နားဝင်ချိုသော ပညာစကား
စင်ကာပူနိုင်ငံတွင် အင်္ဂလိပ်စကား အပြောများသည်။ ကျောင်းများ တွင် မိခင်ဘာသာစကား အဖြစ် တရုတ် ဘာသာစကား သင်ကြားနိုင်ရေးကိုလည်း ဆွေးနွေးကြသည်။ တရုတ် ဘာသာ စကား ဒုတိယ ဘာသာစကား အနေဖြင့် သင်ခွင့်ပြုရေးနှင့် ပတ်သက်ပြီး လီကွမ်းယုက-
“သူတို့ ကလေးတွေကို ပညာရေးမှာ မနိုင်မနင်းဖြစ်ပြီး ဒုက္ခရောက် မှာ မကြောက်လို့ လုပ်ချင်သပဆိုရင် လုပ်ကြပေါ့။ တို့ဘက်က ခွင့်မပြုနိုင်စရာ အကြောင်းမရှိဘူး။ ပြဿနာတက်လာရင် အစိုးရအပေါ် ပုံမချနဲ့။ တရုတ်ဘာသာဟာ သိပ်လွယ်တာ မဟုတ်ဘူး။ သိလျက်နဲ့ စမ်းချင်ရင် စမ်းကြည့်ကြ” ဟု ပြောဖူးသည်။
နိုင်ငံတိုးတက်ဖွံ့ဖြိုးစေရန် ကြံဆောင်ရာတွင် စင်ကာပူခေါင်းဆောင် လီကွမ်းယုက ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံများ၏ တံခါးကို သွားခေါက်နိုင်ရမည်ဟု ကြိုတွက်ထားသည်။ ထိုတံခါးပေါက် များကို သွားခေါက်ပြီးလျှင် ဆက်သွယ်နိုင်သော စကားသည် အင်္ဂလိပ်စာကလွဲပြီး အခြားမရှိ။ သို့ဖြစ်ရာ လွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်ခန့်ကတည်းက စင်ကာပူနိုင်ငံတွင် အင်္ဂလိပ်လိုသင်၊ အင်္ဂလိပ်လိုပြော၊ အင်္ဂလိပ်လို ဆက်သွယ်ရန် ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။
ခေတ်မီစေရန် ဘာသာစကားတိုင်း လိုက်လေ့လာနေစရာ မလိုပေ။ လူအားလုံး၊ ကမ္ဘာသား အားလုံးနှင့် ဆက်သွယ်နိုင်သည့် ဘုံစကားကို တတ်မြောက်ထားရန်သာ လိုသည်။ ဘာသာစကား ခြောက်မျိုး တတ်သူ သည် ခြောက်မျိုးစလုံး မမေ့စေရန် ကြိုးစားအားထုတ်နေရလိမ့်မည်။ သူ့တွင် အခြားသော လုပ်ငန်းမရှိလျှင် ကိစ္စမရှိ။ ဘာသာစကား အားလုံးကို လိုက်ပြီး အချိန်ကုန်ခံကာ သာမန်လူများတွင် လေ့လာနိုင်စရာ အချိန်မရှိနိုင်ပေ။ သို့ဖြစ်ရာ လီကွမ်းယုက-
“ကဲ ... ဘာသာစကား ခြောက်မျိုးလုံး မမေ့အောင် ထိန်းထားနိုင်မလား။ အဓိပ္ပာယ်မရှိ ရူးလို့ပြောတာ။ ကျွမ်းကျင်တဲ့ ဘာသာစကား တစ်ခုပဲ ရှိဖို့လိုတယ်။ အဲဒီစကားနဲ့ အလုပ်လုပ်။ သတင်းအချက်အလက် ယူ။ တွေးခေါ်သုံးသပ်။ လုံလောက်ပြီ။ ငါ့အတွက် အဲဒီဘာသာစကားက အင်္ဂလိပ်ပဲ” ဟု ဆိုခဲ့သည်။
လီကွမ်းယုသည် တရုတ်ဘာသာ စကားကို ကမ္ဘာသုံး ဘာသာစကား ဖြစ်လာလိမ့်မည်ဟု မည်သည့် အခါကမျှ မယုံကြည်ခဲ့ပေ။ သူက ထိုသို့ မယုံကြည်ခြင်းနှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။
“ငယ်ငယ်ကတည်းက ပြောလာတာ မဟုတ်တဲ့ လူတစ်ယောက်အတွက် တော်တော်ခက်တဲ့ ဘာသာ စကားပဲ။ ဖော်နက်တစ်မရှိ။ ဖျင်းယင်မရှိနဲ့။ တရုတ်အက္ခရာကို မစွန့်လွှတ်သမျှ သူတို့စကား သင်နေရ တာ နှစ်ဆပို ဒုက္ခရောက်တယ်။ အရင်ဆုံး နားထောင်၊ စကားပြော၊ အဲဒါတင်ပဲ ခက်လှပြီ။ စကားတစ်လုံး ကို အသံငါးမျိုး၊ လေးမျိုးနဲ့ တစ်မျိုးက အသံပေါ့တဲ့။ နောက်တစ်ချက်က အက္ခရာ သုံးထောင်ကျော် မှတ်မိနေ ရဦးမယ်” ဟု ဆိုခဲ့သည်။ ခက်ခဲသည့် ဘာသာစကားကို သင်ကြားရေးအတွက် အဓိက ပင်မဘာသာစကား အဖြစ် မသုံးသင့်ကြောင်း ထောက်ပြခဲ့ခြင်းဖြစ်သည်။
ကျောင်းများတွင် အင်္ဂလိပ် ဘာသာစကားကို နိုင်ငံတော် ဘာသာစကား ဖြစ်ရေးအတွက် သူတို့ နှစ်ပေါင်း များစွာ ကြိုးစားခဲ့ရသည်။ နောက်ဆုံး NTU တက္ကသိုလ်တွင် သင်ကြားသည့် ဘာသာရပ်ကိုပင် အင်္ဂလိပ်ကို အဓိကဘာသာစကား အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ နောက်ပိုင်း အလယ်တန်း၊ အထက်တန်း၊ မူလ တန်းကျောင်းများကို တစ်မျိုးတည်း ဖြစ်စေရန် အင်္ဂလိပ်လို သင်ကြားရေး ချမှတ်နိုင်ခဲ့သည်။ ထို့နောက် မိခင်ဘာသာစကား တစ်ခုခု တွဲသင်နိုင်သည်ဟုလည်း ချမှတ်ပြဋ္ဌာန်းပေးရသည်။ ၁၉၈၀ ပြည့်နှစ် ရောက် သည်အထိ ကျောင်းများတွင် အင်္ဂလိပ် ဘာသာကို သင်ကြားရေးအား အခက်အခဲများကြားက လုပ်ဆောင် ခဲ့ရသည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီး လီကွမ်းယုက-
“ဒီပညာရေးမူကို အထာကျဖို့ နှစ်တွေ အများကြီး စောင့်ခဲ့ရတယ်။ နေ့ချင်း၊ ညချင်း လုပ်လို့မရဘူး။ ကျောင်း က ဆောက်လို့ရတယ်။ ဆောက်ပြီးတော့ အဆောက်အအုံကြီးပဲ ဖြစ်မယ်။ ကျောင်းတော့ ဖြစ်မလာဘူး။ အဆောက်အအုံကို ကျောင်းဖြစ်အောင် လုပ်ရတာက လူတွေ။ အထူးပြု လေ့လာကြရတယ်။ ဂရုစိုက်ကြရ တယ်။ ကလေးတွေကို ကရုဏာစိတ်နဲ့ ကူညီကြတယ်။ နောက်ဆုံး အချက်ကတော့ မိဘတွေနဲ့ ပိုဆိုင် တယ်။ ဒါတွေရှိမှ အဆောက်အအုံကနေ ကျောင်းဖြစ်လာတယ်” ဟု ဆိုခဲ့သည်။
နိုင်ငံ့ခေါင်းဆောင် တစ်ယောက်က မိမိနိုင်ငံအပေါ် ပြန်လည်သုံးသပ်ပြမှုမှာ အလွန်လေးစားဖွယ် ကောင်းလှ သည်။
နိုင်ငံ့ခေါင်းဆောင် တစ်ယောက် အနေဖြင့် ပညာရေးကောင်းအောင် အဘယ်ကြောင့် လုပ်နေရသနည်း ဆိုခြင်းကိုလည်း ဖော်ထုတ်လှစ်ဟလိုက်ခြင်း ဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေပြုရ မည့် ဘာသာစကားကအစ စနစ်တကျ ရွေးချယ်ပြဋ္ဌာန်ပေးခဲ့သော သူ့ကို သူတို့နိုင်ငံသူ နိုင်ငံသား များ လေးစားကြည်ညိုကြသည်မှာ အဘယ်ကြောင့်နည်းဟု ပြောစရာပင် လိုမည်မထင်ပေ။
မည်သည့် ဘာသာစကားဖြင့် သင်ကြမည်နည်းဟု စင်ကာပူနိုင်ငံတွင် အကြီးအကျယ် ဆွေးနွေးငြင်းခုံ ခဲ့ကြပါသည်။ နောက်ဆုံးတွင် တိုင်းပြည်ကို ဦးဆောင်သော ပုဂ္ဂိုလ်တစ်ယောက်က နိုင်ငံတကာ ဘာသာ စကားကို ဦးစားပေးသင်ရန် လမ်းညွှန်ပေးပြီး အကွက်ချနိုင်ခြင်းမှာ ရေရှည်အမြော်အမြင် ဖြစ်သည်။
လီကွမ်းယုက “ဘာမှ တရားသေ မှတ်ထားလို့ မရဘူး။ ပြောင်းလဲမှုအလိုက် လိုက်ပြောင်းနိုင်ဖို့ပဲ လိုတယ်” ဆိုသည့် စကားမှာ နားဝင်ချိုလှသည့် ပညာစကားဟု ဆိုချင်သည်။
မောင်ခေတ်
(မှတ်ချက်။ ဇင်ဝေသော် မြန်မာပြန် လီကွမ်းယု၊ နားဝင်မချိုတဲ့ အမှန်တရားများစာအုပ်ကို မှီငြမ်းပါသည်။)
The Voice Journal
------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+