းယှဉ် လိုက်ရင် ငှက်ဖျားဖြစ်သူ ဦးရေ ၄၆% လျှော့ချနိုင်ပြီး အသက် ၆ ပတ်မှ ၁၂ပတ် မွေးကင်းစ ကလေးငယ် များမှာတော့ ၂၇ရာခိုင်နှုန်းခန့် လျှော့ချ ပေးတာကို တွေ့ရှိရ ပါတယ်။ ဒီကာကွယ်ဆေးမှာ ငှက်ဖျားပိုး လူကို ကူးစက်တဲ့ ပထမ အဆင့် sporozoite အကောင်ငယ် လေးတွေမှာ ပါရှိတဲ့ RTS နဲ့ S ဆိုတဲ့ ပရိုတင်းတို့ ပါရှိပြီး လူခန္ဓာကိုယ် ခုခံအား စနစ်မှ ဒီပရိုတင်း အပိုင်းအစ တွေကို တိုက်ဖျက်ဖို့ ပဋိပစ္စည်းတွေ ထုတ်လုပ် ပေးခြင်း အားဖြင့် ငှက်ဖျားပိုး အန္တရာယ်မှ ကာကွယ် ပေးမှာ ဖြစ်ပါတယ်။



GSK ဟာ RTS,S ကာကွယ်ဆေးကို Bill & Melinda Gates Foundation မှပံ့ပိုးတဲ့ အမြတ်အစွန်း အတွက် ဖွဲ့စည်းထားတာ မဟုတ်တဲ့ Path Malaria Vaccine Initiative (MVI) နဲ့ ပူးပေါင်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Burkina Faso မှဆေးစမ်းသပ်မှုမှာ အဓိက တာဝန် ယူရတဲ့ Halidou Tinto က "ဆေးရုံ လူနာဆောင် တွေမှာ ငှက်ဖျား လူနာ သန်းပေါင်း များစွာနဲ့ ပြည့်နှက် နေပါတယ်။ ခြင်ထောင် အသုံးပြု ခြင်းနဲ့ အခြားနည်းလမ်း တွေဘက်မှာ တိုးတက်မှုတွေ အများကြီး ရှိပေမယ့် ဆိုးရွားလှတဲ့ ဒီရောဂါကြီးကို တိုက်ဖျက်ဖို့ လက်နက် ကိရိယာ ပိုလိုအပ် နေတာပါ။" လို့ပြောသွား ပါတယ်။ ဒီငှက်ဖျား ကာကွယ်ဆေး စမ်းသပ်မှုဟာ အာဖရိကမှာ အကြီးဆုံးသော ဆေးစမ်းသပ် မှုကြီး ဖြစ်ပြီး နိုင်ငံ ခုနစ် နိုင်ငံမှ ကလေးငယ် ၁၅,၅၀၀ ပါဝင်ခဲ့ ပါတယ်။ စမ်းသပ်မှု ရလဒ်တွေကို တောင်အာဖရိက နိုင်ငံ Durban မြို့မှာ ပြုလုပ်ခဲ့တဲ့ ဆေးပညာ အစည်းအဝေး တစ်ခုမှာ တင်ပြခဲ့ ကြတာ ဖြစ်ပါတယ်။



"ဒီရလဒ် တွေပေါ် အခြေခံပြီး GSK က၂၀၁၄မှာ ဥရောပ ဆေးပညာ အေဂျင်စီ (European Medicines Agency - EMA) ထံဆေးဝါး ကွပ်ကဲမှု လျှောက်လွှာ တင်ဖို့ ဆန္ဒရှိ ပါတယ်။" လို့ GSK ကထုတ်ပြန်ချက် တစ်ခုမှာ ဖော်ပြပါ ရှိပါတယ်။ GSK ရဲ့ပြောရေး ဆိုခွင့် ရှိသူက AFP သတင်း ဌာနကို ပြောကြား ရာမှာ EMA ကိုတင်ပြ ချိန်မှာ ဆင်းရဲတဲ့ နိုင်ငံတွေ အတွက် ဆေးဝါး အသစ် ထုတ်လုပ်မယ့် လုပ်ထုံး လုပ်နည်းလမ်း ကြောင်း အတိုင်း ခွင့်ပြုချက် တောင်းခံမှာ ဖြစ်ပါတယ်လို့ သိရပါတယ်။ GSK ဟာဒီကာကွယ် ဆေးကို ထုတ်လုပ် နေတာ နှစ်သုံးဆယ် ရှိပါပြီ။ ထုတ်ပြန်ချက်မှာ နောက်ထပ် ပါရှိတာ ကတော့ အကယ်၍ EMA ရဲ့ဆေးဝါး ကွပ်ကဲသူ တွေက လိုင်စင် လျှောက်လွှာကို ခွင့်ပြုလိုက်ရင် ဂျီနီဗာ အခြေစိုက် ကမ္တာ့ ကျန်းမာရေး အဖွဲ့ကြီး (World Health Organization - WHO) ကဒီကာကွယ် ဆေးကို အစောဆုံး ၂၀၁၅ ခုနှစ်မှာ စတင် သုံးစွဲစေရန် ထောက်ခံ ပေးဖို့ မျှော်လင့်ချက် ရှိနိုင်တယ် ဆိုတာပါပဲ။



နိုင်ငံရေး သမား နိုင်ငံတကာ ဖွံ့ဖြိုးမှု ဝန်ကြီး Lynne Featherstone ကတော့ "ငှက်ဖျားဟာ ကမ္တာတစ်ဝှမ်းမှာ ကလေးငယ် တွေရဲ့ အသက် ဇီဝိန်တွေကို အများဆုံး ခြွေနေတဲ့ လူသတ်ရောဂါ တစ်ခု ဖြစ်ရုံတင် မကဘဲ ကျန်းမာရေး စနစ်တွေ ကိုလည်း ဝန်ပိစေပြီး ကလေးငယ် တို့ရဲ့ ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်ရာ ရောက်တာမို့ စီးပွားရေး တိုးတက်မှု ကိုပါ ထိခိုက် စေတာ ဖြစ်ပါတယ်။ တကယ် ထိရောက်တဲ့ ငှက်ဖျား ကာ ကွယ်ဆေးဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အကျိုး သက်ရောက်မှု ကြီးမား လှပါတယ်။" လို့ဆိုပါတယ်။ "ဒါကြောင့် ဒီသုတေသန ရလဒ်ရဲ့ ပညာရပ် ဆိုင်ရာ တိုးတက်မှုကို ကျွန်မတို့ ကြိုဆိုပါတယ်။ အချိန်တန်ရင် ရလာမယ့် ရလဒ် အပြည့်အစုံ ကိုလည်း မျှော်လင့် စောင့်စား နေမှာပါ။" လို့ လည်း ထပ်လောင်း ပြောဆိုသွား ပါတယ်။

Images from gdb.voanews, globalpovertyproject, globalhealth.unc, krdo. Source: bbc.co.uk
Author Tornado
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...