ပုဂံမြေမှ ပညာအနွမ်း



ဒီဘုရားအကြောင်း ရှင်းပြမယ်လေ။ မြန်မာလိုသိချင်လား အင်္ဂလိပ်လိုပြောပြရမလားဆိုတဲ့ အသံက စေတီပုထိုးကြား ထိုးထွက်နေသည့် နေရောင်အောက်တွင် ဖိနပ်ဗလာကျင်းဖြင့် ပြေးလာသူ ၁၁ နှစ်ခန့် သာရှိသေးသော မိန်းကလေးငယ်၏အသံဖြစ်ပြီး မောဟိုက်နေသည်

"စေတနာရှိသလောက်ပဲ မုန့်ဖိုးလေးပေးရင်ရပါတယ်။ မပေးရင်လဲရပါတယ်" ဟု သနပ်ခါးပါးကွက် ကျားပေါ် ဖြာဆင်းကျလာသော ချွေးစက်များကို လတ်ဖဝါးကြမ်းကြမ်းဖြင့် ဖယ်ရှားလိုက်ပြီး သူမ (လွင်လွင်) ကဆက်၍စကားဆိုသည်။

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးရာ ပုံဂံမြေတွင် စေတီပုထိုးများကို လာရောက်ဖူးမြော် လည်ပတ်သည့် ခရီးသွားဧည့်သည်တစ်ဦးကို နောက်ကနေ မမောမပန်းတစ်ကောက်ကောက်လိုက်ပြီး တတွတ်တွတ်လိုက်ပြောနေသည့် ထိုမြင်ကွင်းကား လွမ်းဆွတ်ကြေကွဲဖွယ်ကောင်းသည်။

ရှေးဟောင်းပုဂံဘုရားများနည်းတူ ပုဂံဘုရားဝန်းကျင်တွင် လွင်လွင်ကဲ့သို့ သက်တူရွယ်တူဘဝတူ ကလေးငယ်များသည် ကျောင်းစာသင်ခန်းနှင့် ဝေးကွာနေပြီး ထိုကဲ့သို့ ကလေးဧည့်ညွှန်အလုပ်ဖြင့် ဆင်းဆင်းရဲရဲဖြင့် ဝမ်းစာအတွက် ရုန်းကန်နေရလေသည်။

လွင်လွင်မှာ ခန္ဓာကိုယ်ထက်အနည်းငယ်ကြီးနေပြီး ညစ်နွမ်းနွမ်းဖြစ်နေသော ပုဂံရောက်အမှတ်တရ စာတန်းပါအင်္ကျီကို ဝတ်ဆင်ထားပြီး သူ့နှုတ်မှ ရွှေစည်းခုံစေတီတော်ကြီး၏ သမိုင်းကြောင်းအား ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ကရားရေလွှတ်ပြောနေသော်လည်း သူမ၏ဘဝမှာတော့ အသက် ၁၁ နှစ်ဆို သည့်အရွယ်နှင့် မလိုက်အောင်ပင် ကြမ်းတမ်းလှသည်။

လွင်လွင်မှာ မိစုံဖစုံမရှိတော့ဘဲ အားကိုးနိုင်သည့် မောင်နှမငါးဦးရှိသော်လည်း အိမ်ထောင်ထူထောင် သွားသည့် အစ်ကိုများ အစ်မများနှင့် အဝေးရောက်နေသော အစ်ကို၊ အစ်မများရှိပြီး လွင်လွင်အနား တွင် အစ်မကြီးအမိရာအားကိုးနိုင်သည့် အစ်မတစ်ဦးမှာ လွင်လွင်နှင့်အတူ ရွှေစည်းခုံစေတီတော်ကြီး တွင် ပန်းရောင်းကာ ညီအစ်မနှစ်ဦး ဘဝကိုရုန်းကန်နေကြသည်။

"အစ်မက ဘုရားပေါ်မှာပန်းရောင်းတယ်။ ထမင်းဟင်းက အိမ်ပြန်ချက်စားတယ်။ အခုအိမ်မှာ ရေတွေ ဝင်နေလို့ပစ္စည်းတွေကို အပေါ်တင်ခဲ့တယ်။ အိမ်ပြန်လို့မရဘူး" ဟု လွင်လွင်မှာ မျက်နှာငယ်လေးနှင့် ပြောပြနေသည်။

လွင်လွင်တို့၏ ပုဂံဒေသကြီးမှာ မိုးပါးသောအညာဒေသတစ်ခုဖြစ်သော်လည်း ရာသီဥတုဖောက်ပြန်မှု များကြောင့် မကြခဏဆိုသလို မိုးရွာသွန်းနေသောကြောင့် တချို့သောကျေးရွာများမှ မိမိတို့၏အိမ်များ အားစွန့်ခွာကာ ရေမတက်နိုင်သည့် ရွာနီးစပ်ချုပ်ဘုန်းတော်ကြီးကျောင်းများတွင် သွားရောက်နေထိုင် သည်များလည်းရှိရာ အပေါ်တွင် ထပ်ခိုးတင်ကာ ပစ္စည်းများတင်ထားခဲ့ပြီး ညီအစ်မနှစ်ဦး အိမ်မပြန်ဘဲ အပြင်မှာပင် ထမင်းဟင်းဝယ်စားနေကြသည်။

လွင်လွင်သည် တတိယတန်းနှင့် ကျောင်းနားကာ ရွှေစည်းခုံစေတီတော်သို့လာသော ပြည်တွင်းပြည်ပ ခရီးသွားများနောက်သို့လိုက်၍ ကလေးဧည့်လမ်းညွှန်ဘဝနှင့် နေ့စဉ်ဝမ်းရေးအား မိမိကိုယ်တိုင်ဖြေရှင်း ကာ ဘဝကိုဖြတ်သန်းနေသည်။

ပုဂံဒေသ၏ ဘုရားဖူးအသွားအလာများသော ဘုရားစေတီများနှင့် အထင်ကရနေရာများတွင် လွင်လွင် နှင့် အသက်အရွယ်မတိမ်းမယိမ်းကလေးများမှာ အမြဲလိုလိုရှိနေတတ်ပြီး သူတို့လေးတွေ၏ဘဝတွင် ပညာရေးဆိုသည့်အရာမှာ ခပ်ဝေးဝေးတွင်သာရှိပြီး လူကြီးတစ်ဦးကဲ့သို့ပင် နေ့စဉ်ဘဝကို ရုန်းကန် လှုပ်ရှားနေကြရသည်။

"သမီးသူငယ်ချင်းတွေက ကျောင်းတက်တဲ့သူတွေရှိတယ်။ အစ်မကတော့ နောက်နှစ်ကျောင်းပြန်ထား မယ်လို့တော့ပြောတယ်။ ကျောင်းထားပေးမယ်ဆိုရင်တော့ ပြန်တက်ချင်တယ်" ဟု ကလေးတစ်ဦး၏ ရိုးသားသောမျက်လုံးလေးများနှင့် မျှော်လင့်ချက်တစ်ခုကို ဖွင့်ဟလာသည်။

ကျောင်းပညာရေးအတွက် အထောက်အပံ့မပေးနိုင်သော မိသားစုအသိုင်းအဝိုင်းထဲရှိ ကလေးတစ်ဦး ၏ အနာဂတ်မှာ ဘယ်လိုပုံစံမျိုးနှင့် ရှေ့ဆက်မည်လဲဆိုသည်မှာ တွေးကြည့်လျှင်တောင် အတော်ပင် ရင်မောရသည်။

သို့သော်လွင်လွင်တို့မှာ ရိုးသားသောကလေးတို့၏ သဘာဝအရ ၎င်းတို့၏အနာဂတ်ကို မည်ကဲ့သို့ပုံ ဖော်မည်ဆိုသည်မှာ ခေါင်းထဲသို့ပင် မထည့်ဖူးသောအကြောင်းအရာတစ်ခုဖြစ်နေသလို ၎င်းတို့ကိုပြုစု ပျိုးထောင်သည့် ပတ်ဝန်းကျင်မှာလည်း ထိုကဲ့သို့အကြောင်းအရာများအား စဉ်းစားလာစေဖို့ ထည့် မပေးနိုင်သည့် ဘဝအခြေအနေတွင် ရှိနေကြသည်။

"မိဘတွေက ဆင်းရဲကြတယ်။ လက်လုပ်လက်စားပေါ့။ အဲဒီတော့ကလေးတွေကို ကျောင်းမထားနိုင် တဲ့အပြင် မိသားစုဝမ်းရေးကိုပဲ တော်တော်ခက်ခက်ခဲခဲ ဖြတ်သန်းနေရတဲ့သူတွေရှိတယ်" ဟု မြန်မာ နိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) မှတွဲဖက်အတွင်းရေးမှူး (၂) ဦးဟန်ဝင်းအောင် ကပြောသည်။

ထိုကဲ့သို့သော် အခြေအနေများတွင် ကလေးများအနာဂတ်အတွက် ပညာရေးမှာအရေးမကြီးသော နေရာမှာသာရှိနေတတ်ပြီး ဝမ်းတစ်ထွာအား ဖြည့်တင်းရန် မိသားစုနေ့စဉ်ဘဝတွင် ထိုကလေးများမှာ တစ်ထောင့်တစ်နေရာမှပါဝင်ကာ ဝမ်းရေးတာဝန်အား ထမ်းဆောင်နေကြရသည်။

"သမီး ဘုရားမှာ ဧည့်သည်လိုက်တာက ဧည့်သည်များတဲ့ ရာသီဆိုရင်တော့တစ်နေ့ကို နှစ်ထောင့် ငါးရာလောက်ရတယ်။ ဧည့်သည်နည်းရင်တော့ တစ်ထောင်လောက်ပဲရတယ်" ဟု ဆယ့်တစ်နှစ် အရွယ်ကလေးတစ်ဦး၏ လှုပ်ရှားရုန်းကန်ရသော နေ့စဉ်ဘဝတွင် ရရှိသည့်ဝင်ငွေပမာဏကို ပြောပြနေ သည်။

တချို့သောဘုရားဖူးများအတွက် လွင်လွင်ကဲ့သို့ ကလေးဧည့်လမ်းညွှန်များမှာ အထောက်အကူဖြစ် သော်လည်း တချို့မှာထိုကလေးများအား နောက်ပြောင်စရာအဖြစ်သတ်မှတ်၍ တချို့မှာတော့ အထင် သေးသော မျက်လုံးများဖြင့်ကြည့်ကာ မှတ်ချက်ပေးသွားသူများလည်း ရှိလေသည်။

လွင်လွင်တို့မှာ ထိုကဲ့သို့မျက်လုံးများကိုလည်း ဥပေက္ခာပြုကာ ဘုရားပေါ်မှ ဧည့်သည်ပြန်မထွက်မချင်း နောက်မှလိုက်၍ ဝမ်းရေးအတွက် ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ထားသော ဘုရားသမိုင်းကြောင်းများ ကို ပြောပြကာရသမျှဝင်ငွေလေးများနှင့် ဘဝကိုရပ်တည်ကြလေသည်။

ဝင်ငွေရရန်ကြိုးစားပြီး ဧည့်သည့်ရှာရန်မှာလည်း လွယ်တော့မလွယ်လှပေ။ ဘုရားဂေါပကများ၏ အခွင့်အရေးပေးရန်လည်း ဆုတောင်းကြရသည်ဟု လွင်လွင်က ပြောပြသည်။

"သမီးတို့အရင်ကလို ဘုရားပေါ်တအားတက်လို့မရဘူး။ ဂေါပကလူကြီးတွေက အရင်ကတော့ ခွင့်ပြု တယ်။ အခုနောက်ပိုင်းကတော့ ဘာဖြစ်လို့လဲမသိဘူး။ ဘုရားပေါ်မှာ တစ်ချိန်လုံးနေလို့မရတော့ဘူး" ဟု သူတို့ရဲ့လုပ်ငန်းခွင်အတွင်း ကျင်လည်ရပုံများကို ကလေးတစ်ဦး၏ ရိုးသားမှုနှင့်အတူ ဖွင့်ဟပြောပြ လေသည်။

"မိဘတွေက ကျောင်းထားပေးဖို့အဆင်မပြေတော့ သူတို့လေးတွေက ပိုက်ဆံရှာဖို့ပဲ ခေါင်းထဲရှိတယ်။ နိုင်ငံခြားသားဧည့်သည်တွေ အများဆုံးသွားတဲ့ ဘုရားတွေမှာဆို သူတို့တွေရှိတယ်။ အများဆုံး ကတော့ နေဝင်နေထွက်ကြည့်တဲ့နေရာတွေပဲ။ အဲဒီမှာ နိုင်ငံခြားသားတွေ အများဆုံးရှိတတ်တယ် လေ" ဟု ဦးဟန်ဝင်းအောင်က ဆက်လက်ပြောသည်။

လွင်လွင်တို့လိုကလေးများမှာ ဒေသ၏အခြေအနေကောင်းမွန်ခြင်းကြောင့် အလုပ်အကိုင်အခွင့်အရေး များရှိနေ၍ လုပ်ကိုင်စားသောက်ခွင့်မှာ အဆင်ပြေသယောင်ရှိသော်လည်း မြန်မာနိုင်ငံနေရာတော် တော်များများတွင် မိမိတို့၏ဝမ်းရေးအတွက် ဖြေရှင်းနေရသော ကလေးများမှာ ကြမ်းတမ်းသောဘဝ များနှင့်သာ လက်ပွန်းတတီးနေထိုင်ကြီးပြင်းနေရလေသည်။

ထိုကဲ့သို့ကလေးများအတွက် ယခုမြန်မာနိုင်ငံတွင် ကျောင်းပြင်ပရောက်ကလေးများအတွက် စာသင် ကြားနိုင်ရေး အစီအစဉ်များကိုလည်း ပြုလုပ်ပေးလျက်ရှိကာ ညောင်ဦးဒေသငှက်ပစ်တောင်ရပ်ရှိ ဇေတဝန်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအာဒိစ္စက ဆင်းရဲနွမ်းပါးသော မိသားစုများမှ ကလေးများအတွက် ပညာအလင်းရောက်ပေးနေကြောင်းလည်း သိရသည်။

ကျောင်းနေအရွယ်ကလေး ဧည့်လမ်းညွှန်မှာပျမ်းမျှ ၂၈၀ ခန့်ရှိကာ၊ အတန်းပညာပြီးဆုံးပြီး အသက် ကြီးပိုင်းကလေးတစ်ထောင်ကျော်ခန့်မှာ တရားဝင်ကတ်ဖြင့် ဧည့်လမ်းညွှန်ဘဝနှင့် ရပ်တည်နေသည်။

အဆိုပါဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် သူငယ်တန်းမှသတ္တမတန်းအထိ ကလေးများအား စာသင်ကြားပေးကာ အဋ္ဌမတန်းမှ ဒဿမတန်းအထိ ကလေးများအား ကျောင်းအပ်ပေးပြီး လစဉ် စာရေးကိရိယာ ထောက်ပံ့ပေးခြင်းများပြုလုပ်ကာ ကလေးများ၏ပညာရေးဖွံ့ဖြိုးစေရန် တစ်ဖက်တစ် လမ်းမှ ပံ့ပိုးမှုများရှိနေသော်လည်း လွင်လွင်ကဲ့သို့ကလေးများမှာ ကျောင်းစာသင်ခန်းများနှင့် ဝေးကွာ နေဆဲပင်ဖြစ်သည်။

ထိုသို့စာသင်ခန်းနှင့် ဝေးကွာနေသောကလေးများမှာ အနာဂတ်မြန်မာနိုင်ငံတော်ကြီးအား ပခုံးပြောင်း တာဝန်ယူမည့် သားကောင်းသမီးရတနာများဖြစ်သလို ယခုကဲ့သို့ ဘဝကြမ်းတမ်းများတွင် ကျင်လည် နေရသည့် သူတို့လေးတွေ၏ရင်ထဲတွင် ဖျောက်ဖျက်မရသော လောကဓံ၏ ဒဏ်ရာအမာရွတ်များ ကျန်ရစ်ခဲ့ပါက ဆိုးရွားသောဘဝများကို ခြေဦးလှည့်လိုက်မည်မှာ စိုးရိမ်စရာပင်ဖြစ်သည်။

ထိုသို့လစ်လပ်နေသော ကွက်လပ်များ၏ အရေအတွက်နှင့် ကွက်လပ်ဖြည့်သူများမှာ မမျှတသည့် သဘောဆောင်နေသောကြောင့် လွင်လွင်ကဲ့သို့ကလေးများ၏ အနာဂတ်ဘဝများမှာ ကြမ်းတမ်းသော ခရီးတွင်ဖေးကူသူမရှိ ဆက်လက်လျှောက်လှမ်းရမည့်အရေးအားတွေပူကာ အနာဂတ်၏ကြယ်ပွင့် ကလေးများ အပြောကျယ်သည့် ကောင်းကင်ကြီးတွင် တောက်ပစွာလင်းလက်ခွင့်ရဖို့လိုသည်။

"အခု အစိုးရသစ်လက်ထက်မှာ ပညာရေးဘတ်ဂျက်တွေ တိုးပေးထားတယ်။ ဆိုရရင်ပညာရေးကို ရီဖောင်းလုပ်နေတယ်။ နောက်ပြီးတော့ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်မယ်လို့ သမ္မတကြီးက ဆိုထား တယ်။ ပညာသင်ချိန်မှာ ပညာမသင်ရဘဲ ဒီလိုအရွယ်မရောက်ကလေးတွေ မြန်မာနိုင်ငံတစ်ဝန်းမှာ အတော်များများရှိနေပါတယ်။ ဒီအတွက် အစိုးရသစ်အနေနဲ့ ဖြေရှင်းနေရမယ့်လုပ်ဆောင်ရမယ့် အရေးကြီးအစ်ရှူးတစ်ခုပါပဲ" ဟု ပုဂံဒေသကို သွားရောက်လည်ပတ်ခဲ့သည့် ပညာတတ်လူငယ်တစ်ဦး က ထောက်ပြပြောဆိုသည်။

"သမီးက ကျောင်းပြန်တက်ချင်တယ်။ ကြီးလာရင်လဲဘဝကို ပြည့်ပြည့်စုံစုံနဲ့နေချင်တယ်။ ဒါပေမဲ့ မိသားစုဝမ်းရေးအတွက် ဒီအလုပ်လုပ်မှပဲ အဆင်ပြေမယ်။ ကျောင်းတက်ဖို့ကတော့ ဘယ်လိုမှမဖြစ် နိုင်တော့ဘူး" ဟုညှိုးငယ်သောမျက်နှာဖြင့် အသံတုန်ယင်စွာပြောလိုက်သော စကားသည် ပုဂံစေတီ ပုထိုးများကို ကျော်လွန်လွင့်ပျံ့သွားသည်။

ယင်းနောက် သူထပ်မံရှင်းပြမည့် နောက်ထပ်ဧည့်သည်များရှိရာ ဘုရားမုခ်ဦးရှေ့သို့ အပြေးလေး ထွက်ခွာသွားတော့သည်။

The Flower News Journal
Vol.9, No.41, October 22-28, 2013

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...