အခြေခံပညာသင်နှစ် ၅-၄-၃ စနစ် စတင်လျှင် (၁၈) နှစ်ပြည့်မှ အခြေခံပညာသင်ယူပြီးမည်



အခြေခံပညာသင်နှစ်အား ၅-၄-၃ စနစ်ကို ပြောင်းလဲကျင့်သုံးရန် ကြိုးပမ်းနေပြီး စနစ်သစ်စတင်ပါက အသက် (၁၈) ပြည့်ပြီးမှသာ အခြေခံပညာသင်ယူပြီးဆုံးစေမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်က ပြောသည်။


လက်ရှိကျင့်သုံးဆောင်ရွက်နေသော အခြေခံပညာသင်နှစ် ၅-၄-၂ စနစ်အစား ၆-၃-၃ နှင့် ၅-၄-၃ စနစ် သို့ ကူးပြောင်းရန်စဉ်းစားလျက်ရှိရာ ယခုအခါပညာရေးဒုတိယဝန်ကြီးက ၅-၄-၃ စနစ်သို့ ပြောင်းလဲရန် ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာသင်နှစ် ၁၂ နှစ်အပြင် မသင်မနေရမူလတန်းအကြို (KG) ကို အကောင်အထည်ဖော်မည်ဖြစ်ပြီး အသက်ငါးနှစ်ပြည့်ပြီးသော ကလေးများအား တက်ရောက်စေမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

"KG အပေါင်း ၅-၄-၃ ဆိုတဲ့စနစ်သစ်အရ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေအနေနဲ့ ပထမအချက်က KG ကိုအခြေခံပညာရေးစနစ်သစ်ထဲ ထည့်သွင်းပြီးမသင်မနေရ ပြဋ္ဌာန်းသတ်မှတ်ခြင်းအားဖြင့် မြန်မာ နိုင်ငံတစ်ဝန်းလုံး ငါးနှစ်အရွယ်ကလေးအားလုံး မူကြိုပညာရေးသင်ယူနိုင်မယ့် အခွင့်အလမ်း အပြည့် အဝရရှိသွားမှာဖြစ်ပါတယ်။ အခွင့်အရေးအပြည့်အဝ ရရှိနိုင်မယ်ဆိုရင် အာဆီယံဒေသအတွင်းမှာ မြန်မာနိုင်ငံရဲ့ မူကြိုပညာရေးလွှမ်းခြုံနိုင်မှု အနိမ့်ဆုံးဖြစ်နေတဲ့ အနေအထားကို ကာလတိုအတွင်း မြင့် မားအောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်" ဟု ပညာရေးဒုတိယဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ မူကြိုတက်နိုင်သော ကလေးဦးရေမှာမြို့ပြတွင် ၃၉ ဒသမ ၁ ရာခိုင်နှုန်း၊ ကျေးလက်တွင် ၁၅ ဒသမ ၉ ရာခိုင်နှုန်းနှင့် မြို့ပြနှင့်ကျေးလက်ဒေသများရှိ ကလေးငယ်များ၏ ၂၂ ဒသမ ၉ ရာခိုင်နှုန်းသာရှိနေပြီး အာဆီယံနိုင်ငံများ၏ ပျမ်းမျှမူကြိုကျောင်းတက် နှုန်းသည် ၂၀၁၀ ပြည့်နှစ်တွင် ၅၇ ရာခိုင်နှုန်းရှိနေသည်။

"ဒုတိယအချက်အနေနဲ့ အသက်ငါးနှစ်ပြည့်ပြီးသူ ကလေးတိုင်း KG ကိုတက်ရောက်သင်ကြားနိုင်မှာ ဖြစ်တဲ့အတွက် ကလေးအသက် ငါးနှစ်ပြည့်ရင် ကျောင်းအပ်လိုတဲ့ မိဘများရဲ့ဆန္ဒကိုလည်း ဖြည့် ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ကတော့ KG မှာလက်ရှိသူငယ်တန်းမှာ စာသင် သလိုမျိုးမသင်ဘဲ ဆော့ကစားခြင်းဖြင့် လေ့လာသင်ယူစေခြင်းစနစ်နဲ့ သင်ကြားသွားမှာဖြစ်ပါတယ်" ဟု ဒေါက်တာစန်းလွင်က ပြောသည်။

သို့သော် ပညာရေးဝန်ကြီးဌာနအနေဖြင့် စနစ်သစ်စတင်မည့်အချိန်ကို သတ်မှတ်ထားခြင်းမရှိသလို နိုင်ငံတော်အစိုးရထံသို့လည်း တင်ပြထားခြင်းမရှိသေးကြောင်းနှင့် စီမံချက်ရေးဆွဲနေဆဲ အချိန်ကာလ သာ ရှိသေးကြောင်း ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေး မြန်းမှုကို ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

"စီမံချက်ရေးဆွဲနေဆဲကာလပဲ ဖြစ်ပါတယ်။ ဒီစီမံချက်ကိုရေးဆွဲပြီးရင်တော့ နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်တွေကို တင်ပြပြီးအတည်ပြုချက်ရယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်" ဟု ဒေါက်တာစန်းလွင်က ပြောသည်။

ပညာရေးဝန်ကြီးဌာနသည် ပညာရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမျိုးသားပညာရည်မြင့်မားရေး နှီးနှောဖလှယ်ပွဲများ နှစ်စဉ်ကျင်းပနေသကဲ့သို့ ယခုနှစ်တွင် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုဖြင့် ဘက်စုံလွှမ်း ခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာသုံးသပ်မှုလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

7Day Daily
No.164, October 5, 2013

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...