လူငယ် (၂) မျိုး...



လူငယ်အမျိုးမျိုးရှိနိုင်ပါလျက် အဘယ်ကြောင့်နှစ်မျိုးတည်းကိုသာဆိုရသနည်းဟု အပြစ်မတင်စေလိုပါ။ ကျွန်တော် လူငယ် များကို နှစ်မျိုးနှစ်စားသာ မြင်မိပါသည်။

ပထမတစ်မျိုးမှာ ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်အားကိုယ်ကိုးတတ်သည့် လူရည်ချွန်မျိုးဖြစ်ပြီး၊ ဒုတိယတစ်မျိုးမှာ သူတစ်ပါးကို အားကိုးချင်သော လူညံ့တုံးများဖြစ်သည်။

လူရည်ချွန်တို့သည် အနာဂတ်အပျောက်မခံသူတွေဖြစ်သည်။ ရည်မှန်းချက်ကြီးမားကြသည်။ တစ်နေ့တစ်နေ့ မည်သို့ အချိန်များကို သုံးရမည်ကို ပိုင်းဖြတ်ထားပြီးဖြစ်သည်။ အနားယူချိန်မရှိသလောက် ကြိုးစားကာ ရှာမှီးတတ်ကြသည်။ ဤနေရာတွင် ရှာမှီးခြင်းသဘောကို ပညာရှာမှီးခြင်းနှင့် ဥစ္စာရှာမှီးခြင်း ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။

ငယ်စဉ်အခါ ပညာရှာခြင်းသည် အနာဂတ်ကိုရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း သိသူတွေနည်းလာသည်။ အချိန်ကို အကျိုးရှိစွာ သုံးသော လူငယ်တွေလည်း ရှားပါလားသည်။ ဤစကားကို အကြောင်းမဲ့ဆိုခြင်း မဟုတ်ပါ။ ကျွန်တော် မနက်တိုင်းအလုပ်သို့ လာလျှင် မဟာဗန္ဓုလပန်းခြံဘေးက ဖြတ်သန်းလာရပါသည်။ ပန်းခြံထဲတွင် နံနက်စောစော ရင်ငွေ့ခိုလှုံမှုဖြင့် နေ့တစ်နေ့ကို စတင်နေကြသော လူငယ်အတွဲပေါင်းများစွာ ကို မတွေ့ချင်မှ အဆုံးဖြစ်သည်။

ထိုအချိန်တွင် အိပ်ယာကစောစောထ၊ အလုပ်မဝင်မီ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ တရုတ် စာသင်တန်းသို့ အပြေးအလွှား တက်နေသူတွေလည်း ရှိကောင်းရှိနိုင်ပါသည်။ ကျွန်တော်က အချိန်ကို အကျိုးရှိစွာ သုံးနေသူတွေထက်၊ အကျိုးမဲ့စွာ ဖြုန်းနေသူများအတွက် လူငယ်တို့၏ တန်ဖိုးရှိသော အချိန်များကို နှမြောတသစွာ ပြောနေခြင်းသာဖြစ်ပါသည်။ ကျွန်တော်ပြောချင်သော လူငယ်နှစ်မျိုးဆို သည်မှာ အချိန်ကို အကျိုးရှိစွာ သုံးနေသူများနှင့် အကျိုးမဲ့စွာ ဖြုန်းနေသူများကို ဆိုလိုပါသည်။

ကျွန်တော်သည် နံနက်တိုင်း ရုံးသို့ ၉ နာရီရောက်ပါသည်။ ကျန်သည့် လူငယ်ဝန်ထမ်းများကာ ၉ နာရီခွဲ၊ ၁၀ နာရီ၊ ၁၁ နာရီ၊ ၁၂ နာရီအသီးသီးမှရောက်လာကြပါသည်။ စောစောလာသူတွေကလည်း သူ့အကြောင်းနှင့်သူ၊ နောက်ကျလာသူတွေကလည်း သူ့အကြောင်းနှင့်သူ အကြောင်းအမျိုးမျိုးပြ စ ရာတွေနှင့်ဖြစ်သည်။

ရုံးသို့စောလာသူတွေကလည်း ကွန်ပျူတာကိုဖွင့် Facebook နှင့် အလုပ်ရှုပ်နေကြသည်။ သူတို့ရုံးအလုပ်ကို လုပ်ရန် အားမထုတ်နိုင်သေး။ Facebook တွင်နစ်မြောရင်းက ထမင်းစားချိန်ရောက်လျှင် ရုံးဆင်းလိုက်ကြ သည်။ အရေးပေါင်း များစွာနှင့် အလုပ်ရှုပ်နေသူတွေကလည်း ရုံးရောက်ချိန် ၁၁ နာရီ၊ အိတ်ထားပြီး ထမင်းစား၊ ရုံးပြန်တက် တစ်နာရီ၊ ကွန်ပျူတာဖွင့် Facebook နှင့်ကြူချိန်က နောက်ထပ် ၂ နာရီ၊ နောက် ထပ် ဝေလေလေ တစ်နာရီလောက်လုပ်ပြီး ရုံးဆင်း သွားကြသည်။ ဤသည်မှာ နိစ္စဓူဝအလုပ်သာဖြစ် သည်။ လကုန်လျှင် လစာလေးကိုထုတ်ယူလိုက်ရုံသာဖြစ်သည်။ လုပ်ငန်းခွင် အတွက်၊ ဘဝအတွက်၊ အလုပ်အတွက်၊ အသိပညာအတွက်၊ အနာဂတ်အတွက် ဘာတစ်ခုမျှ မျှော်မှန်းထားချက်လည်းမရှိ။ တာဝန်လည်းမသိ၊ သစ္စာလည်းရှိစရာမလိုဟု သဘောထားသူတွေက ယနေ့လုပ်ငန်းခွင်တွင် များပြား လာခြင်းမှာ အနာဂတ် တွင် ဆုံးရှုံးခြင်းသာဖြစ်သည်။

ထိုအချိန်တွင် အပတ်တကုတ် ကိုယ့်အတွက်၊ တိုင်းပြည်နှင့်လူမျိုးအတွက်၊ နိုင်ငံအတွက်၊ မိသားစုအတွက် အသက်ရှူချိန်မရ လောက်အောင် အားထုတ်ကြိုးပမ်းသူတွေလည်း ရှိနိုင်ပါသည်။ လုပ်သူတွေ က သေလောက်အောင် ကြိုးပမ်းနေရချိန်တွင် မလုပ်ဘဲနေလျှင်လည်းရနိုင်သည့် အသိုင်းအဝိုင်းဝန်းကျင် ၌ ရေသာခို အချောင်လိုက်ကာ နေချင်သလိုနေခွင့်ရနေခြင်းမှာ မညီမျှသောအခွင့်အရေးကို သုံးစားနေကြခြင်းသာဖြစ်သည်။ သုံးစားခွင့်ရနေသော အဖွဲ့အစည်းနှင့် မရသောအဖွဲ့အစည်း များတွင် ရှင်သန်ခွင့်ရနေသော လူငယ်များဟူ၍လည်း နှစ်မျိုးနှစ်စားကွဲသွားပြန်သည်။

တက္ကသိုလ်ကျောင်းများတွင်လည်း ပညာရေးစနစ်ဖောက်လွဲဖောက်ပြန်နိုင်မှုများကြောင့် ယူတတ်သူနှင့် မယူတတ်သူဟူ၍ နှစ်မျိုးကွဲသွားပြန်သည်။ မြန်မာပညာရေးစနစ်က Creative Thinking ကိုပစ်ပယ် ထားပြီး၊ အသင့်ခွံ့ကြွေး ဝါကြွေး သည်လောက်ကိုသာ စားတတ်သောပညာရေး ဖြစ်နေသဖြင့် ဝါးကြွေးမည့်သူကိုရှာဖွေရင်းက ပညာရေးတွင် အနာဂတ် ပျောက်နေကြရသည်။ ဘွဲ့ရအလုပ်လက်မဲ့ဆို သည့် စကားကို ဂုဏ်ယူရင်းက မတန်မရာများကို လုပ်ကိုင်နေကြရသည်။ ယင်းမှာ လမ်းကြောင်းပျောက် ပညာရေး စနစ်ကြောင့်ဟု တစ်ဖက်စောင်းနင်း အပြစ်မြင်ရန်လည်းမဖြစ်။ လမ်းကြောင်း မဖောက်နိုင်သော၊ ဖောက်နိုင်စွမ်းမရှိသော၊ မဖောက်ချင်သောသူများကြောင့် ပျောက်နေရခြင်း လည်း ဖြစ်နိုင်သည်။ သို့ဖြစ်ရာ လမ်းကြောင်းပျောက်သူများကိုလည်း လူငယ်တစ်မျိုး အနေဖြင့် တွေ့မြင်ရ မည်ဖြစ်သည်။

လမ်းကြောင်းပျောက်တွင်၊ ပျောက်သောလမ်းကို စမ်းတဝါးဝါး အညံ့ခံပြီး မလျှောက်သူတွေလည်းရှိသည်။ သူတို့သည် ဖောက် ပြန်သော ပညာရေးစနစ်တွင် ဒူးထောက်အညံ့ခံသူတွေ မဟုတ်။ ကိုယ့်လမ်းကိုယ်ဖောက် လျှောက်ခဲ့သူတွေလည်း များစွာရှိ သည်။ ဝါးခွံ့သော ပညာရေးကို အထင်မကြီး၊ အံဖတ်စော်နံနေသည့် ပညာရေးက ဝေးဝေးရှောင်ပြေးကြသည်။ အင်္ဂလိပ်စာ မတတ်သော ဆရာများ၏ အင်္ဂလိပ်စာသင်ကြားရေးတွင် အညံ့မခံ။ ကိုယ့်နည်းကိုယ့်ဟန်နှင့် တတ်အောင်ကြိုးကုတ်အားထုတ် ကြသည်။ ပညာရေးလောကတွင်လည်း ဒူးထောက်အရှုံးပေး အညံ့ခံသူများနှင့် ၊ အရှုံးမပေး ကိုယ့်လမ်းကိုယ်ဖောက်သူနှစ်မျိုး ရှိပါသည်။ ထိုလူငယ်နှစ်မျိုးတွင် ဖောက်ထွက်နိုင်သူတွေ က ရှေ့တန်းရောက်ခဲ့ကြသည်မှာ အထင်အရှားဖြစ်သည်။

လူငယ်များကို အနာဂတ်ဟု မြှောက်ပင့်ခိုင်းရသော ခေတ်ကုန်သွားပြီဖြစ်သည်။ ဆိုရှယ်လစ်ခေတ်က လမ်းစဉ်၊ တေဇ၊ ရှေ့ဆောင်လူငယ်များဟု အသင်းအဖွဲ့ဖြင့် လူငယ်တွေကို ခွဲခြားသည်။ ခေတ်သစ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးလူငယ်ဆိုပြီး ဖြစ်လိုက် သေးသည်။ နောက်ပိုင်း ပါတီတွေထောင်ခွင့်ရသောအခါ ပါတီလူငယ်တွေ ဖြစ်လာပြန်သည်။ ဤကြားထဲတွင် တရားဝင် ဖွဲ့စည်းခွင့်မရသေးသည့် သမဂ္ဂလူငယ်ဆို သည်များနှင့် ၁၉၈၈ ခုနှစ်ကို မှီခိုပြီး နိုင်ငံရေးလုပ်သယောင် လူငယ်များ ပေါ်လာ ပြန်သည်။

နိုင်ငံရေးလောကတွင်လည်း အစိုးရကို ထောက်ခံသည့် လူငယ်နှင့် အတိုက်အခံလူငယ်များဟူ၍ ကွဲသွားပြန်သည်။ နိုင်ငံရေးဆိုသည်မှာ ဘာကိုလုပ်ဆောင်ရမှန်းမသိဘဲ အစိုးရလုပ်သမျှ ဟုတ်ပါ့လုပ်နေသူများလည်း ရှိသကဲ့သို့၊ အစိုးရဘာလုပ်လုပ် မဟုတ်ဟုပြောနေသူတွေလည်းရှိသည်။ အကြမ်းဖျင်းပြောရလျှင် နိုင်ငံရေးအသွင်ဆောင်နေသော လူငယ်များရှိသကဲ့သို့၊ မည်သည့် ပါတီအဖွဲ့အစည်းများ၏ သြဇာမခံဘဲ၊ လွတ်လပ်စွာ လူမှုရေး လုပ်ငန်းများကို လုပ်ဆောင် နေသော အဖြူရောင်လူငယ်များလည်းရှိသည်။ အဖြူရောင်တွေက လူမှုရေးသက်သက် ပြည်သူအတွက် ဦးတည်ထားကြသည်။ လူငယ်တွေမည်မျှ သန့်စင်သနည်းဆိုသည်မှာ တစ်နေ့ အဖြူအမည်း ကွဲပြားသွားလိမ့်မည်။ အဖြူကို အရောင်မဆိုးစေချင်။ သို့ဖြစ်ရာ ပါတီအရောင်ဆိုးထားသူများနှင့် အရောင်မဆိုးထားသည့် အဖြူရောင်များဟူ၍လည်း နှစ်မျိုးရှိနိုင်သည်။

လူငယ်များတွင် ဝေလေလေတွေရှိနိုင်သလို၊ ပေတေတေများလည်းရှိနိုင်သည်။ ဘီယာဆိုင်၊ လောင်းကစား ဆိုင်၊ ကာရာအိုကေ၊ မာဆတ်၊ လက်ဖက်ရည်ဆိုင်၊ ဘောလုံးပွဲ၊ ပန်းခြံ၊ ရုပ်ရှင်ရုံများတွင် အနာဂတ် ပျောက်နေ သူများလည်းရှိနိုင်သည်။ သူတို့မှာ ထွက်ပေါက်မရှိ။ မိုးလင်းသည်နှင့် အပျော်အပါး၊ လောင်းကစား၊ မော်ကြွားမှုများထဲတွင်သာ အချိန်ကုန်နေသူတွေရှိမည်။ တစ်နေ့ သိန်းချီပြီး ဖြုန်းနေသည့် လူငယ်တွေရှိသလို၊ တစ်နေ့ ထောင်ဂဏန်းလေးရရန် ချွေးသွေးများဖြင့်ရင်းပြီး မိသားစုကို ရှာဖွေကျွေးနေရသော အရွယ်နှင့်မမျှ ဘဝနာသူတွေလည်းရှိနိုင်သည်။

လူငယ်နှစ်မျိုးရှိပါသည်။ ဘဝနာသူများနှင့် ဘဝရှာသူများဖြစ်သည်။ ဘဝနာသူတွေက ဘာလုပ်ရမည်ကို သိသည်။ ပန်းတိုင်ရှိ သည်။ ဦးတည်ချက်ဖြင့် ဘဝကို ရုန်းကန်လှုပ်ရှားသည်။ ပညာရှာလျှင်ရှာ၊ ပညာမ ရှာနိုင်တော့လျှင် ဥစ္စာရှာရမည်ကိုသိသည်။ ဘဝဆိုသည်မှာ အချိန်ကိုတန်ဖိုးရှိစွာသုံးပြီး ရုန်းကန်ရမည်ကို သိသောသူများဖြစ်သည်။

ဘဝရှာသူတွေကတော့ အနာဂတ်ပျောက်ပြီး ရှာဖွေရင်းဖြင့် အချိန်တွေကုန်နေကြရသည်။ သူတို့တွင် ဘာတွေပျောက်ဆုံးနေ သည်ကိုလည်းမသိ၊ ဘာတွေကိုရှာရမှန်းလည်းမသိ။ နေ့တစ်နေ့ကို တန်ဖိုးမဲ့စွာဖြင့် အစပြုပြီး၊ တန်ဖိုးမဲ့စွာဖြင့် အဆုံးသတ် လိုက်သည်။ ထိုနေ့တစ်နေ့တွင် သူ့ထံ၌ ဘာတစ်ခုမျှမရှိ။ ဘာတစ်ခုမျှလည်း မကျန်ခဲ့။ လိုက်လေဝေးလေ ရှာဖွေရင်း အချိန်တွေ ကုန်ဆုံးသွားသည်။ သူဘာရှာမှန်း လည်းမသိ။ ဘာမျှလည်းမတွေ့။ ဘဝတွင် ထိုသို့သော လူငယ်တွေက များလှသည်။

Maukkha Education Magazine

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...