အစာစားခြင်းနှင့် ကျန်းမာရေး



ခပ်သိမ်းကုန်သော သတ္တ၀ါတို့သည် အစာအာဟာရ၌သာ တည်မှီကြကုန်၏။ (သဗ္ဗေသတ္တာ အာဟာရ ဒိဋ္ဌိကာ) ဟူသော စကား။ ထမင်းအသက် ခုနှစ်ရက်၊ ရေအသက် တစ်မနက် ဟူသော စကား။ အသက်သွေးကြောဟူသော စကားတို့သည် သတ္တ၀ါတို့အတွက် အစာအာဟာရ မည်မျှ အရေးကြီးကြောင်း ဖော်ပြနေသည်။


အသက်ရှည် အနာမဲ့ကြောင်း

မိမိနှင့် သင့်မြတ်သော အစာအာဟာရကို သင့်တင့်စွာ မှီဝဲ သုံးဆောင်တတ်ခြင်းသည် အသက်ရှည်ရာ အနာမဲ့ကြောင်း၏ အခြေခံ တစ်ခု ဖြစ်သည်။ နေ့စဉ်မပြတ် မှီဝဲ သုံးဆောင်နေရာသော အစားအစာမှာ သတ္တ၀ါတို့အတွက် အသက်ရှင်ရေး၊ အနာရောဂါ ကာကွယ်ရေးတို့အတွက် တိုက်ရိုက် အကျိုး သက်ရောက်နေလျက် ရှိသည်။

အစာအဟာရတို့၏ အကျိုးအပြစ် သဘောကို နားလည်လျှင် ရောဂါ ဝေဒနာ ပျောက်ကင်းရေးအတွက် “ဆေး” သဖွယ် ဖြစ်သည်။

အစာလည်းဆေး၊ ဆေးလည်း အစာဟူသော ဆိုရိုးစကားမှာ တိုင်းရင်း ဆေးပညာ၏ အနှစ်သာရဟု ဆိုသော် မမှားရာ။

အစားအစာကို စားလိုက်ရခြင်းဖြင့် လတ်တလော ခွန်အားသစ်ကို ပွားစေသည်။ ကိုယ်ကို စည်ပင်စေသည်။ ၀ဖြိုးစေသည်။ အမူကိစ္စ တိုင်း၌ အောင်မြင်အောင် ဆောင်ရွက် နိုင်စွမ်းသည်။ သတိ၊ ပညာ၊ ခွန်အား၊ အရည်အသွေး၊ အသက်၊ သြဇာ၊ တင့်တယ်ခြင်းတို့ ဖြစ်တတ်ကြောင်း ဆေးကျမ်းများက ဆိုမိန့်ထားသည်။


တန်ဆေး လွန်ဘေး

မိမိနှင့် သင့်မြတ်သော အာဟာရကိုပင် သင့်တင့်အောင် မမှီဝဲတတ်ပါက (လွန်ကြူးစွာ စားမိပါက) “ဆေး” မဖြစ်ဘဲ “ဘေး”ဖြစ်တတ်သည်။ “စူဇကာ ပုဏ္ဏား၊ လှူတာ အကုန်စား” ဟူသော စကားမှာ လူတို့အတွက် မှတ်သားဖွယ် ဖြစ်၏။

စူဇကာ ပုဏ္ဏား စားသော အစာများမှာ အလှူခံ ရရှိအပ်သော ခဲဖွယ်ဘောဇဉ်များဖြစ်၍ အကောင်းအမွန်ချည်း ဖြစ်မည် သေချာသည်။ စူဇကာ ပုဏ္ဏား ဗိုက်ကားသေရခြင်းမှာ ကောင်းမြတ်သော အစာကို တော်သင့်ရုံ မမှီဝဲဘဲ အလွန်အကျွံ စားသုံးမိသဖြင့် သေရခြင်းမျိုး ဖြစ်သည်။ အစာမှား၍ မသေ၊ အစာများ၍ သေခြင်းဖြစ်သည်ကို သတိပြုသင့်လှ၏။

တချို့သော ပုဂ္ဂိုလ်တို့မှာ အကြောင်းကြောင်းကြောင့် အစာရှောင်ကြသည်။ အစာရွေးကြသည်။ မစားဘဲနေသူ နပ်ကျော်စားသူများပင် ရှိသည်။ ထိုပုဂ္ဂိုလ်များမှာ ကျန်းမာရေး ရူထောင့်က ကြည့်မူ လုံးဝ မကောင်းလှချေ။

အစာမစားဘဲ နေခြင်း၊ အစာကို အလွန်နည်းပါးစွာ စားသုံးခြင်းတို့၏ အပြစ်များမှာ ကိုယ်လက် နွမ်းနယ်ခြင်း၊ အားခွန်ဗလ ကုန်လွန်ခြင်း၊ ခံတွင်းအရသာ ပျက်ခြင်း၊ မျက်စိ မကြည်လင်ခြင်း၊ ရေငတ်ခြင်း၊ မူးဝေခြင်း၊ လည်ချောင်းခြောက်ခြင်း၊ ၀မ်းတွင်းပူခြင်း၊ ဆီးနီ၊ ဆီးနည်း၊ ဆီးရောဂါ ရခြင်း၊ နားအာရုံ ပျက်ခြင်း၊ နှလုံးတုန် ရင်ခုန်ခြင်း၊ အမူကြီးငယ်တို့၌ စိတ်မ၀င်စားခြင်း စသည်တို့ ဖြစ်သည်။

ထို့ကြောင့် အစာကို မစားဘဲ မနေသင့်။ သင့်တင့်စွာ စားသုံးရမည်။ ဆာလျှင် တခုခုကို စားရမည်။

မိမိဝမ်းနှင့် လျော်ကန်သော အစာ ပမာဏကို အချိန်မှန်ကန်စွာ စားသုံးဖို့ လိုအပ်သည်။

ဆာပါလျက် မစားဘဲ “ပေ” နေသဖြင့် အစာအိမ်၌တည်သော ပါစကာ ၀မ်းမီး ပျက်စီးတတ်သည်။ အချိန်လွန်မှ စားသော အစာကြေဘက်ရန် ခက်ခဲလှသည်။

အလွန်အကြူး စားခြင်းမျိုးမှာလည်း အစာ လျှော့စားခြင်းကဲ့သို့ မလိုလားထိုက်သော အစွန်းတစ်ပါး ဖြစ်သည်။ အလွန်အကြူး စားသုံးခြင်းမျာ အန္တရာယ်တစ်ခု ဖြစ်သည်။

တိုင်းရင်းဆေးပညာတွင် “အစိဏ္ဏံ-သဗ္ဗ ရောဂါနံ မူလံ” ဟူသော အမှာ အသက ရှိသည်။ အစာကို လွန်ကြူးအောင် စားခြင်းကြောင့် ၀မ်းမီး မချက်နိုင်သဖြင့် (အစာမကြေညက်သဖြင့်) အလုံးစုံသော ရောဂါ ဝေဒနာတို့ ဖြစ်ပွားရာ ဖြစ်ပွားကြောင်း မူလ အခြေခံဟူ၍ သတိပေးနေသော စကားဖြစ်ပါ၏။

လောကနီတိ ဆရာကလည်း “ဇနီးမယားကို အရွယ်လွန်မှ ချီးကျူးရာ၏။ အစာကိုလည်း ကြေညက်ပြိးနောက်မှ ချီးကျူးရာ၏”ဟူ၍ ဆိုမိန့်ခဲ့သည်။

မည်မျှပင် ကောင်းမွန်သော၊ တန်ဖိုးကြီးသော အစာပင် ဖြစ်စေကာမူ ကြေညက်ပြီးမှ (၀ါ) ကြေညက်အောင် စားတတ်မှ အာဟာရတန်ဖိုး မြောက်သည်။

အစာမကြေခြင်း ဆိုးကျိုး၏ တရားခံမှာ အစာကို လိုအပ်သည်ထက် ပိုမို စားသုံးခြင်းကြောင့် ဖြစ်သည်။

အလွန်အကျွံ စားခြင်း၏ အပြစ်များမှာ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ လေးလံ ထိုင်းမိုင်းခြင်း၊ အမူကိစ္စတို့၌ လုံ့လ ၀ီရိယ နည်းပါးခြင်း၊ အစာအိမ် အချဉ်ပေါက်ခြင်း (စားချင့်ပြန်ခြင်း) စားသမျှ သွေးသားမဖြစ်ခြင်း၊ (မကြေညက်သော အစာမှ ဖြစ်အပ်သော သွေးသားသည်လည်း သန့်စင်မူ နည်းပါး၍) သွေးတိုး၊ နှလုံး၊ ဆီးချိုစသော သွေးနှင့် စပ်သော ရောဂါများကို ဖြစ်ပေါ်စေခြင်း၊ ၀မ်းရောင်၊ ၀မ်းလျော၊ ၀မ်းပျက်ဖြစ်ခြင်း၊ ကိုယ်သား ကိုယ်ရေ မကြည်လင်ခြင်း၊ ၀သော်လည်း အားခွန် မရှိခြင်း၊ ထကြွလုံ့လ နည်းပါးခြင်းစသော အပြစ်များကို ဖြစ်စေတတ်သည်။

ထို့ကြောင့် မနည်းလွန်း၊ မများလွန်းသော အတိုင်းအတာ ပမာဏရှိသော အစာကို မိမိဝမ်းနှင့် ချင့်၍ မှီဝဲ သုံးဆောင်သင့်သည်။ ဤသောက်စရာ နေရာချန်၍ စားပါ ဟူသော ရှေးလူကြီးများ စကားမှာ တန်ဖိုး ရှိလှသည်။


အစာမစားမီ ပြုကျင့်ဖွယ်

အချိန်မှန် စားသုံးမူသည် ကောင်းသော အကျင့်မျိုးဖြစ်သည်။ ခရီးရောက်မဆိုက်အချိန်၊ ပင်ပန်းလွန်းသော အချိန်၊ ဒေါသစိတ်ဖြစ်ပွားနေချိန်၊ အစာ၌ စိတ်မ၀င်စားသော အချိန် (မဆာသောအချိန်) တို့၌ ထမင်း စသည် မစားသင့်။

ထမင်းမစားမီ ရေအေးလွန်စွာ မသောက်သင့်။ အစာမစားနိုင်ဖြစ်၍ လူကို ပိန်စေတတ်သည်။


အစာစားစဉ် ပြုကျင့်ဖွယ်

အစာကို စိတ်ဝင်စားမူ (နှစ်ခြိုက်မူ)ရှိသင့်သည်။ အစာကို မနှေးလွန်း မမြန်လွန်း စားသင့်သည်။ မြန်စွာ စားပါက အစာမကြေဖြစ်တတ်ပြီး နှေးစွာ စားပါက လေခံ၍ အကျိုးမရှိ ဖြစ်တတ်သည်။ အဓိကမှာ အစာကို ကောင်းစွာ ကြေညက်အောင် ၀ါးစားသင့်သည်။

ပျော့လွန်းသောထမင်းနှင့် မာလွန်းသောထမင်းတို့မှာ အာဟာရဓာတ် မဖြစ်နိုင်။ အေးလွန်းသော ထမင်းနှင့် ပူလွန်းသော ထမင်းတို့မျာလည်း အာဟာရ အကျိုးမထင်။ လတ်ဆတ်သော (မပူ မအေး) ထမင်းသည် အမြိုက်နှင့် တူသည်ဟူ၍ ဆေးကျမ်းများက ဆိုမိန့်ထားသည်။

ဟောင်းလွန်းသောဆန်(ဖွတ်လွန်းသောဆန်)နှင့် သစ်လွန်းသောဆန် (ကောက်သစ်) တို့သည် အကျိုး မဖြစ်စေတတ်။ စပါးကို တစ်နှစ်ကျော် ကောင်းစွာ သိုမှီးထားပြီး ရအပ်သော ပကတိ ဆန်သည် ကျန်းမာရေးအတွက် အကျိုးထူး ဖြစ်စေတတ်သည်။ ဆန်ဝါ၊ ဆန်အောက် (မိုတက်) မသန့်ရှင်းသော ဆန်တို့မှာ စားသုံးသူအတွက် အကျိုးယုတ် စေတတ်သည်။

အစာစားစဉ် စာဖတ်ခြင်း၊ ဆော့ကစားခြင်း၊ ရေဒီယိုနားထောင်ခြင်း၊ ရုပ်မြင်သံကြား ကြည့်ခြင်းတို့သည် အစာပေါ်၌ အာရုံမရောက်၍ ရှောင်သင့်သည်။


အစာစားပြီးနောက် ပြုကျင့်ဖွယ်

အစာစားပြီးနောက် ရေအေး(ပကတိရေ)သောက်ခြင်းသည် အားခွန်ဗလ ပွားစေသည်။ အစာစားပြီးနောက်ရေနွေးသောက်ခြင်းသည် အစာကို ကြေညက်စေသည်။ ရေခဲရေသောက်ခြင်းသည်လည်း အစာကို လျင်မြန်စွာကြေညက်စေတတ်သည်။ အပူခံရှိသူများနှင့်ကား မသင့်ချေ။

အစာမစားမီ ရေ ကြိုတင် သောက်ထားပါက လူကို ပိန်စေတတ်သည်။ အစာကို များပြားစွာ စားသောက်နိုင်ခြင်း မရှိ။ ထမင်းစားစဉ် ကာလ (အလယ်)၌ ရေသောက်ပါက အစာကို ကြေညက်စေတတ်သည်။

ထမင်းစားပြီးနောက် သံပရာရည်၊ ရှောက်ရည်၊ ကမ္ဗလာရည်၊ ဆီးရည် စသည့်(သဘာဝဖျော်ရည်) တစ်မျိုးမျိုး သောက်ခြင်းသည် ကောင်းသည်။ အရောင်ပါသော (ဆိုးဆေး သုံးထားသော) နိုင်ငံခြားဖြစ် (၀ိကတိ) ဖျော်ရည်များမှာ ကြာလျှင် ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်သည်။

ထမင်းစားပြီးနောက် အလုပ်ကြမ်း လုပ်သူသည် အသက်ကို တိုစေတတ်သည်။ ထမင်းစားပြီး မိမိနှင့် သင့်တင့်စွာ စင်္ကြံလျှောက်လျှင် အစာကြေ၍ ကျရောက်ဆဲ ရောဂါများ ပျောက်ကင်းစေတတ်သည်။ အသက်ကိုပင် ရှည်စေတတ်သော အကျင့်ကောင်း ဖြစ်သည်။ ထမင်းစားပြီး တစ်အောင့် တစ်နား နားပြီးမှ လျှောက်သင့်သည်။

ထမင်းစားပြီးနောက် တစ်မှေး၊ တစ်ရေး အိပ်စက်လျှင် ပိန်သူ ၀ဖြိုး စေနိုင်သည်။ ၀သူများနှင့် မသင့်။ အလုပ်ကြမ်းလုပ်သူ၊ သက်ကြီး ရွယ်အို၊ ကလေးသူငယ်များအတွက် သင့်သည်။

အစာဝကြီးနှင့် ရေချိုးခြင်း၊ အပင်ပန်းခံ၍ အလုပ်လုပ်ခြင်း၊ ပြေးလွှားခြင်း၊ မေထုန်အမူပြုခြင်းများကို ရှောင်သင့်သည်။

အစာစားပြီးနောက် (နေ့ခင်း) ကြာကြာမအိပ်သင့်။ အစာစားပြီးချိန်နှင့် ညအိပ်ရာဝင်ချိန် ဆက်တိုက် ရှိမနေသင့်။ ညစာကို နေမ၀င်မိပြီးအောင် စားသုံးခြင်းသည် အိပ်ချိန်နှင့် ကွာဝေးသော အချိန်ဖြစ်သည်။
ထမင်း ဆာချိန်၌ ရေ မသောက်ရ။ ထမင်းဆာချိန် ထမင်းကို စားရမည်။ ရေဆာချိန် ရေကိုသာ သောက်ရမည်။ ထမင်းဆာချိန်၌ ရေသောက်မိပါက “ရေဖျဉ်းနာ” စွဲတတ်ပြီး ရေဆာချိန် ထမင်းစားပါက “ဂူနာ” ကျရောက်တတ်သည်။

အစာကို အပြစ်ကင်းစွာဖြင့် စားနိုင်ကြပါစေရှင်။

မေတ္တာရိပ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...