ကမ္ဘာ့အပူချိန်လျှော့ဖို့ တော်လှန်ရေး အချိန်အခါ
ရေနဲ့ စားနပ်ရိက္ခာကြောင့် ဖြစ်မယ့်စစ်ပွဲတွေ နောင်လာမယ့် ဆယ်နှစ်လောက် အတွင်းမှာ ဖြစ်လာနိုင်တ ယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဥက္ကဋ္ဌ မစ္စတာဂျင်ယုံကင်က ပြောကြားခဲ့သည်။ ထိုကဲ့သို့ အဖြစ်အပျက်မျိုး ကို ရှောင်ရှားနိုင်ရေးအတွက် သိပ္ပံပညာရှင်များနှင့် သဘာဝ ပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှား သူများ ပေါင်းစည်းပြီး ကမ္ဘာ့ကြီး ပူနွေးလာမှုကို ကျော်လွှားနိုင်မည့် နည်းလမ်းများ ကြံဆကြရန် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌက တိုက်တွန်း လိုက်သေးသည်။ ကမ္ဘာ့ကြီး ပူနွေးလာမှုမှသည် ကျန်လူမှု ပြဿနာများ ဆက်လက်ဖြစ် လာခဲ့ပြီး နောက်ဆုံး စားနပ်ရိက္ခာနှင့်ရေကို လုကြသော စစ်ပွဲများအထိ ဖြစ်လာနိုင်သည်မှာ အမှန်ပင် ဖြစ် သည်။ ပူနွေးလာသော အပူချိန်ကြောင့် စားကျက်မြေများ စိုက်ပျိုးခင်းများ ထိခိုက်လာပြီး အကျိုးစီးပွားများ အချင်းချင်း ထိပ်တိုက်တွေ့ ကြပေသည်။
ရာသီဥတု ပြောင်းလဲခြင်းများစွာ၏ အဓိက အကြောင်းရင်းတစ်ခုမှာ ကမ္ဘာ့ကြီး ပူနွေးလာမှု ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က အမေရိကတစ်ဝန်း ထူးထူးခြားခြား အအေးပိုခဲ့ခြင်းမှာလည်း အပူလွန်ကဲလာမှုက အကြောင်းခံဖြစ်သော ကမ္ဘာ့ရာသီ ဥတု ပြောင်းလဲခြင်းတစ်ရပ် ဖြစ်သည်။ ကမ္ဘာ့အပူချိန် တက်လာခြင်း သည် လူများ ပြုလုပ်သောကြောင့် ဖြစ် သည်။ အပူချိန်နှင့် အန္တရာယ် ပေးနိုင်သော နေရောင်ခြည်များကို စုပ်ယူထားသော အိုဇုန်းလွှာ ပေါက် သွားခြင်းနှင့် ကမ္ဘာ့လေထုထဲမှာပင် ဖန်လုံအိမ် ဓာတ်ငွေ့များ ရှိနေခြင်းက ပူနွေးလာခြင်း၏ အဓိက တရားခံများ ဖြစ်သည်။ ကာဗွန် လျှော့ချရေးအတွက် အပြန်အလှန် တွက်ကပ်နေသည့် စက်မှုနိုင်ငံကြီး များကြောင့် မြင်သာသော အပြောင်းအလဲများ မမြင်ရသေးပေ။ အိုဇုန်းလွှာ ပေါက်ခြင်းအသံ စတင်ပြီးထွက်ခဲ့သည့် အစောပိုင်း ကာလများက အောင်မြင်ခဲ့သည့် မွန်ထရီရယ်ပရိုတိုကော သဘောတူညီချက်သာ သိသာသော ရလဒ် ထုတ်ပေးခဲ့နိုင်သည့် နိုင်ငံစုံ စုပေါင်းလုပ်ဆောင်မှု ဖြစ်ခဲ့သည်။
အိုဇုန်းလွှာကို စားနေသော လူကလုပ်သည့် ဓာတ်ငွေ့များ လေထုထဲတွင် ရှိသည်ဟု သိပ္ပံပညာများက တွေ့ ရှိပြီး နှစ်ပေါင်း ၂၀ ကျော်ကြာမှ အစိုးရများက ယင်းကိစ္စကို လူသိရှင်ကြား ကြေညာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဓာတ်ငွေ့များသည် ပိုးသတ်ဆေး ထုတ်လုပ်ခြင်းနှင့် အီလက်ထရွန်နစ် ပစ္စည်းများကို ဆေးကြော သန့်စင်သည့် ဓာတုပစ္စည်းများမှ ထွက်လာကြသည်ဟု ဆိုကြသော်လည်း တိတိကျကျ ဘယ်ကထွက်သည် ဆိုသည်ကို မထိန်းချုပ်နိုင်သေးပေ။ ပိုးသတ်ဆေးများက ထွက်သည်ဟု ယူဆသူများက ပိုပြီးစိုးရိမ်ကြသည်။ အဘယ့်ကြောင့် ဆိုသော် လေထုထဲတွင် ၎င်းတို့ ပါဝင်သည့် နှုန်းထားက အလွန်မြင့်နေသည်ဟု အရှေ့အန်ဂလီယာ တက္ကသိုလ်မှ ဒေါက်တာ ဂျိုဟန်နက်စ်လောဘီက ပြောကြားခဲ့သည်။
အိုဇုန်းလွှာ ဆိုသည်မှာ လေထုထဲမှ စထရာတိုစဖီးယားအလွှာ၏ အစိတ်အပိုင်းဖြစ်ကာ နေရောင်ခြည် စွမ်းအင်များ တိုက်ရိုက် မဝင်ရောက် လာနိုင်စေရန်အတွက် အကာအကွယ် ပေးထားခြင်း ဖြစ်သည်။ စက်မှုလုပ်ငန်းများမှ ထွက်လာသော၊ အအေးခန်းများမှ ထွက်လာသော ဓာတ်ငွေ့များက အဆိုပါ အလွှာကို ပျက်စီးစေပြီး နေရောင်ခြည် ပိုမိုဝင်လာစေမည့် အန္တရာယ်ကို ကျရောက်စေသည်။
“တစ်စုံတစ်ယောက်ယောက်ကတော့ ဒီဓာတုဗေဒ ပစ္စည်းတွေကို ပမာဏများများနဲ့ သုံးနေပါတယ်” ဟု ဒေါက်တာ ဂျိုဟန်နက်စ်က ဆိုသည်။ ပြီးခဲ့သည့် ၂ နှစ်အတွင်း ဓာတ်ငွေ့တစ်မျိုးတည်း ထုတ်လွှတ်နေမှုသည် နှစ်ဆ တက်သွားခဲ့သဖြင့် ယင်းအတိုင်း ဆက်လက်မြင့်မား နေမည်ဆိုလျှင် အိုဇုန်းလွှာအတွက် စိတ်ပူလောက်တဲ့ စိုးရိမ်မှု ဖြစ်သည်။ အဆိုပါ ပိုးသတ်ဆေးနှင့် ဆက်စပ်သည့် ဓာတ်ငွေ့များ ပမာဏများစွာ လေထုထဲ ရောက်နေခြင်းအတွက် အကြောင်းရင်းကို သေချာစွာ မသိရသကဲ့သို့ စစ်ဆေးသင့်သည်ဟုလည်း ပညာရှင်များက အကြံပြုကြသည်။
လေထုထဲတွင် ဆိုးဝါးလှစွာသော ပမာဏဖြင့် ရောက်ရှိနေသော ဓာတ်ငွေ့များအနက် ကလိုရိုဖလူရိုကာဗွန် CFC ဆိုသည့် ဓာတ်ငွေ့တစ်မျိုးက အပါအဝင် ဖြစ်သည်။ ယခင်က အဆိုပါ ဒြပ်ပေါင်းကို စပရေး ဘူးများနှင့် ရေခဲ အအေးပေး စနစ်များတွင် အသုံးပြုခဲ့သည်။ ပြီးခဲ့သည့် နှစ်ပေါင်း သုံးဆယ်ခန့်က အန္တာတိက တိုက်ပေါ်တွင် အိုဇုန်းလွှာ ပေါက်နေကြောင်း ဗြိတိန် သိပ္ပံပညာရှင်များ မတွေ့ရှိခင် အချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြသည်။ ကမ္ဘာ့ လေထုတွင် အလွှာအမျိုးမျိုး ရှိရာမှ စထရာတိုစဖီးယား အလွှာတွင်ရှိသော အိုဇုန်းလွှာ ပေါက်ခဲ့ရာ အရေပြားကို တိုက်ရိုက်ထိလျှင် ကင်ဆာဖြစ်နိုင်သော ခရမ်းလွန် ရောင်ခြည်များပါ ကမ္ဘာ့သို့ တိုက်ရိုက် ဝင်ရောက်လာတော့သည်။
အန္တာတိက တိုက်ပေါ်တွင် အပေါက် တွေ့ရပြီးနောက် အစိုးရများသည် CFC ဓာတ်ငွေ့များကို လျှော့ချဖို့ မွန်ထရယ် ပရိုတိုကောဖြင့် သဘောတူခဲ့ကြကာ ၁၉၈၉ ရောက်မှစပြီး ယင်းပရိုတိုကောက အသက်ဝင်လာခဲ့သည်။ ယခုကဲ့သို့ CFC ထုတ်လွှတ်မှုကို ပြန်လျှော့ချကြသဖြင့် ၂၀၅၀ အရောက်တွင် အိုဇုန်းအလွှာ ပြန်ကောင်း သွားနိုင်သည်ဟု ပြောကြသည့် သိပ္ပံပညာရှင်များပင် ရှိသည်။
သို့သော် CFC ဓာတ်ငွေ့က ပုံစံအမျိုးမျိုးဖြင့် ထပ်ထွက်လာခဲ့သည်။ CFC -113a ဟု ခေါ်ကြသည်။ သီးနှံနှင့် မြေဆီလွှာကို စားကြသော ပိုးများကို သတ်ပေးသည့် ပိုးသတ်ဆေးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဒြပ်ပေါင်းတစ်မျိုး ဖြစ်သည်။ အိုဇုန်းလွှာကို တတိယမြောက် ဒုက္ခပေးသော ဓာတ်ငွေ့မှာ ဟိုက်ဒရို ကလိုရိုဖလူရိုကာဗွန်ဟု ခေါ်သည့် HCFC ဓာတ်ငွေ့ဖြစ်သည်။ အိုဇုန်းလွှာကို CFC က ဖျက်ဆီးသောကြောင့် သိပ်အန္တရာယ် မပေးသည့် အစားထိုး အသုံးပြုသော ဓာတ်ငွေ့ဖြစ်သည်။ သို့သော် ပမာဏ များလာသောအခါ သူလည်း ဒုက္ခပေးသည်ချည်း ဖြစ်သည်။ နောက်ပိုင်း အဆိုပါ ဓာတ်ငွေ့များကို အသုံးပြုခွင့် ပိတ်လိုက်ရသည်။ ဒါတောင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ရေခဲသေတ္တာ၊ လေအေးပေးစနစ် စသည်တို့တွင် အသုံးပြုကြဆဲ ဖြစ်ပေသည်။
Nature Geoscience ဂျာနယ်က ပြုလုပ်ထားတဲ့ သုတေသန တစ်ခုအရ လေထုထဲကို ဒီလိုဓာတ်ငွေ့ပေါင်း နှစ်ပေါင်း ၄၀ အတွင်း တန်ချိန် ၇ သောင်း ၄ ထောင် ရောက်ရှိသွားပြီလို့ သိရသည်။ နောက်ပိုင်း အစားထိုးလာတဲ့ CFC-113a နှင့် HCFC တို့မှာ လေထုထဲ စုပုံလာသည့်နှုန်း ပိုမြန်လာသည်ဟု ထိုဂျာနယ်က ထောက်ပြထားသည်။
မွန်ထရီရယ် ပရိုတိုကောက နိုင်ငံတကာ သဘောဝ ပတ်ဝန်းကျင်ရေးရာ ပူးပေါင်း ဆောင်ရွက်မှုအ တွက် အောင်မြင်မှု တစ်ခုအဖြစ် မကြာခဏ ကိုးကားကြသော်လည်း အဆိုပါ အောင်မြင်မှုသည် ယခုကြုံနေရသည့် ပတ်ဝန်းကျင်ရေးရာ စိန်ခေါ်မှုများနှင့် နှိုင်းစာသော် မပြောပလောက်ဟု ဆိုရတော့မည်။
“ဒီပရိုတိုကောကနေ အနာဂတ် ရာသီဥတု ရေးရာအတွက် အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ CFC ဓာတ်ငွေ့ ကို လျှော့နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီဓာတ်ငွေ့တွေနဲ့ ဖန်လုံအိမ် တခြားဓာတ်ငွေ့တွေက ရှိနေဆဲပဲ” ဟု လိဒ်စ်တက္ကသိုလ်မှ ပါမောက္ခ ပီရက်စ်ဖော်စတာက ပြောကြားခဲ့သည်။
စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများသည် မျှတသော ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်သည့် ပမာဏထက် အဆပေါင်းများစွာ ကျော်လွန်ကာ လေထုထဲသို့ မှုတ်ထုတ်ခဲ့ပြီး ၎င်းတို့၏ စီးပွားရေးကို အင်အားကြီးသည် ထက် ကြီးအောင် ပြုလုပ်နေဆဲ ဖြစ်သည်။ ရာသီဥတုဆိုင်ရာ အကြွေးများကို အနာဂတ် မျိုးဆက်များနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများဆီမှ ယူငင် စားသုံးနေသည်ဟု ဆိုရမည် ဖြစ်သည်။ ကာဗွန် နည်းနိုင်သမျှ နည်းသည့် စီးပွားရေး ပုံစံသစ်များကို ဖွံ့ဖြိုးရေးအတွက် အမြန်ဆုံး လိုအပ်နေလျက် ရှိသည်။ သဘာဝ ပတ်ဝန်း ကျင်ရေးရာ တရားမျှတမှုအတွက် ရန်ပုံငွေများပေးပြီး ကာဗွန် စုပ်ယူစေခြင်း၊ ကာဗွန်ထိန်း သစ်ပင်များ ထိန်းသိမ်းစေခြင်း စသည်တို့ကို လုပ်စေသင့်သည်။ ကံမကောင်း အကြောင်းမလှစွာဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများ က သူတို့ထားရှိသည့် ကတိကဝတ် ဖြစ်သော ၂၀၂၀ မတိုင်ခင် ကမ္ဘာ့ကြီး ပူနွေးလာမှုအတွက် ဒေါ်လာ ဘီလီယံ ၁၀၀ သုံးမည် ဆိုသည်ကို ဟုတ်ဟုတ်ညားညား ကတိမတည်သေးကို တွေ့ရသည်။
ရာသီဥတု ပြောင်းလဲခြင်းကြောင့် သေဆုံးသူ အရေအတွက် မြင့်မြင့်လာခြင်း၊ ရောဂါဘယများ ထူပြောလာခြင်း၊ လူဦးရေ များလာခြင်းနှင့်အတူ စားနပ်ရိက္ခာ အကျပ်အတည်းများ ဖြစ်ခြင်း၊ ပဋိပက္ခများ ဖြစ်ခြင်း စသည့် အနိဋ္ဌာရုံများ နှစ်စဉ်နှင့်အမျှ အရေအတွက် ပိုပို များလာနေသည်က သတိပေး ခေါင်းလောင်းသံ ဖြစ်သည်။ အင်အားကြီး နိုင်ငံများက ကမ္ဘာ့အနာဂတ် ရေးရာအတွက် စပြီး အမှန်အကန် ရင်းနှီးမြှုပ်နှံရတော့မည့် အချိန်ဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများကလည်း ဖွံ့ဖြိုးရေး ကို ဖော်ဆောင်ရာတွင် အရှေ့က ဥပမာ အမှားများကို သင်ခန်းစာ ကောင်းမွန်စွာယူပြီး နောက် ထပ် CFC များ၊ ဖန်လုံအိမ် ဓာတ်ငွေ့များ ထပ်ထွက်မည့် ပုံစံကို ယူမိခြင်းကို သတိထား ရှောင်ရှား ကြရပေမည်။ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ပြောသည့်အတိုင်း သဘာဝ ပတ်ဝန်းကျင်ရေးရာ တက်ကြွ လှုပ်ရှားသူများနှင့် သိပ္ပံပညာရှင်များ လက်တွဲကာ နောက်ထပ် အပူချိန် လျှော့ချရေး တော်လှန်ရေး တစ်ရပ် ပြုလုပ်ရပေဦးမည်။
The Voice Weekly