ကွက်လပ်ဖြည့်ပါ



ကျွန်တော်တို့ဇာတိ အညာကျေးရွာက ဗလဗဇယ အ.ထ.က ကျောင်းကြီးသည် ရွှေရတုနှစ် တိုင်ခဲ့ပြီ ဖြစ်ပါ သည်။ ရန်ကုန်ရောက် ဗလဗကျောင်းထွက်များ ကျွန်တော်တို့စတင်မတည်၍ ဆရာကန်တော့ ပွဲ ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြပါသည်။ ဗလဗကျောင်းကြီး၏ ဆရာ၊ ဆရာမကြီးများအား တတိယအကြိမ်မြောက် ပူဇော်ကန်တော့ပွဲ တွင် ရှေ့မီနောက်မီပြီး ပွင့်ပွင့်လင်းလင်းပြောတတ်သည့် ဆရာကြီးဦးအုန်းမောင်က အမှာစကားပြောကြားသည်မှာ

‘အခုလို ဆရာကန်တော့ပွဲကြီးအတွက်ကတော့ အလွန်ဝမ်းသာစရာဖြစ်ပါတယ်။ ဒါပေမဲ့စင်မြင့်ပေါ်က ကန်တော့ခံဆရာ၊ ဆရာမကြီးများကအယောက် ၁၀၀၊ ပူဇော်ကန်တော့ကြတဲ့ကျောင်းသားက ၆၀ လောက်အဲဒီလိုမညီမမျှဖြစ်နေတာကတော့ နှစ်ဦးနှစ်ဖက်မှာ တစ်ဖက်ဖက်ကတော့ လိုအပ်နေပြီထင် တယ်။ လိုအပ်ချက်ကိုဖြည့်ကြပါ။’

ပထမအကြိမ် ဆရာကန်တော့ပွဲမှာ ကန်တော့ကြသူများ အလွန်စည်ကားလှပါသည်။ နောက်ပိုင်း ကန် တော့ကြသော ကျောင်းသားအဖွဲ့အစည်းများ၏ အားနည်းမှုကြောင့် ဒုတိယအကြိမ်၊ တတိယအကြိမ် ဆရာကန်တော့ပွဲများက ထင်သလောက်မစည်ကားတော့။ စင်စစ် ဗလဗကျောင်းကြီးမှ ပြုစု ပျိုးထောင် မွေးမြူလိုက်သော တပည့်ကျောင်းသား၊ ကျောင်းသူများသည် မြန်မာပြည်အနှံ့၊ ကမ္ဘာအနှံ့ထောင် သောင်းချီ၍ ရှိပါလိမ့်မည်။

ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်နှင့်တကွ ခင်ပွန်းကြီး ၁၀ ပါးအားပူဇော် ကန်တော့ရ ခြင်း အကျိုး ၁၀ ပါးနှင့် ခင်ပွန်ကြီး ၁၀ ပါးအားပြစ်မှားသူတို့ကြုံတွေ့ရမည့် ပြစ်ဒဏ် ၁၀ ပါးတို့ကို မြတ်စွာဘုရားရှင် ပြတော်မူခဲ့ပါသည်။ ရှင်မဟာရဋ္ဌသာရ ဆုံးမတော်မူခဲ့သော ‘ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်း’ ဟူသောစကားနှင့် အညီ ကျေးဇူးတရားကို သိ တတ်ခြင်းနှင့် ပူဇော်သင့်သော ပုဂ္ဂိုလ်တို့ကိုပူဇော်ကန်တော့ခြင်းသည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ခညောင်းလှပါသည်။

ယခုအခါမြန်မာ့ဓလေ့ယဉ်ကျေးမှုနှင့်အညီ ဆရာကန်တော့ပွဲများကို အားကြိုးမာန်တက် ညီညာဖြဖြ ကျင်းပလာကြသည်မှာ ဝမ်းသာဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။ အသက် ၆၀ ထက်အရွယ် ဆရာ၊ ဆရာမ ကြီးများအား ကန်တော့ခံစင်တင်ကြသည်ရှိသလို မိမိသင်ကြားခဲ့ရသောနှစ်အလိုက် ဆရာဖြစ်ခဲ့သည့် ဆရာ၊ ဆရာမကြီးများအား ကန်တော့ခံစင်မြင့်ပေါ် ထားရှိကြသည်ကိုတွေ့ရပါသည်။

ဆရာ့တာဝန်ကျေပွန်ခဲ့သည်။ ဆရာ့ဂုဏ်မွှေးခဲ့သည်။ ဆရာ့ဘဝအငြိမ်းစားယူပြီးနောက် ကျောင်းပတ် ဝန်းကျင်နှင့် ကင်းဝေးခဲ့ရသည်။ တပည့်များနှင့်ခွဲခွာခဲ့ရသည်။ အိုမင်းမစွမ်းမလုပ်နိုင်၊ မကိုင်နိုင်အရွယ် ကရောက်ပြီ။ ပင်စင်လစာနှင့်ဘဝက မရပ်တည်နိုင်။ စားရမဲ့၊ သောက်ရမဲ့။ ဆေးကုစရာက နိတ္ထိ။ ပံ့ပိုး ကူညီပြုစုမည့်သူကမရှိ။ နေဝင်ချိန်ဆရာ့ဘဝက အထီးကျန်လှပါသည်။ ဝမ်းနည်းကြေကွဲဖွယ် ရာ ကောင်းလှပါသည်။ ယင်းအဖြစ်များကို မည်သူတွေမြင်နိုင်ကြပါသနည်း။ မိမိဘဝတစ်သက်တာမှာ ဘယ်တော့မှမမေ့နိုင်တဲ့ ကျေးဇူးဂုဏ်ကြီးမားလှသော ဆရာများလူတိုင်းကိုယ်စီရှိကြပါသည်။

မည်သို့ဆိုစေ နည်းစနစ်မှန်ကန်တိကျမှုသည် ထိရောက်သော လုပ်ဆောင်ချက်ဖြစ်သည်ဆိုသည်ကို မမေ့အပ်ကြပေ။ မည်သည့်အလုပ်ဖြစ်စေ အနာတခြား၊ ဆေးတခြားမဖြစ်သင့်သည်ကိုတော့ သတိမူ ကြရပါမည်။ ဆရာကန်တော့ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စ၊ လယ်၊ ဆုံးဇွဲရှိရှိ ကြိုးစား အားထုတ်နိုင်ကြသူများကို ချီးကျူးမှတ်ကျောက်တင်ကြရပါမည်။ ထို့အတူခေါင်းဆောင်စီစဉ်သူ များ ကောင်းခြင်း၊ ညံ့ဖျင်းခြင်းနှင့် ပါဝင်သူ၊ တာဝန်ရှိသူများ၏ မရိုးသားမှုနှင့် ရိုးသားမှုရှိခြင်းကြောင့် အလုပ် တစ်ခုတွင် ဆိုးကျိုး၊ ကောင်းကျိုးများ ဖြစ်လာနိုင်သည်ကို သတိမူကြရမည်။ ဆရာကန်တော့ပွဲများ ကျင်းပကြရာဝယ် တွေ့ဆုံညစာစားပွဲများကိုပို၍ အားသန်ကြသည့်အဖွဲ့များကိုလည်း တွေ့ရပါသည်။ ညစာစားပွဲများသည် ဆရာကန်တော့ပွဲများထက် များစွာပို၍စည်ကားတတ်ကြပါသည်။ ပျော်ကြ၊ ရွှင်ကြ၊ သောက်ကြ၊ စားကြနှင့် ဂုဏ်ချင်းပြိုင်ဆိုင်ကြနှင့်၊ ငွေကြေးချမ်းသာသူများ၊ ဂုဏ်ရှိသူတို့၏ ပွဲလမ်းသဘင်ကြီး အသွင်ဆောင်နေတတ်ကြသည်။ ‘ဆရာကန်တော့ပွဲ၏ အဓိကရည်ရွယ်ချက်က ဘာလဲ’ ဟုမေးခွန်းထုတ်စရာဖြစ်နေပါသည်။

ခွဲခွာနေကြရသော ဆရာမများနှင့်တပည့်များ တွေ့ဆုံပွဲ၊ မိတ်ဆွေသူငယ်ချင်း အချင်းချင်းတွေ့ဆုံပွဲ စသည့်ဆုံစည်းမှုများသည် ဝမ်းမြောက်ဝမ်းသာ ပီတိဖြာစရာများဖြစ်သည်။ သို့သော်ဂုဏ်ပကာသန၊ ဆင်းရဲ၊ ချမ်းသာ၊ အကြွားအဝါစသည်တို့ ရောပြွမ်းလွှမ်းမိုးလာတတ်ကြသည်လည်း ရှိပါသည်။ မည်သည့် အလှူအတန်းမဆို ဂုဏ်ပကာသန လွှမ်းမိုးတတ်သော အလှူကြီးမဖြစ်ဖို့တော့ လိုအပ်ပါ သည်။ စားဝတ်နေရေးနှင့် ကျန်းမာရေး အလွန်ပင်နုံချာနေကြရှာသည့်၊ ဘဝအခြေအနေဆိုးရွားနေကြ သည့် ဆရာများ၏ဘဝကိုကူညီလိုက်ကြပါ။ တကယ်လိုအပ်နေသည့် လုပ်အားငွေကြေးနှင့် ဆေးဝါး များလှူဒါန်းလိုက်ကြပါ။ မိမိစာသင်ကြားခဲ့ရသည့် ပျက်ယွင်းနေသော စာသင်ကျောင်းဆောင်လေး ကို ပြုပြင်လိုက်ကြပါ။ လိုအပ်ချက်များကို သိမြင်ကြဖို့လိုပါသည်။

‘ကျုပ်က ကန်တော့ကြတဲ့ အဲဒီအထက (ပုဇွန်တောင်) ကျောင်းထွက် တပည့်တစ်ဦးပါ။

တပည့်တစ်ဦးအနေနဲ့ ပရိတ်သတ်နည်းတူ စင်အောက်ရှေ့ကနေ ကျုပ်လက်အုပ်ချီကန်တော့တယ်။ အဖြစ်က ဒီလိုကန်တော့ခံစင်မြင့်နောက်တန်းမှာထိုင်နေတဲ့ ဆရာ၊ ဆရာမလေးတွေက ကျုပ်ကန်တော့ နေတာလည်းတွေ့ရော ထပြေးကုန်ကြပါလေရော။ အဖြစ်မှန်ကနောက်တန်းစင်ပေါ်မှာ ကန်တော့ခံနေ ကြတဲ့ အဲဒီဆရာ၊ ဆရာမလေးတွေက ကျုပ်စာသင်ဖူးခဲ့တဲ့ ကျုပ်တပည့်တွေဖြစ်နေကြ တယ်။ သြော် . . ကျုပ်ကလည်း အသက်အရွယ်ကြီးပါပြီ။ နောက်ဆုံးတော့ ကျုပ်ရဲ့ကျေးဇူးရှင်ဆရာ၊ ဆရာမကြီးတွေကို အာရုံပြုပြီး ကျုပ်ကန်တော့ခံဆရာ ကျုပ်ဖြစ်ချင်လို့မဟုတ်ဘူး။ စီစဉ်သူတွေ ညံ့ဖျင်းတဲ့အကြောင်းကို ပြောချင်တာပါ။ ကန်တော့ခံဆရာတွေနဲ့ ကန်တော့ကြတဲ့တပည့်တွေ ဒူးနေရာဒူး၊ တော်နေရာတော် စီစဉ်တတ်ကြဖို့လိုအပ်လှပါတယ်။

အသက်အရွယ်ရလာသော တက္ကသိုလ်ဆရာကြီးသည် သူ့ဘဝ၏ ကျေးဇူးရှင်ဆရာများကို မမေ့နိုင်ဟန် တမ်းတမ်းတတ ပြောပြပါသည်။

တစ်ခါက ကျွန်တော့်သူငယ်ချင်း ကျူရှင်ဆရာ ဆရာမောက်၏ ဘာသာစုံကျောင်းဆရာ ကန်တော့ပွဲ ကျင်းပပါသည်။ ကျွန်တော်ဆီတစ်ပတ်စော၍ ဖိတ်စာကြိုရောက်နေပါသည်။ အလွန်ရင်းနှီးသော သူငယ်ချင်းများဖြစ်၍ သူတို့ပွဲသို့ကျွန်တော်တက်ရောက်ခဲ့ပါသည်။ သူတို့၏ ၁၀ တန်းဘာသာစုံ ကျောင်း သား၊ ကျောင်းသူများ ကန်တော့ပွဲသည်စည်းကားလှပါသည်။ လုပ်ဖော်ကိုင်ဖက် ကျူရှင်ဆရာ များက ကျွန်တော့်ကို ဝမ်းသာအားရဆီးကြိုကြပါသည်။ ဒံပေါက်စားလိုက်၊ ရေခဲမုန့်စားလိုက်နှင့် ကျွန်တော်တို့ဆရာ အချင်းချင်း စကားလက်ဆုံ ပြောမကုန်ရှိနေကြပါသည်။

စားသောက်ပွဲပြီးသောအခါ ဆရာကန်တော့ပွဲအခမ်းအနား ဆက်လက်ကျင်းပကြပါသည်။ သည်တော့ မှဤပွဲသို့တက်ရောက်ခဲ့မိသည့် ကျွန်တော့်အမှားကိုသိရပါတော့သည်။ ကန်တော့ခံစင်မြင့်ပေါ် တက် နေရမည်လား၊ ကျောင်းသားများနှင့်အတူ ကန်တော့ရမည်လား၊ ထွက်ပြေးရမည်လား၊ လမ်းသွယ် သုံးသွယ်နှင့် ကျွန်တော်ရင်ဆိုင်လိုက်ရပါသည်။ ကန်တော့ခံစင်မြင့်ပေါ်တက်၍ ကျွန်တော်နေရာ ယူဖို့ဆို သည်မှာ ကျွန်တော်သည် ဆရာမောက်၏ဘာသာစုံကျောင်းတွင် တစ်ချိန်မှ စာသင်ပေးခဲ့ဖူးသော ဆရာမဟုတ်ပါ။ ကျွန်တော့်အတွက် စင်ပေါ်တွင်ကြိုတင်၍နေရာ အစီအစဉ်ချထားခြင်းလည်းမရှိပါ။ ကန်တော့ကြမည့် ၁၀ တန်းကျောင်းသားများနှင့် ရောယောင်ထိုင်လျက် ကန်တော့ရမည်ဆိုပြန်တော့ စင်ပေါ်ကကန်တော့ခံကျူရှင်ဆရာများသည် ကျွန်တော့်ထက်စီနီယာဖြစ်သူမရှိ ကျွန်တော့်ထက် ဂျုနီယာများသာဖြစ်ကြပါသည်။ မဆင်မခြင် ဖိတ်သူကဖိတ်ခဲ့သည်။ တက်သူကတက်ရောက်ခဲ့သည်။ ငိုရမလို၊ ရယ်ရမလို ကျွန်တော်သည်ဇော်ကန့်လန့်လုံးလုံးဖြစ်ရပေပြီ။ စင်စစ်ဆရာမောက်သည် သူ့ဘာ သာစုံကျောင်းကြီး မည်မျှအောင်မြင်လိုကြောင်းကို အချင်းချင်းကြွားဝါလို၍ ကျွန်တော့်ကိုဖိတ်ကြားခဲ့ ခြင်း သာဖြစ်ပါသည်။ ဘာပဲလုပ်လုပ် ဆရာမောက်သည် ဂုဏ်ပကာသန ရှေ့တန်းတင်လျက် ကြွားဝါ လှူဒါန်း တတ်သူဖြစ်ပါသည်။

ကျွန်တော့်မိတ်ဆွေတစ်ဦးက ပြောပြဖူးသည်မှာ ‘တစ်ချိန်က သာရေးနာရေးအသင်းတွေမှာ ရှေ့တန်း ကငါပါဝင်ခဲ့တာပါ။ ဝါသနာကလည်းပါ အချိန်ကလည်းပေးနိုင်တော့ တော်တော်များများလုပ်ဖြစ်ခဲ့ တယ်။ ဒါပေမဲ့အဖွဲ့အစည်းလုပ်ပြီဆိုတော့ အဖွဲ့အစည်းအပေါ်မှာ ခုတုံးလုပ်ချင်ကြတဲ့သူတွေ၊ အတ္တ ဆန်တဲ့သူတွေ၊ ဆင်ဖြူတော်မှီပြီး ကြံစုပ်ချင်ကြတဲ့သူတွေ၊ ကြွားဝါချင်တဲ့လူမျိုးစုံတွေ တွေ့လာရတယ်။ အဲ့ဒီအနှောင့်အယှက်တွေများလာတော့ လုပ်ချင်စိတ်ကုန်လာတယ်’ ဟု စိတ်ပျက်ဟန်ဆိုတော့

‘ကျွန်တော်က လူအများနဲ့စုပေါင်းလုပ်ရတဲ့ အဖွဲ့အစည်းတွေဆိုတာ ပါဝင်တဲ့သူတွေရဲ့ အသိစိတ်၊ စေတနာ၊ အမြော်အမြင်၊ သမာသမတ်ကျမှုအပေါ်မှာမူတည်ပြီး အောင်မြင်မှုဆိုတာ ရနိုင်ကြပါတယ်။ ခေါင်းဆောင် စီစဉ်တဲ့သူကလည်း အသိစိတ်၊ စေတနာ၊ အမြော်အမြင်ရှိပြီး နောက်လိုက်တွေ အသိစိတ် နဲ့လုပ်ကိုင်ကြလို့ စုပေါင်းညီညာအောင်ကြောင်းဖြာနေကြတဲ့ အဖွဲ့အစည်းတွေရှိကြပါတယ်’ ဟု ကျွန် တော်ပြောခဲ့ပါသေး သည်။

တစ်ခါက ကျွန်တော်တို့ဇာတိ အညာကျေးရွာက အ.ထ.က ကျောင်းဆရာကန်တော့ပွဲများပြုလုပ်ရန် ရန်ကုန်မြို့ရောက်သူများ စီစဉ်ကြပါသည်။ ကျွန်တော်တို့အညာမှာ ကျောင်းနေစဉ်က ဤကျောင်းမှာ အလယ်တန်းအဆင့်သာရှိခဲ့ပါသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်မှာ တစ်နယ်တစ်ကျေးကျွန်တော် တို့ရောက်စဉ်ကပင် ဤကျောင်းမှာအထကကျောင်းအဖြစ် အဆင့်မြင့်စည်ပင်နေပြီဖြစ်သည်။ ဤ ကျောင်းမှမွေးထုတ်ပေးခဲ့သော အရာရှိကြီးများ၊ ဆရာဝန်ကြီးများ၊ အင်ဂျင်နီယာကြီးများ၊ ကျောင်းဆ ရာကြီးများ၊ အင်ဂျင်နီယာကြီးများ၊ ကျောင်းဆရာကြီးများ၊ ကုန်သည်ပွဲစား၊ လက်လုပ်လက်စားသမား များစသည်တို့သည် မြန်မာပြည်အနှံ့မှာ ပျံ့နှံ့ရောက်နေကြပါသည်။ ဇာတိရွာသို့ကျွန်တော်မရောက် သည်မှာ နှစ်ရှည်လများကြာပါပြီ။ ရွာကကျောင်းဆရာ ကန်တော့ပွဲ၌ ရန်ကုန်ရောက်ကျွန်တော်တို့ ဘဏ္ဍာငွေဝိုင်းဝန်းစုဆောင်းကြရာ လုံလုံလောက်လောက် ရရှိကြပါသည်။ ဤသို့ဖြင့်အညာဇာတိရွာမှာ ကျွန်တော်တို့ဆုံစည်းဖြစ်ကြပါသည်။ အနယ်နယ်အရပ်ရပ်ရောက်နေကြသော ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများသည် ရေတစ်တန်ကုန်းတစ်တန် ရောက်ရှိလာကြပါသည်။ ကျွန်တော်တို့၏ ငယ်ဆရာကြီးများမှာ အသက်အရွယ်ကြီးလှပါသည်။ တချို့ပုဂ္ဂိုလ်များ ကွယ်လွန်သွား ကြရှာသည်။ ရွာခံဆရာဆို၍ ဆရာဦးဖြိုးနှင့် ဆရာမဒေါ်လှမြိုင်သာ ရှိတော့သည်။

ဆရာကန်တော့ပွဲတွင် အိုးစည်၊ ဗုံမောင်း၊ အကျအခုန်များ၊ အကျွေးအမွေးများနှင့် ဗီဒီယိုရိုက်သူက ရိုက်၊ စားကြ၊ သောက်ကြ၊ ပျော်ကြ၊ ပါးကြနှင့် စည်ကားစွာကျင်းပနိုင်ခဲ့ကြပါသည်။ ကျွန်တော်တို့ ငယ်ဆရာဦးဖြိုးက ဆရာကန်တော့ပွဲသို့မတက်ရောက်နိုင်ချေ။ လေတစ်ခြမ်းဖြတ်၍ နာတာရှည်ရောဂါ ခံစားနေရရှာသော ဆရာဦးဖြိုးရှိရာရွာသို့ ကျွန်တော်တို့ရောက်ခဲ့ကြပါသည်။ ဆရာဦးဖြိုးမှာ လူပျိုကြီး ဖြစ်၍သူ့တူမကပြုစုနေရကြောင်း သိရသည်။ ပင်စင်လစာနှင့် မလောက်မငဖြစ်နေရရှာပါသည်။ ကျွန် တော်တို့လာရောက်ကန်တော့သည်ကို မျက်ရည်စများနှင့် ကြိုဆိုရှာပါသည်။ အိပ်ရာထက်က မထနိုင် ရှာပါ။ ဝမ်းသာနေသည်လား၊ ဝမ်းနည်းနေသည်လား မပီမသစကားလုံးများနှင့် ဆုပေးရှာပါသည်။ ဆရာ့အကြောင်း ကျွန်တော်တို့အသိနောက်ကျ၍ စိတ်မကောင်းနိုင်ကြပါ။ ဆရာဖြိုးကို ဝမ်းနည်းစွာခွဲ ခွာလျက် ပြန်ခဲ့ကြရသည်။

သင်္ချာအလွန်စာသင်ကောင်းသော ဆရာမကြီး ဒေါ်လှမြိုင်ကတော့ တုန်တုန်ချည့်ချည့်သွားလာနိုင်ပါ သေးသည်။ ဒေါ်လှမြိုင်က ကျွန်တော်တို့ကို ကျောင်းဆောင်များရှိရာသို့ လိုက်ပြပါသည်။

‘ဟိုကျောင်းဆောင်က အမိုးမလုံဘူးကွဲ့။ ဒီစာသင်ခုံတွေက တော်တော်လေး ယိုင်နဲ့နေကြပြီ။ နင်တို့အ ဆင်ပြေကြတဲ့အခါ စဉ်းစားနိုင်ကြဖို့ကွဲ့။ ဒီမှာကလယ်သမား၊ လက်လုပ်လက်စား သားသမီးလေးတွေ ဆိုတော့ ဆင်းရဲကြရှာပါတယ်။ မင်းတို့တုန်းကလို ပညာသင်ချင်လွန်းလို့ ရေတစ်တန်၊ ကုန်းတစ်တန် ချို့ချို့တဲ့တဲ့ ကျောင်းလာတက်ကြရတယ်။ သူတို့လေးတွေအတွက် ဗလာစာအုပ်ဖြစ်ဖြစ်၊ ပြဋ္ဌာန်းစာ အုပ်ဖြစ်ဖြစ်၊ လှူဒါန်းနိုင်ကြရင်ကောင်းပါရဲ့။ ဆရာ၊ ဆရာမကြီးတွေလည်း ဝမ်းသာကြမှာပါ’ ဟုဒေါ်လှ မြိုင်ကပြောပါသည်။ အဓိပ္ပာယ်မရှိ အပိုသုံးဖြုန်းနေကြခြင်းထက် ကျောင်းအတွက်ပဒေသာပင်စိုက်ထူ ထားနိုင်ရင် ကောင်းမည်ဟုကျွန်တော်တွေးမိစဉ် ဆရာမဒေါ်လှမြိုင်ကဆက်ပြောပါသည်။

‘မင်းတို့သူငယ်ချင်းဆင်ပေါက် မှတ်မိမှာပါ။ မိန်းမကလည်းဆုံး၊ အိမ်ကလည်းမီးလောင်၊ ကျန်ရစ်တဲ့ သမီးလေးနဲ့ ဆင်းရဲရှာပါတယ်ကွယ်။ ဒီကောင်ကြီးဆရာ၊ ဆရာမကျေးဇူးတော့ သိတတ်တယ်ကွဲ့။ ဆရာမရေချိုးဖို့ နေ့စဉ်ရေခပ်ပေးရှာတယ်။ သူ့အိမ်ခြံလေးကထွက်တဲ့ အသီးအနှံလေးတွေကိုလည်း ဆရာမနဲ့ဆရာဖြိုးဆီ အမြဲပို့နေရှာတယ်။ ဒီကောင်ကြီးဒီပွဲကျမှ မတွေ့ပါလား။ နေမှကောင်းရဲ့လား ကွယ်။’

ဆရာမဒေါ်လှမြိုင်ကို နှုတ်ဆက်ပြီး ငယ်သူငယ်ချင်း ဆင်ပေါက်အိမ်သို့ ကျွန်တော်ရောက်ခဲ့ပါသည်။ ဝါးတဲအိမ်ကလေးနှင့် ခြံလေးကအတန်အသင့် ကျယ်ဝန်းပါသည်။ ဆင်ပေါက်မှာအရွယ်နှင့်မမျှ အိုစာလွန်းလှပါသည်။ ရေနွေးကြမ်း၊ ထန်းလျက်ခဲနှင့် ဆင်ပေါက်က ဝမ်းသာအားရဧည့်ခံပါသည်။

‘မင်းဘာလို့ ဆရာကန်တော့ပွဲ မလာတာလဲ’ ဟု ကျွန်တော်ကမေးတော့

‘လာချင်တာပေါ့ကွာ။ ဆရာကန်တော့ပွဲအတွက် မင်းတို့လိုငွေကြေးမထည့်ဝင်နိုင်တော့ ခက်တယ်’ ဟု အားငယ်ဟန်ပြန်ပြောပါသည်။

‘လက်ချည်းကန်တော့လည်း အတူတူပါပဲကွာ။ စိတ်ကအဓိကမဟုတ်လား။ လာခဲ့ရောပေါ့ကွာ’ ဟု ကျွန်တော်က စိတ်မကောင်းစွာပြောတော့ ‘ပွဲလာဖို့ မဝံ့မရဲတာလည်း ပါတယ်ပေါ့ကွာ’ ဟု ဆင်ပေါက် ကရိုးသားစွာပြောပါသည်။

စားပွဲခုံစုတ်လေးမှာ ဆံရစ်ဝိုင်းနှင့်သမီးငယ်လေးတစ်ယောက်ရှိသည်။ ကျွန်တော်က ကလေးကိုကြည့် ပြီး

‘မင်းသမီးလေး ဘယ်နှတန်းရောက်ပြီလဲကွ’ ဟု ကျွန်တော်ကဆင်ပေါက်ကိုမေးတော့

‘ငါးတန်းရောက်နေပါပြီ ဆရာ’ ဟု သမီးလေးက သွက်လက်စွာဖြေကြားသည်။ သမီးကလေးသည် သူ့ဖခင်ဆားနှင့်နယ်ပေးထားသော ထမင်းကိုငရုတ်သီးစိမ်းလေးကိုက်ကာ ကိုက်ကာစားနေရှာသည်။ ကျွန်တော်ကပါလာသည့်ဒံပေါက်ထုပ်လေးကို သမီးလေးကိုပေးသည်။ ကလေးမှာမပြောမဆို မြေကြီး ပေါ်မှာကျုံ့ကျုံ့လေးထိုင်လျက် ကျွန်တော့်ကို ကန်တော့နေရှာပါသည်။ ဝမ်းသာလွန်း၍ ကလေးမှာ တုန်နေရှာပါသည်။ ဝမ်းသာလွန်း၍ ကလေးမှာတုန်နေရှာသည်။ ဟန်မဆောင်နိုင်တော့ ကျွန်တော့်မှာ မျက်ရည်များလည်မိသည်အထိ။ ကျွန်တော်တို့မှားပြီထင်ပါသည်။ ဘဝဆင်းရဲလွန်း၍ သိမ်ငယ်နေရှာ ကြသောသူတို့ကို ဝိုင်းဝန်း၍လက်တွဲမခေါ်မိခဲ့ပါပြီ။ ဆင်းရဲသည်၊ ချမ်းသာသည်၊ ဂုဏ်ရှိသည်၊ ဂုဏ်မရှိ သည်၊ အာဏာမရှိသည်မဟုတ်။ သတ္တဝါတိုင်းမှာ အသည်းနှလုံးခံစားချက်အတူတူရှိကြသည်။ မေတ္တာ တရားဆိုတာ အတူတူရှိကြသည်။ ကျေးဇူးတရားဆိုတာလည်း ကိုယ်စီကိုယ်ငရှိကြသည်။

စံတော်ချိန်သတင်းစာ
အတွဲ(၁)၊ အမှတ်(၃၄၉)၊ မတ်လ ၂၈ ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...