ယနေ့ခေတ် မှတ်စုစာအုပ်က Facebook လား


ယနေ့ခေတ် သည်ကား အင်တာနက်ခေတ် ၊ အင်တာနက်ကမ္ဘာ ၊ အင်တာနက် ရွာကြီးဖြစ်ပြီး အင်တာနက်မှာပင် ဈေးများ ဝယ်နိုင်ပြီ ဖြစ်ပါတယ်။ ကားဝယ်မည်လား ၊ လေယာဉ်လက်မှတ် ၀ယ်မည်လား ၊ သင်စိတ်ဝင်စားတဲ့ အကြောင်းအရာများကို ဖတ်ရှု လေ့လာမည်လား ၊ တေးသီချင်းများ ၊ တရားဓမ္မများ ၊ သတင်းအချက်အလက်များကို အင်တာနက် စာမျက်နှာထက်တွင် အလွယ်တကူ တွေ့နိုင်ပါတယ် ၊ သုတေသန စာတမ်း ပြုလုပ်သူများအတွက် စာကြည့်တိုက်များတွင် အပြေးအလွှား သွားရောက်ပြီး မတွေ့လျှင် ဇောချွေးပြန် ၊ စာအုပ်ရရေး ဟိုဒီပြေး အချိန်ကုန် ခဲ့ရတဲ့ခေတ်ကြီး ဟာလည်း မသိမသာ နောက်မှာ ကျန်ရစ်ခဲ့လေပြီ။ ဘောပင် တစ်ချောင်းနှင့် အချိန်ကုန် ခဲ့ကြတဲ့ ကလောင်ရှင် ကြီးများ ၊ စီးပွားရေး ပညာရှင်များ ၊ အသိပညာရှင် ၊ အတတ် ပညာရှင်များ နှင့် လူ့ အသိုင်းအဝိုင်းကြီး တစ်ခုလုံးဟာ ယနေ့ အင်တာနက် ပေါ်သို့ ခြေဆန့် ဝင်ရောက်လာ ကြပြီ ဖြစ်ပါတယ်။ အလားတူ ယခင်က ဒိုင်ယာရီ စာအုပ်လေး အဖြစ် ရေးဖွဲ့သီကုံးခဲ့ကြတဲ့ မှတ်စု စာအုပ်လေး များမှ မင်ရောင် ၊ ခဲရောင်များ ဟာလည်း အင်တာနက် ခေတ်ကြီးတွင် ပေါ်ထွက် လာခဲ့သည့် Facebook အောက်တွင် တော့ အရောင်များ မှေးမှိန်စပြု လာခဲ့ပြီ ဖြစ်ပါတယ်။

Facebook ဆိုတာလည်း ဆေးတစ်မျိုး လိုပါပဲ။ သုံးပြီးရင်း သုံးချင်တယ်။ အချိန်တွေ ကုန်ဆုံးမှန်း မသိ များစွာ ပေးမိတယ်။ သုံးတတ်ရင် ဆေးကောင်း တစ်လက် ဆိုပေမယ့် မသုံးတတ် ရင်တော့ နောက်ဆက်တွဲ ဆိုးကျိုး တွေကလည်း များပြား လွန်းလှ ပါတယ်။ အသုံးပြုရ လွယ်ကူပြီး လိုသလို ပုံဖော်နိုင်လို့ သုံးစွဲသူများ အကြိုက်တွေ့ ကြတဲ့ ခေတ်ပေါ် လက်နက်ဆန်းကြီး တစ်မျိုး လို့တောင် တင်စား ရမလိုဖြစ်နေ ပါတယ်။ Social Media ဖြစ်သည်နှင့် အညီ သင့်စိတ်ထဲမှာ ဖြစ်ပေါ်နေသော ခံစားချက် စိတ်ကူး စိတ်သန်းများ ၊ မနက် အိပ်ရာထချိန်မှ ညအိပ်ရာ ဝင်ချိန်အထိ နေ့စဉ် ဘဝမှတ်တမ်းများ ၊ လူမှုရေး လှုပ်ရှားမှုများ နှင့် သင်လို ချင်ဖြစ်ချင်သော အရာများကို မပင်မပန်း ရေးပြနိုင်တာ ၊ ဖော်ပြနိုင်တာက Facebook ၏ ထူးခြားမှု တစ်ခုပဲ ဖြစ်ပါတယ်။

င်္Facebook ခေတ်လေး မရောက်ခင် လူတွေ လောလော လတ်လတ် အသုံးပြုခဲ့ကြတဲ့ e-Mail , Gtalk ခေတ်ကြီးကလည်း နည်းနည်းလေး ကုန်ဆုံးစပြု နေပြီဆိုပေမယ့် e-Mail ကိုတော့ နေရာ တော်တော် များများမှာ တွင်တွင် ကျယ်ကျယ် အသုံးပြု နေတာကို တွေ့ရပါ သေးတယ်။ ဒါကလည်း ပထမ အသုံးပြုခဲ့ ကြတဲ့ စာတိုက်ကနေ ဘယ်နေ့ ရောက်မယ် မသိ ၊ ရောက် မရောက်ကို အလွယ်တကူ မသိနိုင်တဲ့ Old Service ကနေ လွတ်မြောက် လာတယ်လို့ ဆိုရပါမယ်။ ဒုတိယ အသုံးပြု ခဲ့ကြတာကတော့ Fax စနစ်ပဲ ဖြစ်ပါတယ်။ ခုနောက်ဆုံး အသုံးပြု နေကြတာတော့ Facebook Age ဖြစ်ပါတယ်။ သူက ရေးသားရတာ လွယ်ကူတယ် ၊ လူသုံးများတယ်။

ကိုယ့်မှာ ရှိတဲ့ သူငယ်ချင်းတွေ ကိုပဲ Share မှာလား။ Publicကြီး တစ်ခုလုံး အတွက် Post လုပ်မှာလား အဆင်ပြေပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေ ၊ ၀န်ဆောင်မှု လုပ်ငန်းတွေ ၊ အသင်းအဖွဲ့ တွေရဲ့ ပုံရိပ် တွေကိုလည်း Facebook စာမျက်နှာ ထက်မှာ ရှာဖွေနိုင် ပါသေးတယ်။ ခေတ်ကာလ ကလည်း မြန်ဆန်လွန်း တယ်လို့ ထင်ရပေမယ့် ခုခေတ်မှာမှ အင်တာနက် စနစ်က မြန်မာနိုင်ငံ မှာ မြေစမ်း ခရမ်ပျိုး အဆင့်သာ ရှိပါသေးတယ်။ ယနေ့ Facebook မြင်ကွင်းကျယ် ကနေ ကောင်းသတင်း ဖြစ်စေ ၊ မကောင်းသတင်း ဖြစ်စေ ရေးသား ဖော်ပြလိုက်ရင် လူထုတွေဟာ အာရုံစိုက် လာကြပြီး Like အရေအတွက်များ လာပြီဆိုရင် ဒီမသေချာတဲ့ သတင်းကနေ သတင်း စာစောင်တွေကို ပျံ့သွား ပါလေရော။ ဒီတော့ ဟုတ်ရင် တော်သေးတယ် ၊ မဟုတ်ရင် သူများ ဝေဖန်တာလည်း ခံရမှာ ဖြစ်သလို ဖွကောင်လို့ အပြောခံ ရတော့မှာ ဖြစ်ပါတယ်။ ကိုယ်က ဖွကောင် ဖြစ်ရင်တော့ ဖော်ကောင် ဆိုတာလည်း ရှိလာမှာပါ။


လောလော လတ်လတ်မှာ အသုံးပြု နေကြတဲ့ Facebook ကတော့ တစ်ဦး တစ်ယောက်ရဲ့ လှုပ်ရှားမှု ပုံရိပ်တွေ ပိုမိုများပြား လာပါတယ်။ အနာဂတ် အသုံးပြုသူ ဆိုတာထက် Facebook အသုံးပြု သူတွေဟာ ဖုန်းတစ်လုံးကို ၀ယ်ယူတာတောင် မှ မိမိကိုယ်ကို ပြန်ရိုက်လို့ ရတဲ့ ရှေ့ကင်မရာ ပါတာကို ပိုမို ရွေးချယ် လာကြပါတယ်။ အကြောင်း ကတော့ ထမင်းစား ရေသောက်က အစ တစ်နေ့တာ လုပ်ဆောင်ချက် တွေကို Faceboob မှာ တင်ချင် ကြလို့ပါပဲ။ မကြာသေးမီက ကျွန်တော် YKKO မှာ ကြေးအိုးလေး သွားစားတော့ စုံတွဲလေး တစ်တွဲက စားပွဲဝိုင်း တစ်ဝိုင်းမှာ ရှေ့ကင်မရာကို ထိထိမိမိ အသုံးချနေ တာကို တွေ့ရပါတယ်။ ရုတ်တရက် ကြည့်ရင်တော့ ကျွန်တော် အားရပါးရ စားနေတဲ့ ပုံကိုများ သဘောကျလို့ ရိုက်နေတယ် လို့တောင် ထင်ရပါတယ်။ ဒေါသထက် အရှက်ကြီး တတ်သူမို့ ကြေးအိုး အပူထက် ကဲတဲ့ မျက်နှာစိမ်း စုံတွဲတွေရဲ့ ရှေ့မှာ ငရဲမီး နဲ့ တို့လိုက်သလို ပူထူပြီး ချွေးစိမ်းတွေကို ယိုစီး ကျခဲ့ရပါတယ်။ မြန်မြန် စားပြီး မြန်မြန် ထပြန်မယ် လို့ စိတ်ကူးရင်း စားနေတုန်း သူတို့က ဟန်မပျက် အပြုံးမပျက် ဖလက် ဖလက်နဲ့ တစ်ယောက်ပြီး တစ်ယောက် ရိုက်နေ ကြတော့မှ ရှေ့ကင်မရာ အသုံးပြုပြီး မှတ်တမ်းတင် နေတာကို သိခဲ့ရ ပါတယ်။ " ချင်ချင်း တင်လိုက် မယ်လေ ၊ သူငယ်ချင်း တွေကို ကြွားရအောင် ၊ စာကို ဘယ်လို ရေးရမလဲ ... " တဲ့။ ကောင်းလေး တစ်ယောက်ရဲ့ မပီကလာ ပီကလာ အသံလေး တွေနဲ့ ရိုက်ထားတဲ့ ပုံလေးတွေကို Facebook ပေါ်တင်ဖို့ မှတ်တမ်းတင် နေကြတာပါ။

အင်တာနက် ဆိုတာကလည်း အရင်ကတော့ အင်တာနက်ဆိုင် ဆိုပြီး သီးသန့် ခဏတာရှိခဲ့ရာမှ ယခုအခါ CDMA 450 MHz ဖုန်းကလွဲပြီး ကျန်ဖုန်းအားလုံး ငွေတစ်သောင်း သွင်းလျှင် အင်တာနက် ကြည့်နိုင် ကြပြီမို့ သူသူငါငါ အင်တာနက် အသုံးပြု လာကြတာ ကလည်း အင်တာနက်ဆိုင် တွေ ခေါင်းမဖော် နိုင်ကြတော့တာ ဖြစ်ပါတယ်။ ဒီတော့ မိမိဖုန်းမှာ သုံးရင်း မေးပါများ စကားရ ဆိုသလို အလွယ်တကူ သင်ယူ တတ်မြောက် လာကြကာ Facebook အသုံးပြု သူလည်း တိုးတက်လာ ပါတော့တယ်။ အသုံးပြုသူတွေ ကလည်း နှစ်နှစ် ခြိုက်ခြိုက်သုံးရင်း အင်တာနက် ရေစီးကြောင်း ထဲမှာ မျောပါပြီး အချိန်တွေ ကုန်ဆုံးတတ် ကြပါတယ်။

Facebook ဆိုတာ Social Medai ဖြစ်နေတော့ လူတွေက ကိုယ်ပိုင်အိမ်လို သဘောထားပြီး လိုချင်သလို ၊ လုပ်ချင်သလို ဝင်ရေးလိုက်ကြ တော့တာပဲ။ အဖိုးအခမှ မပေးရ ဘဲကိုး။ တချို့က အစားအသောက် တွေကိုပဲ တင်တယ် '' ဒီနေ့တော့ ဝက်သားလုံး ချိုချဉ်ရယ် ၊ ၁၂ မျိုးဟင်းချို ရယ်ဖြစ်သလိုပဲ စားလိုက်တယ် ၊ တချို့က ခရီးသွား တာကို တင်တယ်။ '' စင်ကာပူရောက် အမှတ်တရ လေးပါ '' ဆိုတာမျိုး ။ တချို့ကတော့ ဒီနေ့ စိတ်ညစ် နေတယ် ၊ အရောင်းက Target မပြည့်ဘူး။ မန်နေဂျာ လုပ်သက် တစ်နှစ်မှာ ပထမဆုံး ခံစားရတဲ့ ရိုက်ခတ်မှု ဆိုတာမျိုး နှင့် သူ့မန်နေဂျာ လုပ်သက် တစ်နှစ် ပြည့်ကြောင်း အများသိအောင် ဖော်ပြကြတာ ရှိသလို စိတ်ခံစားမှုကို လိုက်ပြီး အမှိုက်ပုံ ကြီးလို တင်ချင်တာ တင်တဲ့ သူတွေလည်း များပြားလွန်း လှပါတယ်။ ဘယ်လိုပဲ ဖြစ်နေနေ Facebook စာမျက်နှာထက် မှာတော့ လူပေါင်းစုံ တင်တဲ့ ပုံသဏ္ဍာန် မျိုးစုံကို မြင်တွေ့ ရှုစား ရမှာ ဖြစ်ပါတယ်။

နောက်ပြီး မဖြစ်မနေ ပါလာ တာကတော့ သတင်းတွေ ပါပဲ။ အရင်ကတော့ သတင်းဆို တာကို ဂျာနယ် ၊ သတင်းစာတွေမှ တစ်ဆင့် မလွတ်တမ်း ကြုံသလို ဖတ်ပြီး သိခဲ့ရပေမယ့် သတင်းစာများ ၊ ဂျာနယ်များ တိုးတက် များပြားလာခြင်း နှင့်အတူ အမှားတွေ ကလည်း တစ်သီတစ်တန်း ကြီးပါလာ ခဲ့ပြီမို့ သတင်းမှန် ဆိုတာကို ခွဲခြားရခက် လာပါတယ်။ သတင်းမှန်ပြီး ထူးခြားတယ် ၊ သေချာတယ် ဆိုရင်တော့လား သတင်းစာ ၊ ဂျာနယ်တွေ တောင် မထွက်သေးဘူး။ Facebook စာမျက်နှာ ထက်မှာကော အခြား Social Media နယ်ပယ် အသီးသီး မှာပါ ချက်ချင်း ဖတ်ရှုနိုင်ကြပြီ ဖြစ်ပါတယ်။ ဒါဟာ တိုးတက်မှု တစ်ခုဖြစ်သလို ကြောက်စရာ ကောင်းတဲ့ လူမှု ကွန်ရက်ကြီး တစ်ခုလည်း ဖြစ်ပါတယ်။ ဘာလို့ ကြောက်စရာ ကောင်းသလဲ ဆိုတော့ ရေးတဲ့သူရဲ့ အမည်မသိ ၊ ပုံသဏ္ဌာန် မသိ ၊ နေရပ် လိပ်စာ မသိတဲ့ လူတစ်ယောက်က လုပ်ကြံ ဖန်တီးပြီး တစ်ယောက် မကောင်းကြောင်း ၊ ရပ်ရွာ မကောင်းကြောင်း ၊ ဟိုဝန်ထမ်း မကောင်းကြောင်း ရေးတင် ခဲ့လျှင်ဖြင့် ဘုမသိ ဘမသိနှင့် ခံရသူလည်း ရှိလာမှာ ဖြစ်ပါတယ်။ တကယ်လည်း ရှိနေတာပဲဖြစ်ပါတယ်။

ဒီနေရာမှာ Facebook ဆိုတာက ကျင့်ဝတ်နှင့် အညီ ရေးခြင်း ( Ethical Writing ) ဖြစ်ဖို့ လိုအပ် လာပါပြီ။ လွတ်လပ်တယ်၊ ဘယ်သူမှ မသိဘူး။ ဘာမှမဖြစ် ပါဘူးလို့ တွေးရင်း ကိုယ့်အထင် ၊ ကိုယ့်အမြင် တွေကို ဝေဖန် စောင်းမြောင်း ပုတ်ခတ် ရေးဖွဲ့တာတွေဟာ ဘာမှမဖြစ်ဘူး ဆိုပေမယ့် အခြား လူပုဂ္ဂိုလ် တစ်ဦး သို့မဟုတ် အစုအဖွဲ့တွေ အပေါ် အပျက် သဘော ဝေဖန်ပြစ်တင် တာမျိုး ဟာဖြင့် Social Media လွတ်လပ်ခွင့် ကြီးကို လက်ကိုင်တုတ် လုပ်ပြီး တာဝန်မဲ့တဲ့ လုပ်ရပ်ဖြစ်တဲ့ ယဉ်ကျေး ရည်မွန်မှု ( etiquette ) ကို ချိုးဖောက်ရာ ကျလေမလား ဆိုတာ ကိုယ်ကိုတိုင်ပဲ စဉ်းစား သင့်ပါတယ်။ မကြာသေး ခင်က ICT Park မှာ အင်တာနက် လွတ်လပ်ခွင့် ဖိုရမ်လုပ်ခဲ့ပြီး လုံခြုံမှု ရှိဖို့အတွက်ပါ ဆွေးနွေး ခဲ့ကြပါတယ်။ လုံခြုံမှု ဆိုရာမှာ ပတ်ဝန်းကျင်ကော ၊ မိမိပါ
ဆင်ခြင် လိုက်နာ ကျင့်သုံးရမယ့် အသေးစိတ် အချက်အလက် များကို သေသေချာချာ ဂဃနဏ ပိုင်းခြား စိတ်ဖြာဖို့တော့ လိုမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခုအင်တာနက် စာမျက်နှာ ထက်မှာ ရေးနေသူ အချို့ကြောင့် ထိခိုက်နစ်နာ ခဲ့တဲ့သူတွေ လည်း မနည်းတော့ ပါဘူး။ မဟုတ်မမှန် သတင်းဖန်တဲ့ အတင်းကြံ ကောလာဟလ တွေကလည်း များလာတာ ကြောင့် ယုံတစ်ဝက် မယုံတစ်ဝက် နှင့် မြန်မာတို့ အတွက် Facebook သက်တမ်း သုံးနှစ်ပြည့်လု ပြည့်ခင်မှာ ရောနှောပြီး လိုက်ပါ နေကြတဲ့ သတင်းသမား များနှင့် သတင်းအမှား ကြားမှာ ဗျာများ နေရပါပြီ။ ဒါပေမဲ့ သက်တမ်းနု နေဆဲဖြစ်တဲ့ မြန်မာနိုင်ငံ မှာတော့ Facebook စာမျက်နှာထက်မှာ လူတွေ ရေးကောင်း နေကြဆဲ။ မှတ်တမ်းတင် ကောင်းနေကြ ဆဲပဲ ဖြစ်ပါတယ်။

တီထွင်သူ Mark Zucerberg ကတော့ နာမည်ကျော် ဟားဘတ် တက္ကသိုလ် က ကျောင်းသား ကျောင်းသူများ သုံးရန် အတွက်သာ ရည်ညွှန်း ခဲ့ပေမယ့် ခုချိန်မှာ Facebook ကို တစ်ကမ္ဘာလုံး က နှစ်ခြိုက် ကုန်ပါပြီ။ ၂ဝဝ၃-၂ဝဝ၄ ခုနှစ်က ကမ္ဘာကြီးကို မိတ်ဆက် လိုက်တဲ့ Facebook က မြန်မာနိုင်ငံ မှာ ၂ဝဝ၆ ခုနှစ် ဝန်းကျင်မှာမှ အင်တာနက် ဆိုတာကို စတင် မြည်းစမ်းခွင့် ရခဲ့သည်မို့ Facebook ဆိုတာကလည်း ၂ဝ၁ဝ ပြည့်နှစ် လောက်မှာမှ တွင်ကျယ် လာတယ်လို့ ပြောလို့ ရမှာပါ။ သက်တမ်းနုနု အောက်မှာ စမ်းတဝါးဝါး နှင့် စီးရင်း မျောရင်း Facebook အိပ်မက် တွေတောင် မြင်မက် ကုန်ပါပြီ။ အင်တာနက် မြန်နှုန်း မကောင်းသေးလို့ ထင်ပါတယ်။

နိဂုံးချုပ် အနေဖြင့် နေ့စဉ် မှတ်တမ်းများကို မပျင်းမရိ ရေးနေကြတဲ့ Facebook ပေါ်မှ ကြီးကြီး ငယ်ငယ်များ ဟာလည်း မိမိမှတ်တမ်း စာအုပ်ကို မပျောက်မပျက် အောင်ထိန်း သိမ်းဖို့ လိုအပ် ပါတယ်။ မိမိ စည်းကမ်း ရှိပေမယ့် ဟက်ကာ များလည်း ရှိလေတော့ တစ်နေ့ အခိုးခံ ရကောင်း ခံရနိုင်ပါတယ်။ မင်ရောင် ၊ ခဲရောင် ကဲ့သို့ ဆေးရောင် မပျက်ပေမယ့် အတင်း ဖွသူ လူတချို့ကြောင့် မိမိ နာမည် မှေးမှိန် တတ်ပါတယ်။ သုံးပါ။ သို့သော် အလွန်အကြူး အသုံး မပြုရန် လိုအပ်ပါတယ်။ Facebook ဆိုတာက ဘယ်လောက် အထိ ရေရှည် တည်တံ့ နေမှာလဲ ဆိုတာ ကျွန်တော်မသိ သလို မြန်မာ ကွန်ပျူတာ ဆရာကြီး တွေလည်း သိချင်မှ သိနိုင်မှာပါ။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံက Creator တွေမဟုတ်ဘဲ User တွေ ဖြစ်နေလို့ ပါပဲ။ ယနေ့ခေတ် မှတ်စုစာအုပ်က Facebook ဆိုလျှင် အိပ်ရာဘေးမှာ ချထားပြီး အားတဲ့ အချိန် ဝင်ရေးတဲ့ ဒိုင်ယာရီ စာအုပ်လေး ကတော့ သင်ပျင်းတဲ့ အချိန်ပဲ ဖြစ်ဖြစ် ၊ အိပ်မရလို့ ပဲဆိုဆို အဖော်ကောင်း တစ်ယောက်လို ဘေးနားမှာ ရှိနေ မှာပဲဆိုတာ သိမှ သိပါလေစ။ ။

သန်းဆွေ ( မိုးကောင်း )
The MYAWADY Daily

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...