မြန်မာ့ပညာရေး စမ်းသပ်ခံဝင်္ကပါထဲမှ လွတ်မြောက်စေချင်ပြီ
ရန်ကုန်မြို့ရှိ လူစည်ကားရာလှည်းတန်းရှိ ဦးထွန်းလင်းခြံလမ်းထိပ်တွင် တက္ကသိုလ်ကျောင်းသား တစ်ဦးက ဘွဲ့ဝတ်စုံဆင်၍ ဂျာနယ်နှင့်သတင်းစာလက်ပွေ့ရောင်းချနေသလို တက္ကသိုလ်ကျောင်းသူ တစ်ဦးကလည်း ဘွဲ့ဝတ်စုံဖြင့်ပဲပြုတ်တောင်း ခေါင်းပေါ်တင်၍ ပြဲပုတ်သည်အသွင်ဖြင့် ဆန္ဒပြနေ သည်။
လွှတ်တော်သို့ တင်သွင်းလိုက်သော အမျိုးသားပညာရေးဥပဒေကြမ်းအပေါ် တက္ကသိုလ်ကျောင်းသား သမဂ္ဂများက မတ်လ ၃၀ ရက်တွင် ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် မျက်မှောက်ခေတ်ပညာရေး စနစ် ဖြစ်တည်နေမှုကို အတိသယဝုတ္တိအလင်္ကာဖြင့် ဖော်ကျူးခဲ့ကြသည်။
ဦးသိန်းစိန်အစိုးရသက်တမ်း သုံးနှစ်ပြည့်ချိန်တွင် ပြည်သူ့လွှတ်တော်သို့ အမျိုးသားပညာရေးဥပဒေ ကြမ်းတင်သွင်းလိုက်ခြင်းအပေါ် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၊ တက္က သိုလ်ဆရာ၊ ဆရာမများအသင်းနှင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂက ကန်ကွက်ကြောင်းကြေညာချက် များထုတ်ပြန်ခဲ့သည်။
ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သော အမျိုးသားပညာရေးဥပဒေကြမ်းကို အများပြည်သူသို့ ချပြခဲ့မှု မရှိခြင်း၊ ဥပဒေကြမ်းတွင်ရေးဆွဲထားသော အမျိုးသားပညာရေးကောင်စီ၏ ဖွဲ့စည်းပုံမှာ ဗဟိုချုပ်ကိုင် မှုစနစ်ကို အသက်သွင်းထားခြင်းတို့သည် ကန့်ကွက်ဆန္ဒပြမှုများကို မြင့်တက်စေခဲ့သည်။
“တကယ်ဆို အမျိုးသားပညာရေးဥပဒေကြမ်းက နှစ်ခုရေးဆွဲထားတယ်။ အစိုးရနဲ့လွှတ်တော်ရယ်။ ဒါပေမဲ့ဘာလို့ပြည်သူလူထုကို အစိုးရရဲ့ဥပဒေကြမ်းကိုချပြပြီးတော့ လွှတ်တော်ထဲမှာကျတော့ အဲဒီနှစ် ခုကို ပေါင်းထားတဲ့အမျိုးသားပညာရေး ဥပဒေကြမ်းကို ဆွေးနွေးနေကြတာလဲ။ အဲဒီတော့ အခြေခံ အားဖြင့် တူညီချက်ကနှစ်ခုလုံးက နှစ်နေရာကလာတယ်ဆိုပေမယ့် ဗဟိုချုပ်ကိုင်မှုရှိတဲ့ ပညာရေးစနစ် ကိုပဲသွားမယ်ဆိုတဲ့ ဘုံတူညီချက်တစ်ခုကရှိနေတယ်” ဟုပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံး ဆိုင်ရာကွန်ရက်မှ ဒေါ်သူသူမာကပြောသည်။
အစိုးရနှင့် လွှတ်တော်ကိုယ်စာလှယ်များ ရေးဆွဲထားသောအမျိုးသားပညာရေး ဥပဒေကြမ်းနှစ်စောင် သည် ပြည်သူ့လွှတ်တော်သို့ မတ်လဒုတိယပတ်တွင် တစ်ပြိုင်နင်တင်သွင်းခဲ့ခြင်းကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ပူးပေါင်းရန်ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီကို တာဝန်ပေးခဲ့သည်။
အမျိုးသားပညာရေးဥပဒေကြမ်းနှစ်ခု မပူးပေါင်းရသေးမီ မတ်လ ၁၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများ တွင်ပြည်သူအများသိရှိ လေ့လာအကြံပြုနိုင်ရေးအတွက် ဖော်ပြခြင်းဖြစ်သည်ဟုဆိုကာ အစိုးရရေးဆွဲ ထားသောမူကြမ်းကို ထည့်သွင်းဖော်ပြခဲ့သည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ မတ်လ ၂၀ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ပူးပေါင်း ထားသော ဥပဒေကြမ်းကိုတင်ပြ၍ ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး အတည်ပြုခဲ့ပြီး လက်ရှိအချိန်ထိ ယင်းဥပဒေကြမ်းကို အများပြည်သူသို့ချပြခြင်းမရှိခဲ့ပေ။
အစိုးရက ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများမှ ဖော်ပြခဲ့သော အမျိုးသားပညာရေး ဥပဒေကြမ်းသည် အစိုးရနှင့်လွှတ်တော်ကော်မတီတို့ ပူးပေါင်းထားသော ဥပဒေကြမ်းနှင့် ကွဲလွဲချက် များလည်းရှိနေသည်။
“ဒီဥပဒေကြမ်းကို ၁၆၊ ၁၇ မှာကြေညာတယ်။ သူတို့ပြောထားတာလည်းရှိတယ်။ လွှတ်တော်မှာ ဆွေး နွေးမယ့်ဥပဒေကြမ်းကို သတင်းစာမှာ ပြည်သူတွေသိအောင် ထုတ်ပြန်ကြေညာမယ်။ ပြီးရင်ပြည်သူ တွေသဘောထားကို ပြန်ပြီးနားထောင်မယ်။ ပြီးမှလွှတ်တော်မှာ ဆွေးနွေးမယ်။ အခုကပြည်သူတွေကို အသိပေးတဲ့ဥပဒေက တစ်မျိုး၊ လွှတ်တော်မှာဆွေးနွေးတာကတစ်မျိုး ဖြစ်နေတယ်။ အဲဒါက ကျွန် တော်တို့ရဲ့ လွှတ်တော်အပေါ် အယုံအကြည်ရှိမှုကို အများကြီးကျဆင်းစေပါတယ်” ဟုတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကျောင်းသားတစ်ဦးက ပြောသည်။
အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် သိသိသာသာနောက်ကျ ကျန်ရစ်ခဲ့ပြီးဖြစ်သော မြန်မာ့ပညာ ရေး အဆင့်အတန်းကို ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းနေသော အစိုးရသစ်နှင့် လွှတ်တော်သစ်တို့၏ အမျိုးသားပညာရေးဥပဒေကြမ်းသည် ပွင့်လင်းမြင်သာမှုမရှိခဲ့ကြောင်း ဝေဖန်ခံနေရခြင်း ဖြစ်ပါသည်။
ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သော ဥပဒေကြမ်းအားလုံးနီးပါးသည် လွှတ်တော်၌ မဆွေးနွေးမီ ပြည်သူသို့ချပြခဲ့သော်လည်း တိုင်းပြည်အနာဂတ်ပညာရေးနှင့် သက်ဆိုင်နေသော အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြည်သူလူထုသို့ချပြရန် ပျက်ကွက်ခဲ့သည်။
“ပြည်သူကိုချပြတဲ့ဟာက လက်မှတ်မထိုးခင်လုပ်တာထင်တယ်။ လုပ်ရိုးလုပ်စဉ်နဲ့တော့ နည်းနည်းလွဲ သွားတယ်။ သူတို့စိုးရိမ်တာကလည်း မဆန်းပါဘူး။ အရင်ကလည်း အဲဒီလိုဖြစ်ခဲ့တာပဲလေ။ အခုကွာ ခြားချက်က အစိုးရပြောင်းရင် မူဝါဒတွေပြောင်းမှာစိုးလို့ မူဝါဒကိုအရင်ချမှတ်တာပါ။ ဒီလိုဥပဒေက တစ်ခါမှမပေါ်ဖူးသေးဘူး။ အမြန်ဆုံးဖြစ်စေချင်လို့ ဆောင်ရွက်နေတာပါ” ဟု ပြည်သူ့လွှတ်တော် ပညာ ရေးမြှင့်တင်မှု ကော်မတီအတွင်းရေးမှူး ဒေါက်တာမြဦးကပြောသည်။
ယခုအခါအမျိုးသားပညာရေး ဥပဒေကြမ.်းကို ပြီးခဲ့သည့်ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့ပြီး နောက် အမျိုးသားလွှတ်တော်သို့ တင်ပြထားပြီးလာမည့်မေလနောက်ဆုံးပတ်တွင် အတည်ပြုနိုင်ရန် မျှော်မှန်း ထားကြောင်း ၎င်းကဆိုသည်။
ပညာရေးစီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှု၊ ဘဏ္ဍာရေး၊ အရည်အသွေးအကဲဖြတ်မှုနှင့် အရည်အသွေးအာမခံ မှု၊ သင်ကြားပို့ချသူများ၊ ပညာရေးဆိုင်ရာအခွင့်အရေးများ၊ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးညွှန်းတမ်း စံသတ်မှတ်ခြင်း၊ ကျောင်းအမျိုးအစား၊ ပညာရယူနည်းများ၊ အမျိုးသားပညာရေးကောင်စီဖွဲ့စည်းခြင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ပညာရေးဆိုင်ရာအခြေခံမူများ၊ ပညာရေးရည်မှန်းချက်များဖြင့် အခန်း ၁၄ ခန်းပါဝင်သော အမျိုးသားပညာရေးဥပဒေကြမ်းကို ဖတ်ရှုဖူးသူမဆိုထားနှင့်၊ လွှတ်တော်သို့ တင်သွင်း ထားသည်ကိုသိရှိသူနည်းပါးနေသည်။
“မသိဘူး။ ဘာတွေရေးထားတာလဲ။ ဝန်ကြီးတွေတောင် ခဏခဏပြောင်းလို့ ဘယ်သူမှန်းမသိဘူး။ အစိုးရသစ်လက်ထက်မှာတော့ အလုပ်များသလောက် ရလဒ်ကောင်းတာတော့ သိပ်မတွေ့ဘူး။ ဖြစ်ချင်တာကတော့ ပိတ်ရက်တွေမှာ ဂျူတီမသွားချင်ဘူး” ဟုပဲခူးမြို့နယ်မှ အခြေခံပညာရေးဝန်ထမ်း တစ်ဦးကပြောသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ မန္တလေးတက္ကသိုလ် (မဟာအောင်မြေမြို့နယ်)၊ ရတနာပုံတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ ရန်ကုန် အဝေးသင်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့မှ တက္ကသိုလ်ဆရာ၊ ဆရာမ များအသင်းတို့က အမျိုးသားပညာရေးဥပဒေကြမ်းနှင့် ပတ်သက်၍ အစိုးရနှင့်လွှတ်တော်တို့၏ ကြိုးပမ်းအားထုတ်နေမှုကို လှိုက်လှိုက်လှဲလှဲကြိုဆိုသော်လည်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသော ဥပဒေကြမ်းနှင့် လွှတ်တော်တွင်ဆွေးနွေးနေသော ဥပဒေကြမ်းတို့ကွဲလွဲနေခြင်းနှင့် ပညာရေးတွင် အဓိကသက်ဆိုင်သူများ၏ အကြံပေးချက်များကို လျစ်လျူရှုခဲ့ခြင်းတို့ကို ဝေဖန်ထားပြီး ပြည်သူလူထု၏ သဘောထားအကြံဉာဏ်များ ကျယ်ကျယ်ပြန့်ပြန့်ရယူနိုင်ရန် လုံလောက်သောအချိန်ကာလ လိုအပ် မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။
အစိုးရနှင့် လွှတ်တော်ကော်မတီတို့ ပူးပေါင်းထားသော အမျိုးသားပညာရေးဥပဒေကြမ်းတွင် ဒုတိယ သမ္မတတစ်ဦးက ဥက္ကဋ္ဌတာဝန်ယူ၍ ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စု ဝန်ကြီးများ၊ ပညာရှင်များနှင့် အခြားသင့်လျော်သော ပုဂ္ဂိုလ်များက အဖွဲ့ဝင်များအဖြစ် ပါဝင်သည့် အမျိုးသားပညာရေး ကောင်စီကိုဖွဲ့စည်းရမည်ဟု ရေးဆွဲထားသည်။
ယင်းအမျိုးသားပညာရေးကောင်စီသည် ဒုတိယသမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အာဏာပိုင်များစိတ်ကြိုက်ရွေးချယ်ခန့်ထားသော အစိုးရအမှုထမ်းများဖြင့် ဖွဲ့စည်းမည်ဟု ဆိုထားခြင်း ကြောင့် ယခင်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့သော အမျိုးသားပညာရေးကော်မတီနှင့် တူညီနေပြီး ဗဟိုချုပ်ကိုင်မှုကိုအသွင်တစ်မျိုးဖြင့် ဆက်လက်အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ကကြေညာချက်ထုတ်ပြန်ခဲ့သည်။
“အမျိုးသားပညာရေးကောင်စီဆိုတာက ဥပဒေထဲမှာပါတဲ့အချက်တွေကို အကောင်အထည်ဖော်ဖို့ပါ။ အရင်တုန်းကလို လုပ်လို့မရအောင် ဖွဲ့စည်းထားတာပါ။ လွတ်လပ်တဲ့အဖွဲ့အစည်းလုပ်မယ်ဆိုရင် ဘယ်သူတွေတာဝန်ယူကြမလဲ။ ဒါကပညာရေးစနစ်တစ်ခုလုံးရဲ့ ဗဟိုဖြစ်တဲ့အတွက် ဒုသမ္မတတစ်ဦး ကိုတာဝန်ပေးလိုက်တာပါ” ဟု ဒေါက်တာမြဦးကပြောသည်။
အမျိုးသားပညာရေးဥပဒေကြမ်းတွင် ဗဟိုချုပ်ကိုင်မှုဖြစ်စေသော အချက်များပါဝင်နေသည်ဟု ထင်မြင် ယူဆပါက လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် တင်ပြ၍အမျိုးသားလွှတ်တော်တွင် ဆွေးနွေးပြင် ဆင်နိုင်ကြောင်း ၎င်းကဆိုသည်။
စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးခင်ညွန့် အဓိကတာဝန်ယူခဲ့သော အမျိုးသားပညာရေးကော်မတီ ၏ဗဟိုချုပ်ကိုင်မှုစနစ် ပြန်လည်အသက်ဝင်လာမည်ကို ပညာရေးဝန်ထမ်းများနှင့် ပညာရှင်များကစိုးရိမ် နေသည်။
ဒုတိယသမ္မတကို အမျိုးသားပညာရေးကောင်စီ ဥက္ကဋ္ဌတာဝန်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်တာဝန်ထမ်းဆောင်ခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာစိုးရင် က “ဒုသမ္မတကို တာဝန်ပေးခြင်းအားဖြင့် ပညာရေးကိုပိုမိုအားပေးပံ့ပိုးမှုတွေ ရှိလာနိုင်တာပေါ့။ မဟုတ် ရင် သူ့ဘာသာဘယ်လိုလုပ်ရှင်သန်နိုင်မလဲ။ ပညာရေးက အကြီးကြီးလေ။ ဒါကိုလွှမ်းမိုးနိုင်တဲ့သူတွေ ပါမှဆိုတော့ ဒုသမ္မတလောက်တော့ ပါသင့်တာပေါ့။ သီးခြားလွတ်လပ်ပြီး ရပ်တည်လို့မရသေးဘူး။ နိုင်ငံတော်နဲ့ကင်းလွတ်လို့မရသေးဘူး။ ဒါပေမဲ့လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်တော့ပေးရမှာပေါ့” ဟုဆိုသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အလျင်အမြန်အတည်ပြုရန် တိုက်တွန်းထားသော အမျိုး သားပညာရေးဥပဒေကြမ်းသည် လာမည့်ပညာသင်နှစ်အမီ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းဖွယ်ရှိနေသည်။
ယင်းဥပဒေကြမ်း၊ အခန်း (၁၃) ရှိအသွင်ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များတွင် ဤဥပဒေမပြဋ္ဌာန်း မီတည်ရှိခဲ့သော ကျောင်းအားလုံးသည် ဤဥပဒေနှင့်အညီဖြစ်စေရန် ငါးနှစ်အတွင်းဆောင်ရွက်ရမည် ဖြစ်ကြောင်းဖော်ပြထားသည်။
“ပညာရေးပြုပြင်ပြောင်းလဲမှုက ခဏခဏဖြစ်နေတယ်။ ဒီတစ်ခါပြောင်းရော တကယ်ကောင်းပါ့မလား ဆိုတာစိုးရိမ်မိတယ်။ ကျွန်မကလေးတွေကိုတော့ အစမ်းသပ်ခံပညာရေးနဲ့ ထပ်မကြုံစေလိုတော့ဘူး။ ကလေးတွေရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့အချိန်ရောက်နေပြီလို့ ထင်တယ်” ဟု ဆဋ္ဌမတန်း ကျောင်းသားမိခင်တစ်ဦးကပြောသည်။
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီက တစ်နှစ်ကျော်နှင့် အစိုးရကခြောက်လကြာ အချိန် ယူရေးဆွဲခဲ့သော ဥပဒေကြမ်းနှစ်ခုကို ပူးပေါင်းထားသော အမျိုးသားပညာရေးဥပဒေသည် အများပြည် သူနားလည်လက်ခံအောင် ဆောင်ရွက်ရန်အချိန်ပိုမို လိုအပ်နေသည်။
အစိုးရမဟုတ်သော ပညာရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း၊ ကျောင်းသား သမဂ္ဂများ၊ ပြင်ပပညာရှင်များ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် အဖွဲ့ဝင် များကအစိုးရ၊ လွှတ်တော်နှင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့ သုံးပွင့် ဆိုင်မျက်နှာစုံညီတွေ့ဆုံ၍ အမျိုးသားပညာရေး ဥပဒေကိုပြန်လည် ဆွေးနွေးသုံးသပ်ရန် ဆန္ဒရှိနေကြ သည်။
အစိုးရနှင့် လွှတ်တော်တို့၏ အမျိုးသားပညာရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည် ပြုပြဋ္ဌာန်းလိုက်ပါက တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း၏ ကန့်ကွက်ဆန့်ကျင်တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရပြီး မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုကို ထိခိုက်ဖွယ်ရှိနေသည်။
နှစ်ပေါင်းငါးဆယ်ကျော် ပညာရေးစနစ်ဆိုးအောက်တွင် ဖြတ်သန်းခဲ့ရ၍ အဘက်ဘက်မှ နိမ့်ကျနေ သော မြန်မာ့ပညာရေးစနစ် ပြန်လည်ဦးမော့လာစေရန် အမျိုးသားပညာရေးဥပဒေက အရေးကြီးနေ သည်။ ဥပဒေပြဋ္ဌာန်းသတ်မှတ်ရာတွင် အားနည်းချက်၊ ချွတ်ယွင်းချက်များဖြစ်ပေါ်ခဲ့ပါက နိမ့်ကျသော မြန်မာ့ပညာရေးလောကကို ပိုမိုဆိုးရွားအထိနာစေမည်ဖြစ်သည်။
7Day News Journal
Vol.13, No.6, April.9, 2014