အမှားကြောက်ရောဂါ
မျိုးဆက် တစ်ဆက်ရဲ့ စာသင်ခန်း ဆိုတာကို နောက်မျိုးဆက်တစ်ဆက်ရဲ့ အစိုးရအဖွဲ့အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိရ မယ်တဲ့။
အဲဒီစကားက အမေရိကန် သမ္မတကြီး အေဘရာဟင် လင်ကွန်းပြောသွားတယ်။ တန်ဖိုး ရှိလိုက်တဲ့ စကား။ ကျွန်တော်ဟာ လူငယ်တွေ နိုင်ငံရေး စိတ်ဝင်စားတယ်ဆိုရင် အရမ်းသဘောကျ တတ်သူဆိုတော့ သူ့စကားကို ပြန်ဆင်ခြင်မိပြီးတော့ ကိုယ့်တိုင်းပြည်အတွက် စိတ်မကောင်းဖြစ်မိတယ်။
ကျွန်တော်တို့မှာ မျိုးဆက်တစ်ဆက် မကပါဘူး။ မျိုးဆက်ပေါင်းများစွာ ဘယ်ကိုရောက်သွား ကြသလဲ။ နိုင်ငံခြားကို ကျွန်ခံဖို့ ထွက်သွားရသူတွေ၊ နိုင်ငံရေးလုပ်လို့ ထောင်ထဲရောက်နေတဲ့သူတွေ၊ လမ်းပေါ်မှာ၊ ပန်းခြံထဲမှာ၊ ဘီယာဆိုင်ထဲတွေမှာ၊ ဂိမ်းဆိုင်တွေထဲမှာ၊ အနာဂတ်ပျောက်နေတဲ့ မျိုးဆက်ပေါင်းများစွာဟာ စာသင်ခန်းထဲက ထွက်လာပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်နေကြတယ်။
ကျွန်တော်တို့ကျောင်းတွေနဲ့ ကျွန်တော်တို့ ပညာရေးစနစ်က မှားမှာကို ကြောက်စေတဲ့ ပညာရေးစနစ်ပါ။ ဒါကြောင့် မှားရင် မအောင်ဘူး၊ အမှတ်မရဘူး၊ ရှုံးမယ်လို့ သွန်သင်ထားခြင်းခံရတယ်။ ဆရာတွေနဲ့ မိဘတွေက လည်း အမှားကို ခွင့်မလွှတ်ဘူး။ ဒါကြောင့် မှားရင် အပြစ်ပေးတယ်။ ပြုပြင်ပေးဖို့ သတိမရဘူး။ မှားတာနဲ့ အပြစ် ပေးကြတော့ ကလေးတွေ မလုပ်ဝံ့ မကိုင်ဝံ့ မပြောဝံ့တော့ဘူးပေါ့။ အစိုးရကပိုဆိုးသေးတယ်။ မှားရင်ထောင်ချ မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်။
လူဆိုတာ မှားတတ်တာပဲ။ မှားပါစေ။ ဘာကြောင့်မှားရတာလဲ၊ ဒီအမှားဟာ မှားသင့်သလား၊ မမှားသင့်ဘူးလား၊ မမှားအောင် ဘယ်လို လုပ်နိုင်သလဲ။ မှားသွားလည်း ကိစ္စမရှိဘူး အမှန်ရောက်အောင် ဒီလို ပြင်နိုင်တယ်၊ အမှား ဆိုတာ အမှန်ရလာဖို့ လမ်းကြောင်းတစ်ခုပဲလို့ သွန်သင်ခြင်းမခံရတဲ့ လူ့ဘောင်အသိုင်းအ၀ိုင်းမှာ ကျွန်တော်တို့ ကလေးတွေကို ကြီးပြင်းစေရင် သူတို့မှာ အမှားကြောက်ရောဂါ စွဲကပ်သွားနိုင်တယ်။
ကလေးတစ်ယောက်ဟာ လမ်းလျှောက်တာ လဲမကျဘဲ မတတ်ဘူး။ လဲကျမှာ ကြောက်နေရင် လမ်းမလျှောက် တတ်တော့ဘူး။ လဲကျပါစေ၊ လျှောက်ပါစေ။ လဲကျတဲ့ကလေးကို သွားပြေးပြီး ထူပေးမယ့်အစား
"လာ .. ဒီရောက်အောင်လာခဲ့ .. ဖေဖေ ထူပေးမယ်" ဆိုတာများ ပြောဖူးကြရဲ့လား။
၁၅.၅.၂၀၁၅

https://www.facebook.com/tin.nyunt.338?fref=nf
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+