ရေစီးကြောင်းအတွင်းရှော့ခ်ရိုက်ခြင်း



ဘဝမှာကိုယ် မတွေ့ဘူး၊ မကြုံဘူးတဲ့ ယဉ်ကျေးမှုဓလေ့တွေကို မြင်တွေ့ရခြင်းရင်ဆိုင်ရခြင်းကို Culture Shock လို့ပြောကြပါတယ်။ မြန်မာအဘိဓာန်တစ်ခုမှာ “တိုင်းတစ်ပါးယဉ်ကျေးမှုနှင့် ရုတ်တရက် ထိတွေ့ရာ၌ ဖြစ်ပေါ်သော စိတ်နေသားမကျမှု” လို့ဖွင့်ဆိုထားပါတယ်။ အင်္ဂလိပ်အဘိဓာန်တစ်ခုမှာတော့ “မိမိနေသားမကျသော ယဉ်ကျေးမှုဓလေ့တစ်ခု နှင့် ရုတ်တရက်ထိတွေ့ရင်ဆိုင်မိခြင်း”လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

ကျွန်တော့်ဘဝမှာလည်း မရင်းနှီး အကျွမ်းမဝင်နိုင်တဲ့ ဓလေ့ပေါင်းများစွာ ရှိနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာပြည် ထဲက မြို့လေးတစ်မြို့ရဲ့ အဝန်းအဝိုင်း မိုင် ၅၀ ပတ် လည်လောက်ကလွဲပြီး အခြားဘယ်နေရာမှ မရောက်ဖူးသူဖြစ်တာကြောင့် အတွေ့အကြုံဗဟုသုတနည်းတယ်လို့ပြောလည်း ခံရမှာပဲ။ ရန်ကုန်မြို့ကြီးကို ရောက်တိုင်းလည်း Culture shock တွေ မကြာခဏဖြစ်ရတယ်ဆိုတာ ဝန်ခံရတော့မှာပါ။

တစ်ည ရန်ကုန်ဘူတာကြီးကနေ အငှားကားနဲ့ ကျောက်မြောင်းကတည်းခိုအိမ်ကိုလာခဲ့တယ်။ ကန်တော်ကြီး ကန်ပတ်လမ်း တစ်လျှောက် မိုးရွာနေလို့ ဖြည်းဖြည်းလေးမောင်းလာတဲ့ကားက လမ်းဆုံမီးပွိုင့်အရောက်မှာ ရပ်လိုက်တော့ ကားကို တဝုန်းဝုန်းလာထုပြီး “လိုက်ချင်တယ်” လို့ ပြောတဲ့ မိန်းကလေးအုပ်စုကို ကားသမားက အရေးတောင်မလုပ်ဘဲ မောင်းထွက် ခဲ့ပါတယ်။ ပြီးတော့ သူက ကျွန်တော့်ဘက်လှည့်ပြီး “ရန်ကုန်မှာက ငတ်လို့လုပ်စားတယ်ဆိုတာထက် အရချောင်လို့ လုပ်စားနေတဲ့ဟာတွေက ပိုများလာပြီ” လို့ပြောလိုက်ပါတယ်။ ကန်ပတ်လမ်းတစ်လျှောက် ကားမီးရောင်အောက်မှာ သူပြောသလို အရချောင်လမ်းကို လိုက်နေသူတွေ တန်းစီပြီးရှိနေတာတွေ့လိုက်ရတဲ့အတွက် ပထမဆုံး shock နဲ့ရင်ဆိုင်ရ တာလို့ ဆိုနိုင်ပါတယ်။

နောက်တစ်နေ့ညမှာ သူငယ်ချင်းဖြစ်သူနဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ထိုင်ဖြစ်ပါတယ်။ ကိုယ့်စားပွဲဘေးကဝိုင်းမှာ မိန်းကလေးတစ်သိုက် ထိုင်နေကြတယ်။ ကျွန်တော်တောသားကို တုန်လှုပ်သွားစေတာကတော့ အဲဒီမိန်းကလေးတွေက ဘီယာခွက်တွေကို ခွက်ချင်းတိုက်ပြီး ရယ်မောအော်ဟစ် လှောင်ပြောင်နေကြတာပါပဲ။ မြန်မာမလေးတွေ ဘီယာမူးနေတာ ယခုပထမဦးဆုံးအကြိမ်တွေ့ဖူးခြင်းလို့ ဆိုရပါလိမ့်မယ်။ ဆိုင်ထိုင်ပြီး ယောက်ျားတွေနဲ့ အပြိုင်သောက်နိုင်ကြောင်း ဂုဏ်ယူ ပြောနေတဲ့ အဲဒီယဉ်ကျေးမှုကလည်း တုန်လှုပ်စရာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရုပ်သံခေတ်ကို ကိုရီးယား ယဉ်ကျေးမှုတွေ လွှမ်းမိုးလာခဲ့တာ ဆယ်စုတစ်စုမကတော့ပါဘူး။ ကိုရီးယားဇာတ်လမ်း တွဲတွေကြောင့် တီဗီတွေကို လူကြည့်များလာတယ်။ ရုပ်ရှင်ရုံတွေ ခေတ်မှိန်ကုန်တယ်။ ကိုရီးယားကားတွေထဲက ကောင်မလေး တွေ အရက်မူးလာရင် ကောင်လေးတွေက ကုန်းပိုးပြီး အိမ်ပြန်ပို့တတ်တဲ့ဓလေ့တွေကို မြန်မာ မလေးတွေက အားကျပြီး လိုက်တုတယ်။ စိတ်ညစ်လာရင် လမ်းဘေးဆိုင်မှာ အရက်ထိုင်သောက်ရတယ်ဆိုတဲ့ ကိုရီးယားကားတိုင်းလိုလိုမှာ ပါတတ်တဲ့ ဓလေ့တွေဟာ မြန်မာမလေးတွေအတွက် အတုယူစရာတွေ၊ အားထားစရာတွေဖြစ်နေတာကိုလည်း Culture shock တစ်ခု လို့ ခံစားရပါတယ်။

“မင်းတွေ့ရတာက လမ်းဘေးဆိုင်အဆင့်ပဲရှိသေးတယ်။ ဒေးကလပ်တွေ၊ နိုက်ကလပ်တွေ အများကြီးရှိသေးတယ်။ အဲဒီမှာ ကျောင်းသားတွေ ကျောင်းမသွားဘဲ ဖြစ်ချင်တိုင်းဖြစ်နေကြတာ။ ညဘက်တွေမှာ မထိန်းနိုင်လို့ မိဘတွေ ဒီအတိုင်းပဲ လက်မှိုင် ချထားနေကြရတာတွေလည်း အများကြီးရှိသေးတယ်။ ပိုဆိုးတာက တက္ကသိုလ်တွေ ကောလိပ်တွေကို မြို့ပြနဲ့ဝေးရာကို ပို့ထားပြီး အထိန်းအကွပ်မဲ့၊ တာဝန်မယူနိုင်တဲ့ ဆရာ ဆရာမတွေကြောင့် ကျောင်းသားတွေလည်း ဖြစ်ချင်သလို ဖြစ်နေကြတာ အဆိုးဆုံးပဲ” လို့ သူငယ်ချင်းက ကောက်ချက်ချပါတယ်။

နောက်တစ်နေ့မှာ ရန်ကုန်မြို့ထဲကနေ မြို့ပတ်ရထားစီးပြီး တစ်နေရာကို ခရီးဆက်ခဲ့ပါတယ်။ မြို့ပတ်ရထားတွေကို ပြုပြင် ပြောင်းလဲမှုလေးတွေ လုပ်လာတာ ချီးကျူးမိပါတယ်။ ဒါပေမဲ့ အချိန်တိကျမှန်ကန်နိုင်အောင်၊ သူများနိုင်ငံတွေမှာလို ရထား ဖြတ်ချိန်နဲ့ နာရီတိုက်ရတယ်ဆိုတာမျိုးဖြစ်အောင် လုပ်ဖို့ လိုပါသေးတယ်။

ကြမ်းပိုးမကိုက်နိုင်အောင် ရထားထိုင်ခုံတွေ စီစဉ်ပေးထားမှုကိုကြည်နူးပီတိဖြစ်နေချိန်မှာ မျက်နှာချင်းဆိုင်က လူငယ်အတွဲ တစ်တွဲကို သတိထားမိလိုက်ပါတယ်။ သာမန်မဟုတ်ပါဘူး။ လူအများကြားမှာ ဖက်ထားရုံမက နမ်းနေကြတာဟာ မြန်မာနိုင်ငံလို မြင်ကွင်းမှာ အလွန်ရိုင်းစိုင်းတဲ့ အပြုအမူလို့ ပြောရမှာပါ။ အနားမှာရှိတဲ့ အမျိုးသမီးကြီးတစ်ယောက်က မြင်ပြင်းကပ်လာပုံရပါတယ်။ “နင်တို့ကလည်း လွန်လွန်းတယ်ဟယ်” ဆိုတော့ ကောင်မလေးက “ဒီမိုကရေစီရနေပြီ ဘာတွေ လာပြောနေတာလဲ” တဲ့လေ။ ဒီမိုကရေစီဆိုတာ ဒီလို လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုတဲ့အသိမျိုး သူတို့ကို ဘယ်ကျောင်း တွေက ပညာပေးလိုက်သလဲလို့ အံ့သြနေမိပါတယ်။

ယဉ်ကျေးမှုတွေ တိုက်ဆောင့်ခြင်းကြောင့် ကိုယ့်အမျိုးသားတွေရဲ့ ကိုယ်ပိုင်ဟန်တွေ ပျောက်သွားတတ်တာကို လက်ခံပါတယ်။ ဂျပန်တွေ ကီမိုနိုနဲ့ မနေတော့ဘူး။ တစ်နိုင်ငံလုံးလိုလို အနောက်တိုင်းဝတ်စုံကို အမျိုးသားဝတ်စုံလို လက်ခံပြီး ရုံးကျောင်း လူမှုဝန်းကျင်တွေမှာ အားလုံးဂုဏ်ယူစွာဆင်ယင်နေပါပြီ။ ကိုရီးယားတွေလည်း အနောက်တိုင်းဝတ်စုံကို မြတ်နိုးစွာ ဆင်ယင်ပြီး ဂုဏ်တင်စရာတစ်ခုလို့ သတ်မှတ်ကြတာဟာ ယဉ်ကျေးမှုတစ်ခုက၊ အခြားယဉ်ကျေးမှုတစ်ခုကို ဝါးမြိုခြင်းဖြစ်ပြီး ကျေနပ်စွာ ခံယူကြခြင်းဖြစ်ပါတယ်။

လူတို့ရဲ့ သဘာဝပတ်ဝန်းကျင်၊ ခေတ်အနေအထားတွေကြောင့် ပြောင်းလဲလာရတွေကို လက်သင့်ခံရပါလိမ့်မယ်။ တောင်ရှည်ဝတ်တဲ့ခေတ်မှာ မြင်းစီးပြီးသွားရတာ အဆင်ပြေကောင်း ပြေနိုင်ပါတယ်။ ဒါတောင် ခါးတောင်းကျိုက်ရပါလိမ့် မယ်။ ဒီခေတ်မှာ တော့ တောင်ရှည်နဲ့ ဘတ်စ်ကားတိုးစီးဖို့ မလွယ်တာကြောင့် တောင်ရှည်ကို ပြန်ပြီး တမ်းတနေစရာ မလိုတာတော့ အမှန်ပါပဲ။ အလားတူ မိန်းကလေးတွေလည်း ထမီအနားမှာ တစ်တောင်လောက်ပုဝါတပ်ပြီး ဘတ်စ်ကား တိုးစီးလို့မရတဲ့ခေတ်ဖြစ်တာ ကြောင့် ပြေးလွှားလို့ကောင်းတဲ့ ဘောင်းဘီတွေ၊ ထမီတိုတွေဝတ်လာတာကိုလည်း လက်ခံပါ တယ်။ ဒါပေမဲ့ မတန်တဆ တိုပြ ဖော်ပြတာဟာ ယဉ်ကျေးမှုကို အလျားလိုက်တိုက်ဆောင့်နေခြင်းလားလို့ တွေးမိပါတယ်။

တစ်မနက် ရွှေတိဂုံဘုရားကို သွားတော့ နိုင်ငံခြားသူလေးတစ်ယောက်က မြန်မာဝတ်စုံလေးကို ဂုဏ်ယူပြီးလှလှပပ ဝတ်လာရုံ မက၊ သနပ်ခါး ပါးကွက်ကြားလေးနဲ့ ဘုရားလာရတာကို ဂုဏ်ယူပြနေတာတွေ့ရပါတယ်။ အဲဒီအချိန်မှာ ဘုရားကို အလွန်တို သော ဘောင်းဘီဝတ်လာတဲ့ မြန်မာမတွေက ထမီအငှားဌာနမှာ ထမီငှားဝတ်ပြီး ဘုရားပေါ်တက်ရတာ ဂုဏ်ယူပြနေပါတယ်။

Culture shock မှာ ရင်ဆိုင်ရနိုင်တဲ့ အကြောင်းချင်းရာ သုံးမျိုးရှိနိုင်ပါတယ်။ အဲဒါတွေကတော့ Rejector, Adopter နဲ့ Cosmopolitan ဆိုပြီးတော့ဖြစ်ပါတယ်။

Rejector ဆိုတာကတော့ ကိုယ့်ယဉ်ကျေးမှု ဓလေ့ထုံးစံကလွဲပြီး အခြားယဉ်ကျေးမှုတွေကို လက်သင့်မခံဘဲ ပယ်ချ တတ်သူတွေဖြစ်ပါတယ်။ ဘာပြောပြော ကိုယ့်ဓလေ့အတိုင်းနေမယ်၊ သေမယ်ဆိုတဲ့ လူမျိုးတွေပေါ့။ Adopter ဆိုသူတွေက တော့ ရိုးရာဓလေ့ကို စွန့်ပယ်ရမှာ ဝန်မလေးတဲ့သူတွေပါ။ သူတို့ကတော့ ဘယ်နေရာရောက်ရောက်၊ ဘယ်လိုဓလေ့မျိုးကိုတွေ့ တွေ့ အလွယ်တကူလက်ခံလိုက်ကြတဲ့သူမျိုးတွေဖြစ်ပါတယ်။ Cosmopolitan တွေကတော့ ယဉ်ကျေးမှုဓလေ့တိုင်းကို လက်ခံကြသူတွေမဟုတ်ဘူး။ သူတို့က ပယ်သင့်တာကိုပယ်တယ်။ ယူသင့်တာတွေကို ယူကြတယ်။ ကိုယ့်နိုင်ငံကိုယ့်လူမျိုး ဓလေ့ နဲ့ ကိုက်ညီအောင် ပြုပြင်သင့်ရင် ပြုပြင်ကြတယ်။ ဒီတော့ Culture shock မှာ “ငြင်းပယ်သူလား” “လက်ခံသူလား” “ပြင်ဆင်သူလား” ဆိုတာတွေကို ဆန်းစစ်ဖို့ လိုလာပါပြီ။

Culture shock ဆိုတာကြောင့် သက်ရောက်မှုတွေ အများကြီးရှိနိုင်ပါတယ်။ ယဉ်ကျေးမှုတစ်ခုဟာ အခြားယဉ်ကျေးမှု တစ်ခုကို လုံးဝဖုံးကွယ်သွားအောင်လုပ်နိုင်ပါတယ်။ အလားတူ မူလယဉ်ကျေးမှုကို အခြားယဉ်ကျေးမှုတစ်ခုက လုံးဝကွယ် ပျောက်သွားအောင်လည်း လုပ်နိုင်ပါတယ်။ အဲဒါတွေဟာ Culture shock ကြောင့် ဖြစ်လာနိုင်တဲ့ သဘောတရားတွေဖြစ် ပါတယ်။

မျက်မှောက်ခေတ်လူတွေက လက်ရှိဘဝကိုပဲ ဦးစားပေးသာယာဖို့ ကြိုးပမ်းလာကြပါတယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုတာတွေက ပျင်းရိငြီးငွေ့ဖွယ်ကောင်းတယ်လို့ ယူဆနေသူတွေကြောင့် Culture shock ဖြစ်နေပေမယ့် ငြင်းရမှာလား၊ လက်ခံရမှာလား၊ ပြင်ရမှာလားဆိုတာတောင် မသိကြတော့ပါဘူး။ သိအောင်လည်း မကြိုးစားတော့ဘူး။ ရေစီးကြောင်းထဲမှာ ဆိုဂျူသောက်ပြီး ကင်ချီစားကာ မျှောချလိုက်သူတွေက များနေပြီထင်ပါတယ်။

Maukkha Education Magazine

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...