စာဖတ်ခြင်းနှင့် ကြီးမြတ်သော လူမျိုး

ဆရာမြသန်းတင့်၏ ဆောင်းပါးခေါင်းစီးကို ယူပြီး သုံးထားကြောင်း ကျွန်တော် ကြိုတင်၍ ဝန်ခံထားလိုပါသည်။ အကြောင်းခံရှိနေသောကြောင့်ပါ။

(၃-၅-၂၀၁၅) ရက်ထုတ် ‘စံတော်ချိန်’ အတွဲ (၃) အမှတ် (၇၃၉) စာမျက်နှာ ၁၅ တွင် ကျွန်တော်ရေး သားခဲ့သော ‘စာဆိုတော်ကြီးမှိုင်း၊ မိုး၊ ဇေတို့ရဲ့စာပေ စိတ်ဓာတ်နဲ့စာမဖတ်သူ ပပျောက်ရေးစေတနာ’ ဆောင်းပါးထဲမှာ ‘ဂျွန်ရပ်စ်ကင်း (John Ruskin)’ ၏ စာဖတ်ကြဖို့တွန်းအားပေး လှုံ့ဆော်ရေးကိုဖော် ပြခဲ့ရာ ကျွန်တော့်သူငယ်ချင်းစာရေးဆရာသုံးဦးနှင့် စံတော်ချိန်စာချစ်သူတစ်ဦးက ဂျွန်ရပ်စ်ကင်း၏ ရာ စုခေတ်ကာလ ကွဲလွဲနေကြောင်းနှင့် ဂျွန်ရပ်စ်ကင်း၏ စာဖတ်ကြဖို့၊ တွန်းအားပေးလှုံ့ဆော်ချက် အနှစ် ချုပ်ကိုဖော်ပြပေးမှ အပြည့်အဝခံစားနိုင်မည်ဖြစ်ကြောင်း အကြံပြုထောက်ပြခဲ့ကြပါသည်။

စာပေဟောပြောပွဲအချို့တွင် ကျွန်တော်နှင့် သူငယ်ချင်းမောင်စိန်ဝင်း (ပုတီးကုန်း) ကလူငယ်တွေ ခေတ်နောက်မကျအောင်၊ အောက်ကျနောက်ကျမဖြစ်အောင်၊ တိုးတက်ကြီးပွားအောင် အားကျအတု ယူဖွယ်ရာ ကောင်းလွန်းလှသည့် ဂျွန်ရပ်စ်ကင်း၏ စာဖတ်ကြဖို့ တွန်းအားပေးလှုံ့ဆော်ချက်များကို အခါအခွင့်သင့်သလို ထည့်သွင်းဟောပြောနေကျမို့ ကျွန်တော်ကလည်း စာမဖတ်သူပပျောက်ရေး ဆောင်ပုဒ်နှင့် လျော်ညီစွာထည့်သွင်းပေါင်းစည်း ရေးသားခဲ့ခြင်းဖြစ်ပါသည်။

ကွဲလွဲနေကြောင်း ထောက်ပြချက်နှင့် အကြံပြုချက်များကို ဖြည့်ဆည်းပေးရမည်က စာရေးသားခဲ့သူ ကျွန်တော့်တာဝန်သာ ဖြစ်လာပါသည်။ ထို့ကြောင့် ကျွန်တော့်စာအုပ်စင်နှင့် စာအုပ်ပုံများထဲတွင် မွှေ နှောက်ရှာဖွေခဲ့ရာ ကံအားလျော်စွာ ‘စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး’ စာအုပ်ကို တွေ့ရသည်။ ထို စာအုပ်ထဲတွင် ဂျွန်ရပ်စ်ကင်း၏ ဟောပြောချက်များပါရှိရာ သူ၏ဟောပြောချက်များထဲမှ လိုရင်းကိုမှတ် ပြီး ကျွန်တော်ဟောပြောခဲ့ခြင်း ဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာစာကြည့်တိုက်များ ဖောင်ဒေးရှင်းဖွဲ့ စည်းတည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် ၂၀၁၀ ပြည့်နှစ်က တစ်အုပ်လျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် ထုတ်ဝေဖြန့်ချိခဲ့သည့် စာအုပ်ဖြစ်သည်။ ယခုဒုတိယအကြိမ် ထပ်မံထုတ်ဝေခဲ့ပြန်ရာ ပြင်ပတွင်မရောင်း ချဘဲ စာကြည့်တိုက်များသို့ ဖြန့်ဝေပေးနေသော စာအုပ်ဖြစ်သည်။

ထိုစာအုပ်တွင် စာကြည့်တိုက်ဆိုင်ရာ ဆောင်းပါးမျိုးစုံပါရှိရာ ဆရာမြသန်းတင့်ရေးသားထားသော ဆောင်းပါးခေါင်းစီး ‘စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး’ ကိုပင် စာအုပ်နာမည်ပေးထားခြင်းဖြစ်သည်။ ဆရာမြသန်းတင့်ကလည်း စာအရေးအသား ပြောင်မြောက်လွန်းသည်ဖြစ်ရာ သူ၏ဆောင်းပါးက လွန် စွာအနှစ်သာရရှိပြီး တာသွားလှသည်။

ဆရာမြသန်းတင့်က ၁၉ ရာစုနှစ်အတွင်းက ပေါ်ပေါက်ခဲ့သော ဂျွန်ရပ်စ်ကင်းနှင့် ၁၇ ရာစုနှစ်က ပေါ် ပေါက်ခဲ့သော ‘တရုတ်စာဆို ကျန်းကျောက်’ ၏အဆိုအမိန့်များကို ရေးသားထားခဲ့ရာ ကျွန်တော်က ၁၇ ရာစုနှစ်ကိုစိတ်မှာစွဲပြီး ရေးသားမိသောကြောင့် ကွဲလွဲသွားခြင်းဖြစ်ပါသည်။

၁၉ ရာစု ဒုတိယပိုင်းကာလ အင်္ဂလန်သည် နပိုလီယံစစ်ပွဲများ ပြီးဆုံးသွားသဖြင့် ကရိုင်းမီးယားစစ်ပွဲကို ဆင်နွှဲနေချိန်ဖြစ်သည်။ အာဖရိကတိုက်မှာ စစ်တိုက်နေခဲ့ကြသလို အာရှတိုက်မှာ အာဖဂန်စစ်ပွဲ ဆင်နွှဲ နေချိန်ဖြစ်သည်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲပြီးဆုံးချိန်ဖြစ်သည်။ အရှေ့ဖျားမှာ အင်္ဂလိပ်တို့က ဘိန်းစစ်ပွဲဆင်နွှဲနေချိန်ဖြစ်သည်။ ပွင့်လင်းစွာဆိုရပါမူ ဗြိတိသျှအင်ပါယာ ကြီးကို မီးကုန်ယမ်းကုန်ဂုဏ်ယူဝင့်ကြွားစွာ ချဲ့ထွင်နိုင်နေချိန်ဖြစ်သည်။

နယ်ချဲ့လောဘဇောကြီးနေပြီး အသိဉာဏ် ဗဟုသုတချည့်နဲ့လာကြသော အင်္ဂလိပ်လူမျိုးများကို မြင် တွေ့လာရသော ဂျွန်ရပ်စ်ကင်းသည် နိုင်ငံရေးတွေးခေါ်ရှင် ဝေဖန်ရေးသမားပီပီ ရဲ့ဝံ့ပြတ်သာစွာ လှုံ့ ဆော်ဟောပြောခဲ့ပါသည်။ သူ့ဟောပြောချက်တွေက ဓမ္မနှင့်အဓမ္မကိုခွဲခြားသရော် လှောင်ပြောင်ထား လေရာ ကြက်သီးမွေးညင်းပင် ထစေပါသည်။ ကိုယ်ကျိုးကိုမငဲ့ဘဲ သတ္တိရှိရှိ၊ ပြောရဲဟောရဲသော ဂျွန်ရပ်စ်ကင်း၏ စာပေစိတ်ဓာတ်ကိုလည်း လေးစားချီးကျူးနေမိပါသည်။

သူ့ဟောပြောချက်များထဲမှ ဆရာမြသန်းတင့်ကောက်နုတ်ဖော်ပြထားသည်ကို ဆက်လက်မျှဝေပေး လိုက်ပါသည်။ နှလုံးသားနှင့်ခံစားကြည့်ကြစေချင်ပါသည်။

‘ကြီးမြတ်သော လူမျိုးတစ်မျိုးဟာ ဒီစစ်ပွဲမှာ ဘယ်ဘက်ကမှန်သလဲ၊ ဘယ်ဘက်က မှားသလဲဆိုတာ မကြည့်ဘဲဒီစစ်ပွဲပြီးရင် ငါတို့ကုန်အရောင်းအဝယ် ဘယ်လိုနေမလဲ။ ငါတို့အမြတ်တွေ ဘယ်လောက်ရ မလဲဆိုတာကိုပဲတွေးပြီး စစ်မြေပြင်မှာလူငယ်တွေနေ့စဉ်နှင့်အမျှ သေနေကြတာကို လက်ပိုက်ကြည့် မနေကြဘူး’

ဂျွန်ရပ်စ်ကင်းက ၁၉ရာစုခေတ်ကနေ ၂၁ ရာစုခေတ်အထိ ရှေ့ပြေးကြိုမြင်နေလေလားမသိ။ ကျွန် တော်တို့နိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံးဝမရသေးသော နှစ်ရှည်ပြည်တွင်းစစ် အိမ်ကြက်ချင်း အိုးမဲသုတ် အခွပ်ခံနေကြရသည့်ဘဝ၊ လွတ်လပ်ရေးအမွေကို စားကျက်လုတိုက်ခိုက်နေကြသည့် အကျည်းတန် ဖြစ်ရပ်များ၊ တိုင်းရင်းသားမြောက်မြားစွာ သေကျေဒဏ်ရာရ၊ ဒုက္ခိတဖြစ်ကြ၊ မိတကွဲ၊ ဖတကွဲနှင့် လော ကငရဲခံစားနေကြသည်ကို ဂျွန်ရပ်စ်ကင်းက ကြိုတင်ဟောကိန်းထုတ်ခဲ့လေရော့သလားဟု ကျွန်တော် စဉ်းစားနေမိပါသည်။

‘ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ သစ်ကြားသီးခြောက်လုံးလောက် ခိုးမိတာနဲ့ ကလေးတွေကို ထောင်လဲ မပို့ဘူး။ ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ ဆင်းရဲသားတွေရဲ့ စုငွေနဲ့ချမ်းသာနေကြတဲ့ ဘဏ်သူဌေးကြီး တွေ ခိုးဝှက်နေကြတာကို ဒီအတိုင်းလက်ပိုက်ကြည့်မနေဘူး’

လုပ်ပိုင်ခွင့်အာဏာရှိနေကြသူတွေက ကြီးနိုင်ငယ်ညှဉ်း စာနာစိတ်ကင်းမဲ့စွာ ရက်စက်နေမှုများ၊ ဥပဒေ အထက်မှာ အုပ်ချုပ်ရေးအာဏာ မင်းမူကြီးစိုးနေမှုများကို ဓမ္မနှင့် အဓမ္မအားပြိုင်သင့်ကြောင်း မီးမောင်း ထိုးလှုံ့ဆော်ထားရာ အားတက်အားကျဖွယ် ကောင်းလှပါဘိ။ ယနေ့ကမ္ဘာ့ဇာတ်ခုံမှာ ကကြိုးကကွက် များနှင့် တစ်ထပ်တည်းကျနေပါ၏။

‘ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ တောင်တရုတ်ပင်လယ်တစ်ဝိုက်မှာ လက်နက်အပြည့်အစုံတပ်ဆင်ထား တဲ့ သင်္ဘောကြီးတွေနဲ့ အမြှောက်တွေချိန်ပြီး သူများတိုင်းပြည်ကိုသွားပြီး ဘိန်းရောင်းနေတာကို ဒီအ တိုင်းလက်ပိုက်ကြည့်မနေဘူး’

‘ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ ပိုက်ဆံပေးမလား၊ အသက်ပေးမလာဆိုတဲ့ လမ်းဓားပြတို့ထက် ပိုကဲတဲ့ ပိုက်ဆံရော အသက်ပါပေးရမယ်လို့ နှစ်ခုစလုံးကို တောင်းနေတဲ့ဓားပြအကြီးစားတွေ ဓားပြတိုက်နေ ကြ တာကို ဒီအတိုင်းလက်ပိုက်ကြည့်မနေဘူး’

ကျွန်တော်တို့တစ်တွေဟာ လူတွေစာဖတ်ဖို့ ဘာကြောင့်ပြောနေရသလဲ။ အခုအခြေအနေမှာ ကျွန် တော်တို့လူမျိုးဟာ စာမဖတ်နိုင်ဘဲဖြစ်နေတယ်။ ဒီလိုစိတ်ဓာတ် ပျက်ပြားနေတဲ့လူမျိုးတစ်မျိုးဟာ စာမ ဖတ်ချင်ကြဘူး။ ဘယ်လောက်ပဲကြီးကျယ်တဲ့ စာရေးဆရာက ရေးခဲ့တဲ့စာပဲဖြစ်စေ၊ စိတ်ဓာတ်ပျက်ပြား နေတဲ့ လူမျိုးတစ်မျိုးဟာ နားဝင်မှာမဟုတ်ပါဘူး’

‘အခုလက်ရှိ အခြေအနေမှာ ကျွန်တော်တို့ အင်္ဂလိပ်လူမျိုးဟာ လေးနက်တဲ့အတွေးအခေါ်ပါတဲ့ စာတွေ ကိုဖတ်နိုင်မှာ မဟုတ်ဘူး။ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေဖုံးနေတဲ့အတွက် ဘယ်အတွေးအ ခေါ်ကိုမှလည်း လက်ခံနိုင်မှာ မဟုတ်ဘူး။ လူမျိုးတစ်မျိုးဟာ စာပေနဲ့သိပ္ပံပညာကို အထင်သေးနေရင် အနုပညာနဲ့ဘဝကို အထင်သေးရင်၊ မေတ္တာ၊ ကရုဏာကိုအထင်သေးရင်၊ ပိုက်ဆံနောက်ကို ငမ်းငမ်း တက်လိုက်နေရင် အဲဒီလူမျိုးဟာ ရေရှည်တည်တံ့နိုင်မှာ မဟုတ်ဘူး’ တဲ့။

ဂျွန်ရပ်စ်ကင်းက သူ့နိုင်ငံရေရှည်တည်တံ့စေရေးအတွက် ခံစားချက်ပြင်းပြရဲဝံ့စွာ ဟောပြောခဲ့ရာ အင်္ဂ လန်နိုင်ငံသူ၊ နိုင်ငံသားတွေကလည်း လက်ခံအမြင်မှန်ရခဲ့ကြပြီး အချိန်မီပြုပြင်ခဲ့ကြ၊ စာတွေကို ဖတ်ခဲ့၊ မှတ်ခဲ့ အကျိုးရှိစွာလိုက်နာကျင့်သုံးခဲ့ကြသောကြောင့် ယနေ့ဗြိတိသျှ အင်ပါယာကြီးသည် ကမ္ဘာ့ လယ်မှာ ဝင့်ထည်တင့်တယ် ဂုဏ်မြင့်ကြွယ်နေခြင်းဖြစ်သည်။

ဤသည်ကို ဆရာမြသန်းတင့်က ‘စာဖတ်ခြင်းနှင့်ကြီးမြတ်သောလူမျိုး’ ဟူ၍တင်စားညွှန်းဆိုခဲ့ခြင်း ဖြစ် သည်။

ယနေ့ကျွန်တော်တို့နိုင်ငံတွင် ကလေး၊ လူငယ်၊ လူရွယ်၊ လူကြီးအချို့ ဘာတွေလုပ်နေကြသနည်း။ စာဖတ်၊ စာမှတ်အားနည်းနေကြလို့ လွတ်လပ်ရေးဗိသုကာဖခင် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အ ကြောင်းတောင် နားလည်မှုမရှိကြဘဲ တုံးနေ၊ အနေကြသည်။ နိုင်ငံတော်မှ တာဝန်ရှိသူတွေက ကျေး ရွာပေါင်းခြောက်သောင်းကျော်ရှိသည့်အနက် စာကြည့်တိုက်ပေါင်းငါးသောင်းကျော် ဖွင့်လှစ်ပေးထား သည်။ ပုဂ္ဂလိကနှင့် အသင်းအဖွဲ့များပိုင် စာကြည့်တိုက်တွေလည်း ရှိသေးသည်။ ခရီးသွားလာကြရင်း လက်လှမ်းမီသမျှ လေ့လာဖတ်ရှုနိုင်ကြစေရန် ‘စာပေရေချမ်းစင်များ’ ကိုလည်း စီစဉ်ပေးထားကြပါ သည်။ ‘စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အကြောင်းစုံပြကာ စာမဖတ်ကြဘဲ အလဟဿအချိန်ဖြုန်းနေကြ ပါသည်။ ‘စာဖတ်မှကြီးပွား’၊ ‘စာပေမြင့်မှ လူမျိုးတင့်မည်’၊ ‘စာဖတ် စာတတ်မှ အလိမ်အညာဘေးမှ ကင်းဝေးမည်’၊ ‘လူလူချင်း၊ နိုင်ငံနိုင်ငံချင်း အောက်ကျနောက်ကျ မျက်နှာငယ်ရမည့်ဘေးမှ ကင်းဝေး မည်’ ကို သတိလစ်မေ့လျော့နေကြလေရော့သလား’ ဟု မေးလိုက်ချင်ပါသည်။ ‘ငါဟာကြီးမြတ်တဲ့လူ မျိုးထဲမှာပါသလား’ ဟု ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပြုပြင်ကြစေချင်ပါသည်။

ဤနေရာတွင် ‘ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ’ ၏သြဝါဒကို မျှဝေပေးချင်ပါသည်။

‘အပြင်မှာ အရောင်တွေလင်းနေဖို့ထက် လူတိုင်းရဲ့ရင်ထဲမှာ အသိဉာဏ်တွေ လင်းနေဖို့က ပိုပြီးအရေး ကြီးတယ်။ ကျေးရွာတစ်ရွာမှာ လျှပ်စစ်မီးလင်းရေးထက် စာကြည့်တိုက်တွေထွန်းကားဖို့ အမြန်ကြိုးစား ကြဖို့လိုတယ်။ မီးလင်းနေပေမယ့် အိပ်နေသူတွေအတွက် ဘာမျှအကျိုးမရှိနိုင်ဘူး။ စာကြည့်တိုက်ဖွင့် ထားပေမယ့် စာမဖတ်သူတွေအတွက်ကတော့ မှောင်မြဲမှောင်နေဦးမှာပဲ’ ဟု မီးမောင်းထိုးပြထားရာ ကိုယ့်ဘဝ၊ ညအလားကွယ် အမှောင်ချထားကြသူများ၊ စာမဖတ်ကြဘဲ အချိန်ဖြုန်းနေကြသူများ၊ အချိန်မီစဉ်းစားပြုပြင်ကြစေချင်ပါသည်။

စံတော်ချိန်သတင်းစာ
မေလ (၇) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...