ပြောင်းလဲလာသည့် ဆရာတပည့်ဆက်ဆံရေး



ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်ဝန်းကျင်လောက်က ညီတစ်ယောက်လို ခင်မင်သည့်သူတစ်ယောက် က ကျွန်တော့်ထံ ဖုန်းဆက်၍အကူအညီတစ်ခုတောင်းသည်။ ယခုအောက်တိုဘာလ နောက် ဆုံးပတ်ထဲတွင် သူတို့နှစ် (၁၉၉၅ ခုနှစ်) ဆယ်တန်းအောင် ကျောင်းသူ၊ ကျောင်းသားများစုပေါင်း၍ အလယ်တန်း၊ အထက်တန်းတွင် သင်ကြားခဲ့ရသော ဆရာ၊ ဆရာမဟောင်းများကို ပူဇော်ကန်တော့သည့် ပွဲတစ်ခု ကျင်းပရန်ရှိပါသည်တဲ့။ ထိုပွဲအတွက်ကျွန်တော့်ထံမှ ဆရာ၊ ဆရာမများကို ကန်တော့သည့် ကန်တော့ချိုးတစ်ခုရေးပေးပါရန် အကူအညီတောင်းခံလာပါသည်။ ဤအကြောင်းနှင့်ဆက်စပ်ပြီး ဟိုခေတ်က ဆရာတပည့်ဆက်ဆံရေးနှင့် ယနေ့ခေတ်ဆရာတပည့်ဆက်ဆံရေးကို တွေးမိရာမှ ယခုစာစုကိုကျွန်တော်ရေးမိခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ လူမျိုးသည်ဆရာကို အလွန်ရိုသေတတ်ကြ၏။ အာစရိယဂုဏော အနန္တောဟုပင် ဆိုကြသည်။ အနန္တောအနန္တငါးပါးတွင် သွတ်သွင်းကာ မိဘနှင့်သာမက ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးနှင့်ပင် တစ်တန်းတည်း အရာသွင်းကြ၏။ ဆရာဟုဆိုလိုက်သည်နှင့်ပင် မိမိသင်ဖူးသည်ဖြစ်စေ၊ မသင်ဖူးသည်ဖြစ်စေ စိတ်ကအလိုလို ကိုင်းညွတ်တတ်ကြ၏။ ကျောင်းတော်ကြီးမှ ထွက်ခွာပြီးနောက် ပိုင်းတွင်လည်း ဆရာတို့၏ ကျေးဇူးတရားကို မမေ့မလျော့ရှိတတ်ကြ၏။ ထို့ကြောင့်ပင် အမြို့မြို့ အနယ်နယ်၌ အာစရိယပူဇော်ပွဲများကို ခမ်းခမ်းနားနား ကျင်းပကြခြင်းဖြစ်လေ သည်။

ကျွန်တော်တို့ခေတ်ကျောင်းသားများသည် ကိုယ့်ကိုပညာသင်ပေးသော ဆရာ၊ ဆရာမများကို အလွန်ပဲချစ်ကြောက်ရိုသေရှိကြ၏။ ယခုအသက်အရွယ်ရောက်လာသည့်တိုင် ဆရာဟောင်းကြီးများ နှင့် လမ်းမှာ မတော်တဆ ပတ်ပင်းဆုံမိသည့် အခါများ၌ ရိုသေသမှုဖြင့် စိတ်ကအလိုလိုနှိမ့်ချဦးညွှတ်မိ တတ်၏။ ကျောင်းသားဘဝတွင်ကား ဆိုဖွယ်ရာမရှိ။ ကိုယ့်ဆရာ၊ ဆရာမများကို ချစ်စနိုးဖြင့်နာမည် အပြောင်အပြက်များတော့ ပေးထားကြ၏။ ဝဝပုပုဆရာကို မောင်ကမ္ဘာ၊ အသားမည်းမည်းဆရာကို ကပ္ပလီ၊ ခပ်ဝဝ သိပ္ပံသင်သည့်ဆရာကို သိပ္ပံမောင်ဝ၊အပြစ်တစ်ခုခုတွေ့လျှင် မပြီးနိုင်မစီးနိုင် ပြောနေတတ်သည့် ဆရာမအပျိုကြီးကို ဒေါ်ရစ်စသည့်ဖြင့် ကွယ်ရာမှာခေါ်ကြသော်လည်း ဆရာ၊ ဆရာမတို့ကို မုန်းသည့်စိတ်မျိုး၊ ငြိုငြင်သည့်စိတ်မျိုး၊ ငြိုငြင်သည့်စိတ်မျိုး ကျွန်တော်တို့စိတ်မှာ တစ်ခါမှမပေါ်ခဲ့ဖူးပေ။ စနေ၊ တနင်္ဂနွေလို ကျောင်းပိတ်ရက်မျိုး၌ ဆရာ၊ ဆရာမများက သူတို့အိမ်အလုပ်များ ခေါ်ခိုင်းလျှင်ပင် မငြိုမငြင်သွား၍ လုပ်ကိုင်ပေးခဲ့သည်ပင်။

ဆရာ၊ ဆရာမများကလည်း ဘယ်တပည့်ကိုမဆို မုန်းတီးသည့်စိတ်၊ အငြိုးအတေးထားသည့် စိတ်ဖြင့် ရိုက်သည်ဟုဘယ်တုန်းကမှ မရှိခဲ့။ သင်ခန်းစာတစ်ခုကို နားမလည်လို့ ကျောင်းမှာပဲမေး၊မေး၊ အိမ်ကိုပဲ လိုက်မေးမေးစိတ်ရှည်လက်ရှည်ရှင်းပြသည်။ယုတ်စွအဆုံး ကိုယ်စာသွားမေးသည့်အချိန်မှာ ထမင်းစား လျက်နှင့် ကြုံလျှင်ပင်စားလက်စပန်းကန်ကို တန်းလန်းထားခဲ့ပြီး လက်ဆေးလက်သုတ်ကာ ချက်ချင်း ထ၍ ရှင်းပြတတ်ကြလေသည်။ ထို့ကြောင့်လည်း ကျွန်တော်တို့ခေတ် ကျောင်းသားဟောင်းများသည် ဆရာ၊ဆရာမဟောင်းကြီးများကို နှစ်စဉ်ပူဇော် ကန်တော့ကြခြင်းဖြစ်လေသည်။ အချို့မြို့နယ်များဆိုလျှင် ငွေရတု ဆရာကန်တော့ပွဲသို့ပင် ရောက်ခဲ့ကြပြီဖြစ်လေသည်။

ယနေ့ခေတ်တွင်ကားပညာသည် ရောင်းကုန်တစ်ရပ်ဖြစ်လာသည်။ လစာနည်းပါးခြင်းကို အကြောင်း ပြုကာ ဆရာ၊ ဆရာမများသည် ကျူရှင်ဆရာတစ်ပိုင်းဖြစ်လာသည်။ သူငယ်တန်းမှ တက္ကသိုလ်အထိ ကျူရှင်မရှိသော အတန်းဟူ၍မရှိတော့ပေ။ မူလကစားဝတ်နေရေးပြေလည်ရုံ ကျူရှင်ပြရာမှ နောက်ပိုင်း တွင်လောဘစိတ်တို့ဦးစီးကာ ကျူရှင်မှာမေးခွန်းပေးသင်တာတွေ၊ ကိုယ့်ကျူရှင်မတက်သော ကျောင်းသားကို နည်းအမျိုးမျိုးနှင့် ညစ်တာတွေ လုပ်လာတော့သည်။ ဆရာသည် အနန္တောအနန္တငါးပါး ကုလားထိုင်ပေါ်မှ မိမိဆန္ဒအလျောက် ခုန်ဆင်းသွားခြင်းဖြစ်သည်။

သည်အထဲစစ်အစိုးရလက်ထက် တစ်လျှောက်လုံး ဆရာတွေကို အာဏာရှင်စရိုက် သွတ်သွင်းပေးလိုက် သည်။ မူလတန်းကျောင်းမှသည် တက္ကသိုလ်ကျောင်းတော်ကြီးတွေအထိ ကျောင်းဝင်းတံခါးပေါက်တွေ မှာ ဆရာ၊ ဆရာမတွေက "တာဝန်" ဟူသော လက်ပတ်အနီကြီးတွေပတ်ပြီး အချိန်ပြည့်စောင့်ကြပ်နေ ကြသည်။ စာသင်သောဆရာက ကိုယ်နှင့်မဆိုင်သည့် စစ်ဆေးရေးအလုပ်လုပ်နေရသည်။ ပညာသင်ရန် လာသော တပည့်များကိုလည်း တပည့်တို့မမြင်တော့။ ဆူဆူပူပူလုပ်မည့်သူများ၊ မိမိတို့အလုပ်ကို အနှောင့်အယှက်ပေးမည့်သူများဟု သဘောထားကာ ကျောင်းချိန်ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်နောက်ကျ သည်နှင့် ဘာကြောင့်နောက်ကျရသည့် အကျိုးအကြောင်းမေးမနေတော့ဘဲ အပြစ်ပေးတာတွေ၊ ကျောင်းခေါ်ကြိမ်ဖြတ်တာတွေ လုပ်တော့သည်။ ဆယ်တန်းအောင်ချက်ညံ့လျှင် မိမိတို့ကို အရေးယူအပြစ်ပေး ခံရမည်စိုးသဖြင့် ကျောင်းသားတွေကို ဖိအားတွေအတင်းပေးတော့သည်။ လပတ်စာမေးပွဲ ကျတာလောက်နှင့် မိဘခေါ်ပြီးသတိပေးတာမျိုးတွေ လုပ်တော့သည်။

"ကျောင်းနေပျော်၍ စာတော်ရမည်" ဟုဆိုင်းဘုတ်ကြီးထူထားသော်လည်း ကျောင်းသည် ကျောင်း သားများအတွက် နေပျော်စရာနေရာမဟုတ်တော့ချေ။ မဖြစ်မနေမို့သာ ကျောင်းတက်နေကြရသည်။ ဘယ်သူမှကျောင်းမတက်ချင်တော့။ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်းဖြင့်သာ ထိန်းမထားလျှင် ကျောင်းများ၌ တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ယောက်မှ ရှိမည်မဟုတ်။ နှစ်တက်ကျောင်းသား များကို ကျွန်တော်တို့ခေတ်ကလို အပြင်ဖြေခွင့်ပေးလျှင် ဘယ်သူမှ ကျောင်းတက်မည်မဟုတ်။ ကျောင်းတွင်ကစားကွင်းမရှိ။ လက်တွေ့လုပ်စရာ ဘာသင်ထောက်ကူပစ္စည်းမှမရှိ။ စာကြည့်တိုက် သည် ဆိုင်းဘုတ်ပဲရှိပြီး ကျောင်းသားများ အသုံးပြုခွင့်မရ။ ကျောင်းသည်ပညာသင်ကြားပေးသော နေရာ မဟုတ်တော့ဘဲ မှတ်စုအော်ပေးသောနေရာဖြစ်နေသည်။ သည်တော့ကလေးတွေ ကျောင်းပြေး ကြသည်။ အပြင်ကျူရှင်များကိုအားကိုးကြသည်။ ဆရာတပည့်ဆက်ဆံရေးသည် လုံးဝပျက်စီးသွားရလေသည်။

တက္ကသိုလ်တွေမှာကော ဘာထူးသနည်း။ တက္ကသိုလ်ဆရာတစ်ယောက်က ပြောပြသည်။ သူတို့တက္ကသိုလ်တွေမှာ ပထမနှစ်၊ ဒုတိယနှစ်ကျောင်းသားတွေကို မှတ်စုအော်ပေးနေသတဲ့။ ဟိုးမြစ်ကြီး နား တက္ကသိုလ်ကနေ ထားဝယ်တက္ကသိုလ်အထိ သင်ရိုးတွေအတူတူပဲတဲ့။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းက "တက္ကသိုလ်က ဆရာဆိုရင် သုတေသနလုပ်ရမယ်။ ဘာသာရပ်ဆိုင်ရာ တိုးတက်မှုဟာ သူ့အလုပ်။ ဟိုဟာဒီဟာအကြောင်းပြပြီး သုတေသနမလုပ်ရင် အလကားအကောင်လို့ သတ်မှတ်တယ်" ဟု သူ၏ငါပြောချင်သမျှ ငါ့အကြောင်းစာအုပ်တစ်နေရာတွင် ရေးခဲ့ဖူးသည်။ ဆရာကြီး၏စံဖြင့်တိုင်းတာရလျှင်မှတ်စုအော်ပေးနေသော ဆရာများကိုအဆင့်သတ်မှတ်ပေးဖို့ပင် ခက်လိမ့်မည်ထင်၏။

ပြီးခဲ့သည့်တက္ကသိုလ်စာမေးပွဲများ မစစ်မီက ရတနာပုံဆိုက်ဘာစီးတီးမှ ကျောင်းသား ၁၇၈ ယောက်ကို ကျောင်းတက်ရာခိုင်နှုန်းမပြည့်မီ၍ဟုဆိုကာ စာမေးပွဲဖြေဆိုခွင့်တစ်နှစ်ရပ်ဆိုင်းလိုက်သည့်အပြင် ယခုနှစ်ကိုလည်း အကျသတ်မှတ်လိုက်ကြောင်း သတင်းတစ်ပုဒ်ဖတ်လိုက်ရသည်။ သည်သတင်းကို ဖတ်ရတော့ အပြစ်ပေးခံရသည့် ကလေးများအတွက်လည်း စိတ်မကောင်းဖြစ်မိသလို အာဏာရှင် စရိုက်တွေခေါက်ရိုးကျိုးနေသူတို့၏ လုပ်ပိုင်ခွင့်ကိုအလွန်အကျွံ အသုံးချမှုများအတွက်လည်း စိတ်ပျက် မိသည်။ တကယ်ဆိုဒါလောက်အများကြီး ကျောင်းပြေးနေကြသည်ဆိုကတည်းက ကိုယ့်ဘက်က ဘာအားနည်းချက်၊ ချို့ယွင်းချက်ရှိသလဲ ပြန်စဉ်းစားသင့်သည်။ ဆရာတွေအရည်အသွေး ပြည့်မီရဲ့လား။ သင်ထောက်ကူပစ္စည်းတွေ ပြည့်စုံရဲ့လား။ ကျောင်းသည်ကျောင်းနှင့်မတူဘဲ "ထောင်" လိုဖြစ် နေသလား။ အကယ်၍ ကိုယ့်ဘက်ကအားလုံးပြည့်စုံနေသည်ဆိုလျှင်တောင်ယခုအပြစ်ပေးအရေးယူ မှုသည်ဌာနဆိုင်ရာအရာရှိတစ်ယောက်က လက်အောက်ဝန်ထမ်းတစ်ယောက်ကိုအရေးယူတာမျိုး မဟုတ်ဘဲ ကိုယ့်တပည့်သားသမီးများ ဖြစ်နေသည်ကို သတိပြုသင့်သည်။ ဆရာကတပည့်၏ ဘဝ တစ်ခုလုံးကျိုးကြေသွားရအောင် ပြစ်မှုနှင့်မမျှတစွာအရေးယူလိုက်ခြင်းဖြင့် သည်ကလေးတွေလိမ္မာ သွားလိမ့်မည်ဟု ယုံကြည်ပါသလားမေးချင်ပါသည်။

ထိုကလေးများ၏ ရင်ထဲတွင်ဆရာများအပေါ် အမုန်းဆူးအကြီးကြီးတွေပေါက်သွားနိုင်ပါသည်။ အင်္ဂလိပ်စာပေပညာရှင်ကြီး ဂျွန်ရပ်စကင်းက "ကြီးမြတ်တဲ့ လူမျိုးတစ်မျိုးဟာ သစ်ကြားသီးခြောက်လုံး လောက်ခိုးမိတာနဲ့ ကလေးတွေကို ထောင်ထဲမပို့ဘူး" ဟုပြောဖူးပါသည်။ သည်ကလေးများသည် တစ်နေ့နိုင်ငံ၏ အနာဂတ်အတွက် အဖိုးတန်သူ လူ့အရင်းအမြစ်တွေ ဖြစ်လာနိုင်သည့်သူတွေဖြစ်ပါသည်။ ကျောင်းတက်ရာနှုန်း မပြည့်မီသည့်အတွက် ဤမျှပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းသည် ကလေးများ၏ အနာဂတ်ကိုသာမက နိုင်ငံ၏အနာဂတ်ကိုပါ လျစ်လျူရှုရာကျလွန်းပါသည်။ သည်လိုနှင့် တက္ကသိုလ်များတွင်လည်း ဆရာတပည့်ဆက်ဆံရေးသည် တဖြည်းဖြည်းပျက်စီးသွားရလေသည်။

နောင်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ကြာသည့်အခါ မြို့တိုင်း၊ မြို့တိုင်းမှာ၊ တက္ကသိုလ်တွေမှာ ယခုမြင်တွေ့ နေရသည့် ကျောင်းသားဟောင်းကြီးများက သူတို့၏ဆရာဟောင်းကြီးများကို ပူဇော်ကန်တော့ကြသည့် မြန်မာ့ဓလေ့ အာစရိယယူဇော်ပွဲတွေရှိမှ ရှိနိုင်ပါဦးမလားဟု ကျွန်တော်တွေးကာစိတ်မကောင်း ဖြစ်မိပါ သည်။ ဘာပဲဖြစ်ဖြစ် ဆရာဟူသည် တပည့်များရှိနေ၍သာ အနန္တော၊ အနန္တငါးပါးကုလားထိုင်တွင် ထိုင်ခွင့်ရနေခြင်း ဖြစ်ပါသည်။

ဇော်ဂျီ၊ မင်းသုဝဏ်၊ သိပ္ပံမောင်ဝ၊ တက္ကသိုလ်မောင်သန့်စင် စသောပညာရှင်များ မွေးထုတ်ပေးခဲ့သည့် ဆရာကြီးဦးဖေမောင်တင်လို၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီးကဲ့သို့ပညာရှင်မွေးထုတ်ပေးနိုင်သည့် လယ်တီဆရာတော်ကြီးလိုသမိုင်းမှာ နေရာတစ်ခုအခိုင်အမာယူနိုင်သည့် ဆရာကောင်းဆရာမြတ်များ အဖြစ် တပည့်ကောင်းများ မွေးထုတ်ပေးနိုင်သည့် မနုဿဥယျာဉ်မှူးများ ဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသတည်း။ ။

7Day Daily
No.180, October 21, 2013

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...