သမီး ဖတ်ဖို့........

photo:google

တစ်ခန်းအရပ်မှာ အလွမ်းဓာတ် နည်းနည်း ပါပါစေ။

(တစ်)

သမီးရေ ...

အခုတစ်ခေါက် အပြောင်းအ ရွှေ့ရာသီကတော့ ဖေဖေ အခုရောက်နေတဲ့ တက္ကသိုလ်ကျောင်းကလေး ထဲမှာ တော် တော့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွား လောက် အောင်ကို အဝင်အထွက်အပြောင်းအရွှေ့ များလွန်းသွားတဲ့ ရာသီပါပဲ သမီးရယ်။ ဟုတ် တယ်။ လူ ၅ဝ စွန်းစွန်းလောက်ကိုပဲ ပြောင်းကြရ၊ ရွှေ့ကြရနဲ့။ ရာထူးတူနဲ့ ဝင် တာထွက်တာတွေရော၊ ရာထူးတိုးနဲ့ ပြောင်း တာရွှေ့တာတွေရော ပွက်ပွက်ကိုညံ လို့။ မော်လမြိုင်တက္ကသိုလ်တဲ့၊ ပခုက္ကူတက္ကသိုလ် တဲ့၊ ကျိုင်းတုံတက္ကသိုလ်တဲ့၊ ရတနာပုံတက္က သိုလ်တဲ့၊ စစ်တွေတက္ကသိုလ်တဲ့ စုံနေတာပဲ သမီးရယ်။ အဲသည်အထဲမှာ ဆရာ၊ ဆရာမ အများစုကတော့ ရန်ကုန်မြို့ပေါ်က တက္က သိုလ်တစ်ခုခုကိုပဲပေါ့။ မသွားမချင်း ဖေဖေ တို့တက္ကသိုလ်ဝင်းကလေးထဲ မှာ နှုတ်ဆက် ပွဲတွေလုပ်လိုက်ကြ ဂုဏ်ပြုပွဲတွေ လုပ်လိုက် ကြ။ စုဝေးချက်ပြုတ်စားသောက်ပွဲတွေ လုပ် လိုက်ကြနဲ့ လှိုင်းဂယက်တွေဟာ တော်တော် နဲ့ အရှိန်မသေနိုင်ဘူး ဆိုပါတော့လေ။

သည်လိုနဲ့ တစ်ယောက်ချင်း၊ နှစ် ယောက်ချင်းကစလို့ အစုလိုက်အဝေးလိုက် တွေပါ ပြောင်းပြောင်းသွား လိုက်ကြတာ နောက်ဆုံး အုပ်စုကြီးလည်း ထွက်ခွာသွား ရော ကျောင်းထဲမှာ လူဟောင်းတွေက ကုန် သလောက်နီးနီးကို ဖြစ်သွားပါလေရော။

(နှစ်)

ဖေဖေက အဲသည်နောက်ဆုံး အစု ကျောင်းထဲက ထွက်ခွာသွားပုံကို သမီး ကိုပြောပြဖို့ အခုရက်ထဲမှာ စိတ်ကူးပေါ် ပေါက်နေမိတာပါ။ လွမ်းစရာမကောင်း လိုက်တာသမီးရယ်။ ဘယ်လိုမှ လွမ်းဖို့မ ကောင်းနိုင်တဲ့ ခရီးတစ်ခုပါ။ ဖေဖေ အခု ရောက်နေတဲ့မြို့က ရန်ကုန်ကနေ မိုင် ၁ဝဝ ဝန်းကျင်လောက်အကွာ ဧရာဝတီ ကမ်းအ စပ်ကမြို့လေးသမီးရဲ့။

ကားနဲ့သွားရင် လေး နာရီလောက် သွားရတယ်။ ဒါကြောင့်မို့ ရန် ကုန်ကနေရောက်လာတဲ့ ဆရာ၊ ဆရာမ အများစုဟာ မိသားစုကို ခေါ်မလာကြဘူးဆို ရင် ဘာပစ္စည်းမှ များများစားစား သယ်လာ လေ့မရှိကြပါဘူး။ အိုးတစ်လုံး၊ ပန်းကန်တစ် ချပ်၊ သေတ္တာတစ်လုံး၊ အိပ်ရာတစ်လိပ်၊ ဒါ ပါပဲသမီးရယ်။ တချို့ကျတော့ လည်း ရေခဲ သေတ္တာတွေ၊ ရုပ်မြင်သံကြားတွေ၊ ဗွီစီဒီစက် တွေ၊ ကွန်ပျူတာတွေ၊ အိုးကြီးအိုးငယ်၊ သေတ္တာ အကြီးအသေး၊ ဗီရိုအပု အရှည် တ ဆောင်တယောင် တခမ်းတနားဆိုပါတော့။ အခု ရန်ကုန် ကိုပြောင်းရွှေ့မိန့်ကျလာတဲ့အ ခါ တချို့ကလည်း လိုင်းကားလေးမျှနဲ့၊ တချို့ ရန်ကုန်က လာကြိုတဲ့ကားနဲ့ တစ်ယောက်ပြီး တစ်ယောက် ဟင်္သာတမြို့၊ ဟင်္သာတ တက္က သိုလ်ကြီးကို စွန့်စွန့်ထွက်ခွာ သွားလိုက်ကြ တာ။ အဲသည်မှာ နောက်ဆုံးထွက်ခွာသူ အ စုအဝေးကတော့ ပြောလို့မဆုံးနိုင်အောင်ပါ ပဲ။ အဲသည်အစုကို ဦးဆောင်ဆော်သြသူ ဆရာမသုံးလေးယောက်က ရာထူး အတန်အ သင့်ကြီးသူ ဆရာမတွေပဲဆိုပါတော့ သမီး ရဲ့။ ဟွန်ဒိုင်းကားကြီးတစ်စီးကို စီးလုံးငှား ပြီး ကိုယ့်အစုနဲ့ကိုယ် လွတ်လွတ်လပ်လပ် သွားကြ မယ်ပေါ့။

ဟင်္သာတ-ရန်ကုန် တစ် သိန်းခြောက်သောင်းအပြတ်။ လိုက်မယ့် ဆရာမတွေ မျှခံ။ ငွေကိုတည် လူနဲ့စားမယ့် ခရီးပဲဆိုပါတော့သမီးရယ်။ ဆရာမတွေချည်း ပဲ ရှစ်ယောက်၊ ကိုးယောက်လောက် ရှိမယ် ထင်တယ်။

(သုံး)

အဲသည်နေ့မနက်က အဆောင် ရှေ့မှာ ထိုးရပ်ထားတဲ့ကားကြီးဟာ ပစ္စည်း တွေတင်ပြီးပေမယ့် လည်း တော်တော်နဲ့ မ ထွက်ဖြစ်ဘူးသမီးရဲ့။

မကျေမလည် ဖြစ် နေကြတာတဲ့။ သေတ္တာတစ်လုံး၊ လက်ဆွဲ တစ်အိတ်သာပါတဲ့ ဆရာမတွေက သေတ္တာ အထပ်ထပ်၊ ဗီရိုအစီအရီ၊ ရေခဲသေတ္တာ၊ ရုပ်မြင်သံကြား၊ ခြင်းတွေ၊ တောင်းတွေ၊ ခွက်တွေ၊ ပလုံးတွေနဲ့ ဆရာမကြီးတွေကို မကျေနပ်တာတဲ့။ ကားခကို အညီမျှခံဖို့ဆို တာ မဖြစ်နိုင်ဘူးဆိုတာတွေရော။ ရိုးရိုး လိုင်းကားနဲ့ပဲသွားတော့မယ်ဆိုတာတွေ ရော။ တစ်ခါ ကျန်တဲ့ဆရာမတွေကလည်း မျှခံဖို့ဆိုတဲ့ ကတိစကား ကိုမဖျက်ဖို့၊ မကျေ နပ်ရင် ပစ္စည်းထပ်တင်ဖို့၊ လူလျော့သွားရင် ကားခဖြည့်မပေးနိုင်ဘူးတဲ့။ ကားသမားက လည်း ဒါဆို ကားမထွက်နိုင်တော့ဘူးဆိုလား။ အံ့သြစရာကောင်းလိုက် တာ။ နေတော်တော်မြင့်လို့ ဖေဖေ စက်ဘီးကလေး နဲ့ အပြင်ကိုထွက်တဲ့အထိ ကားကြီးက ရပ် ထားတုန်း၊ ကားသမားတွေက ကုက္ကိုပင် ကြီး အောက်မှာ ခေါင်းချင်းဆိုင်တုန်း။ ဆရာမ ရှစ်ယောက်၊ ကိုးယောက်က ကိုယ့်အစုနဲ့ ကိုယ် တွတ်ထိုး တုန်း။

ဖေဖေကျောင်းထဲကို ပြန်ရောက် တော့ ၁၁ နာရီတောင် ထိုးလုပြီသမီးရဲ့။ အနီးအနားက ဆရာမ သုံးလေးယောက် က ဖေဖေ့ကို သတင်းပေးတဲ့အနေနဲ့ ထွက် သွားတာ မကြာသေးဘူးဆရာရေတဲ့။ မကျေ မနပ်ကြားကပဲ ဇွတ်ညှိပြီး ထွက်သွားကြ လေရဲ့တဲ့။

အင်း... ဟုတ်ပါရဲ့။

ကားမှမရှိတော့တာ။ လမ်းအ ခွဲမှာ ဝမ်းနည်းဖို့မကောင်းလိုက်တာ။ လောကမှာ လွမ်းအောင် မလုပ် တတ်တဲ့ သူတွေလည်း ရှိတတ်သားနော်။ သူ့ပစ္စည်း၊ ကိုယ့်ပစ္စည်း နည်း တယ် များတယ်ကြည့်မနေဘဲ ကျသင့်ငွေ ညီတူမျှခံပြီး သွားလိုက်ကြရင် တစ်ယောက် ကိုတစ်ယောက် ဘယ်လောက်များ လွမ်း စရာ ကောင်းနေလေမလဲနော်။

အခုတော့...
တစ်ယောက်ကိုတစ်ယောက် သတိရစရာ ဖြစ်နေကြပေမယ့် မကျေမနပ် စိတ်ကြီးနဲ့ သတိရနေရမယ့် အဖြစ်မျိုးက ဖြင့် ခွဲရတာ မတန်လိုက်လေခြင်း သမီးရယ်။ ။

Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၇
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...