ရွှေတောင်ခေါက်ဆွဲ (၉ ပွဲ)

မြို့နာမည်ပါတဲ့ အစား အစာတွေကို ချက်တိုင်း အဲ့ဒီက မြို့သူ၊ မြို့သားတွေလို့ ယူဆ ရသူများက အဲ့ဒီလို ချက်တာ မဟုတ်ဘူး၊ မသိပဲနဲ့မချက်နဲ့လို့ အများအားဖြင့် ပြောတတ် ကြပါတယ်။ အစားအစာ တိုင်းကို အဲ့ဒီမြို့၊ အဲ့ဒီနိုင်ငံမှာ သွားစား၊ အဲ့ဒီချက် နည်းများကို ထွင်ခဲ့တဲ့ သူများကို မေးပြီးမှ ချက်ထား တာ မဟုတ်လို့ မတူဘူးလို့ ယူဆသူများ မိမိကြိုက်နှစ်သက်ရာ နည်းနဲ့ ချက်နိုင် ပါတယ်ရှင်။

***... ရွှေတောင်ခေါက်ဆွဲ တစ်ပွဲစာပြင်ဖို့ အတွက် လိုအပ် တာလေးတွေ…

1. ဂျုံခေါက်ဆွဲ – 1 cup (250 mL)ခန့်
2. ဂျုံခေါက်ဆွဲအကြွပ်ကြော် – ထမင်းစားဇွန်း ၁ ဇွန်းခန့်
3. ကြက်အရည် ဆမ်းဟင်း – 1/2 cup (125 ml)ခန့် (ဆီများဝေ့နေသည့်အတွက် ဟင်းရည်ကို မွှေပြီးမှထည့်ပါ။)
4. အုန်းနို့ဆီချက် – ထမင်းစားဇွန်း တစ်ဝက် (သို့) ထမင်းစားဇွန်း ၁ ဇွန်း
5. ကုလားပဲလှော်မှုန့် – ထမင်းစားဇွန်း တစ်ဝက်ခန့်
6. ပါးပါးလှီးကာရေဆေးထားသော ကြက်သွန်နီ – ထမင်းစားဇွန်း ၁ ဇွန်းခန့်
7. ပါးပါးလှီးထားသော ကြက်သွန်ပင် – အနည်းငယ်
8. သံပုရာသီး – ကြိုက်နှစ်သက်သလောက်
9. ငရုတ်သီးဆီကြော် – ကြိုက်နှစ်သက်သလောက်

***... ခေါက်ဆွဲလေး ပြုတ်ရအောင်…..

ဂျုံခေါက်ဆွဲခြောက် – တစ်ထုပ် နှင့် ၄ ပုံ ၁ ပုံ (470 g) ကို ပျော့သွားအောင်ပြုတ်ပြီး ရေအေးဖြင့်ဆေး ကာ၊ ရေပြန်စစ်ပြီးလျှင် အသုံးပြုရန်အတွက် ခေါက်ဆွဲ အသင့်ဖြစ်ပါပြီ။ (ခေါက်ဆွဲခြောက် မသုံးသူ များ ပြုတ်ရန် မလိုပါ။)

***... ခေါက်ဆွဲ အကြွပ်ကြော်လေး ကြော်ရအောင်….

ရေစစ်ပြီးသည့်ခေါက်ဆွဲများမှ 1 cup (250 mL)ခန့်ကို အတော်လေး ပူနေသည့် ဆီ (ဆီသန့်သန့်ဖြင့်ကြော် မှ ခေါက်ဆွဲကြွပ်ပါတယ်) ထဲထည့်ကြော်ပြီး နှစ်ဖက်လုံး ရွှေဝါရောင်ဖြစ်ကာကြွပ်လာလျှင် ဆယ်ပြီး ဆီစစ်ထားပါ။
(ခေါက်ဆွဲထည့်ချ လိုက်လျှင် ဆီများ လျှံထွက်လာတတ်သဖြင့် ဇောက်နက်သော အိုးကို သုံးပြီး ကြော်ပေးပါ။)

***... ကြက်အရည် ဆမ်းဟင်း ချက်ဖို့အတွက် လိုအပ်တာလေးတွေ…

1. ကြက်ရင်ပုံသား - 500 g (၃၂ ကျပ်သားခွဲခန့်)
2. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
3. ဆီ – 1/2 cup (125 ml)
4. ပါးပါးသေးသေးလှီးထားသော ကြက်သွန်နီ – 2 cups (500 ml)
5. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်
6. အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
7. ငါးငံပြာရည် – 1/2 cup (120 ml)
8. အရသာမှုန့် – လက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့် (ငါးငံပြာရည်ပါသဖြင့် ချင့်ခိျန်ထည့်ပေးပါ။)
9. ရေနွေး – 3 1/2 cups (875 ml)

***... ကြက်အရည်ဆမ်းဟင်းလေး ချက်ရအောင်…

လက်တစ်ဆစ်ခန့် အတုံးလေးများလှီးထားသော ကြက်ရင်ပုံသားကို ဆား ဖြင့်နယ်ထားပါ။

ဆီ ထဲထည့်ကြော်ထားသော ကြက်သွန်နီ ရွှေဝါညိုရောင်ပြောင်းလာလျှင် နနွင်းမှုန့် နှင့် ရောင်တင်မှုန့်ကို ထည့်ကာ ၄၊၅ ချက်မွှေကြော်ပေးပါ။

ပြီးလျှင် ငါးငံပြာရည်ထည့်ကာ အနည်းငယ်မွှေကြော်ပြီးလျှင် ကြက်သား နှင့် အရသာမှုန့်ထည့်၍ ၈ မိနစ် ခန့် မွှေကြော်ပါ။

ပြီးနောက် ရေနွေးထည့်ကာ အိုးအဖုံး ဖုံးပြီး medium heat ဖြင့် ၁၀ မိနစ်ခန့် တည်ကာ အပေါ့ အငံမြည်းပြီးလျှင် ရွှေတောင်ခေါက်ဆွဲအတွက် ကြက်အရည် ဆမ်းဟင်း အသင့်ဖြစ်ပါပြီ။

***... အုန်းနို့ဆီချက်လေး ချက်ရအောင် …

1. အုန်းနို့ (creamy coconut) – တစ်ဗူး (560 ml )

coconut milk ဗူး ကိုသုံးပြီး ဆီချက် ချက်လျှင် အုန်းဆီအနှစ် အရနည်းသဖြင့် creamy coconut ဗူး ကို သုံးပေးပါ။

အုန်းနို့ကို medium heat ဖြင့် မိနစ် ၄၀ ခန့် အနည်းငယ်မွှေပြီး ကျိုပေးပါ။ (သုံးသည့်အုန်းနို့ အနည်းအများ နှင့် အမျိုးအစား ပေါ်မူတည်ပြီး အချိန်အတိုးအလျှော့ ရှိပါတယ်။)

ဆီ နှင့် အဖတ်များလုံးဝကွဲထွက်သွားလျှင် အုန်းနို့ဆီချက်လေး အသုံးပြုရန် အသင့်ဖြစ်ပြီမို့ မီးဖိုမှဖယ်ပေးပါ။

အားလုံးချက်ပြီးနောက် တစ်ပွဲစာပြန်ရန်လိုအပ်သည်များကို ဇောက်နက်သော ပန်းကန်ပြားထဲ လှလှပပ ထည့်ကာ ရွှေတောင်ခေါက်ဆွဲကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...