နည်းပညာမြင့် ကားများကြောင့် ယာဉ်မောင်းများ ကိုယ်စွမ်းကိုယ်စ ယုတ်လျော့လာ
သမန်းကျား
နည်းပညာမြင့် ကားတွေ ပေါ်လာတဲ့ ခေတ်ကြီးမှာ ကားတွေက မောင်းရတာ ပိုလွယ် လာသလို ယာဉ်မောင်းကို အာရုံ ထွေပြားစေမယ့် ပစ္စည်း ကိရိယာတွေ ကလည်း ကားထဲမှာ ပေါများလှ ပါ တယ်။ အော်တို ဂီယာခေတ် ထွန်းကားလာ တဲ့ နောက် စီယာတိုင် ကိုင်တတ်၊ လီဘာနင်းတတ်၊ ဘရိတ် နင်းတတ်ရုံနဲ့  ကားတက်မောင်းနေ သူတွေ ရှိလာပါတယ်။
ဗယ် ဘက်လက်က ဖုန်းတကိုင်ကိုင်နဲ့  မျက်လုံးက GPS ကိုကြည့်နေပြီး နားက သီချင်းကို အကျယ်ကြီးဖွင့် နားထောင်နေကြတဲ့သူတို့ ဟာ အဲယားကွန်း ဖွင့်ထားလို့ ဆိုပြီး မှန်ကိုလည်း အလုံတင်ပြီး ပိတ်ထားပါသေး တယ်။ သူတို့ ရဲ့ နား၊ မျက်စိ၊ အာရုံ တွေဟာ ကားထဲမှာလည်း မရှိ၊ လမ်းပေါ်မှာလည်း မရှိပါဘူး။
လမ်းတွေကိုလည်း ကောင်းသည် ထက်ကောင်းအောင် ပြုပြင်ထားတော့ ဖြူးအိနေတဲ့ လမ်းပေါ်မှာ တင်းဖောင်းနေတဲ့ တာယာပြားကြီး တွေက အားကောင်းလှတဲ့ အင်ဂျင် တွန်းအားကြောင့် ရွှီးခနဲ၊၀ှစ်ခနဲ သွားနေကြပုံများ သဘောကျစရာကောင်းသလို စိုးရိမ်စရာလည်း ကောင်း နေပါတယ်။ အနောက်နိုင်ငံတွေ မှာတော့ GPS ကိုအားကိုးလို့  တစ်ဖက်ပိတ်လမ်းထဲ ၀င်သွားကြသူတွေ၊ တံတားမရှိတဲ့ မြစ်ကမ်းပါးရောက် သွား သူတွေ တဖြည်းဖြည်း များလာပါတယ်။ Apple ရဲ့  Maps Application ဟာ လုံးဝကြီး စိတ်မချရသလို စမတ်ဖုန်း တက်ဘလက် GPS တွေကလည်း အလွဲလွဲအချော်ချော် ပြခဲ့ကြတဲ့ အကြိမ်ရေတွေ မနဲလှပါဘူး။
နည်းပညာ အားကိုးလာကြတဲ့နောက်ပိုင်း ကားမောင်းစွမ်းရည် ကျဆင်းလာသလို ယာဉ်၊ စက်၊ လမ်း အကြောင်း ဗဟုသုတလည်း နည်းပါးလာကြပြီး လူသားသဘာဝ လမ်းကြောင်းရှာဖွေ မှတ်သားနည်းကို လည်း ပျိုးထောင်လေ့ကျင့် ကြတာမျိုး မရှိသလောက် နဲပါးလာပြီဖြစ်တဲ့ အတွက် နည်းပညာမှ မရှိရင် လူငယ်တွေဟာ ကြောင်စီစီနဲ့  ရပ်နေကြမယ့် အခြေအနေကို ရောက်ရှိနေပါတယ်။
ကားထုတ်လုပ်သူတွေက ပါဝါစီယာတိုင် တပ်ပေးကြတယ်။ အလိုအလျောက် အရှိန်ချိန်ညှိမောင်းနှင်ပေးတဲ့ ခရူဇာ တပ်ပေးကြတယ်။ မိုးစိုစို၊နှင်းရွှဲရွှဲ၊ ဖုန်ကပ်ကပ်၊ ရွှံ့ လူးလူး ကျွီခနဲမိမယ့် ဘရိတ်မျိုး တပ်ပေးကြတယ်၊ ဒါ့အပြင် ဘရိတ် နင်းလိုက်တဲ့အခါ ကားဗယ်၊ ညာလူးမသွားအောင်၊ တစ်ပတ် လည်မသွားအောင် အီလက် ထရောနစ် တည်ငြိမ်မှုထိန်း စနစ်ပါ ထည့်ပေးလိုက်သေးတယ်။
ကားဒက်ရှ်ဘုတ် ဆိုတာကလည်း လေယာဉ်ပျံတစ်စီးရဲ့ ထိန်းချုပ်ခန်းလောက် နီးနီး ခလုပ်နဲ့ ဒိုင်ခွက်မျိုးစုံ ပါတယ်။ အင်ဂျင်ဆိုတာကလည်း Aerodynamic စနစ်ကိုသုံးထားတာဖြစ်တဲ့အတွက် လီဗာကို တို့ ထိ လိုက်ရုံနဲ့  ကားက ရွှီခနဲပဲ။ ထိုင်ခုံကလည်း ဇိမ်ခံထိုင်ခုံဆိုတော့ အခုနောက်ပိုင်း ထုတ်လိုက်တဲ့ ကားတွေဟာ တစ်ချိန်က အာကာသယာဉ်တွေ ထက်တောင် ပိုအဆင့်မြင့်ပြီး ဇိမ်ခံလို့ ကောင်းနေတာ အမှန်ပါပဲ။
ဒါပေမယ့် အာကာသယာဉ်တွေက တစ်စီးတည်း လေဟာပြင်ထဲကို သွားတာပါ။ ကားတွေကတော့ အခြား မော် တော်ယာဉ်တွေ၊ လူတွေ ဥဒဟိုသွားလာနေတဲ့ လမ်းတွေပေါ်ကို သွားရတာပါ။
ဒီကားတွေက လမ်းပေါ်လည်း အန္တရယ်ကင်းအောင်တော့ လုပ်ပေးပါတယ်။ ရှေ့ ကား၊နောက်ကား အကွာ အဝေး၊ အရှိန်ထိန်းချုပ်မှု၊ အလိုအလျောက် ဘရိတ်စနစ်၊ ယာဉ်မောင်း အိပ်ငိုက်ရင် အချက်ပေးစနစ်တွေနဲ့  နည်းပညာက လုပ်စရာရှိတာ အကုန်လုပ်ပေး ထားပါတယ်။ ဒါပေမယ့် လူတွေက နည်းပညာပေါ် အားကိုး လွန်းလာတဲ့အတွက် ကားရဲ့ ရှေ့ နောက် ဘေးဘီ ၀ဲယာတွေမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို လေ့လာမှု အားနဲလာပါတယ်။ ကောင် လေးတွေ ကားပေါ်မှာ ကောင်မလေးပါလာရင် ကုန်ရောပဲ။
မိန်းကလေးများကလည်း နောက်ကြည့်မှန် ပေါ်မှာ ဘာတွေချိတ်ထားမှန်းမသိ၊ နောက်ကိုကောင်းကောင်း မမြင်ရသလို ဒက်ရှ်ဘုတ်ပေါ်မှာ အမွှေးပွတဘက်၊ အဲဒီအပေါ် မှာ ရေမွှေးပုလင်း၊ အရုပ်တွေ၊ သူတို့ ရဲ့  လက်ကိုင်အိတ်၊ ဖုန်းနဲ့  အိမ်ပြန်ရောက်ရင် စားဖို့  မုန့် တွေ တင်ထားလိုက်ရင် များ ရှေ့ လည်းမမြင် ရ၊ နောက် လည်းမမြင်ရ၊ ကားမှန်တွေကို စတစ်ကာ မည်းနေအောင် ကပ်ထားတော့ ဘေးလည်း မမြင်ရ၊ ဒီလိုလူ ဒီလိုကားတွေ လမ်းပေါ်မှာ တဖြည်းဖြည်း များလာတဲ့အတွက် ယာဉ်၊ လမ်းအန္တရယ်ဟာ တစ်နေ့  တခြား တိုးလာနေပါတယ်။
လေ့လာသင်ယူမှုအားနဲလာခြင်း။ ကားဒက်ရှ်ဘုတ်က ခလုပ်တွေ၊ ဒိုင်ခွက်တွေ အားလုံးကို ကြည့်နေရင်း ကားကို အန္တရယ်ကင်းစွာ မောင်းနှင်ဖို့  မဖြစ်နိုင်သလို ခရူဇာဖွင့်ထားပြီး ပြန်ဖြုတ်ဖို့ မေ့ကြလို့  အသည်း အသန်ဘရိတ်အုပ် ရပ်တန့် ရတဲ့ ကားတွေလည်း မနဲလှပါဘူး။ GPS ကြောင့် ဒုက္ခရောက်ကြတာ ပိုများပါတယ်။ ၂၀၀၈ ခုနှစ်မှာ UK သတင်းစာ The Mirror က စစ်တမ်းကောက်ယူ ခဲ့ရာမှာ GPS ပြ တဲ့ နောက် လိုက်မောင်းပြီး နောက်ကား၊ ရှေ့ ကား ကို သတိမထားမိဘဲ ရုတ်တရက် ချိုးကွေ့ မိလို့  ယာဉ် မတော်တဆဖြစ်ရသူ ဦးရေ ၁ ဒသမ ၅ သန်း ရှိခဲ့ပါတယ်။ GPS မောင်းခိုင်းတိုင်း လိုက်မောင်းမိလို့  တစ်ဖက်ပိတ်လမ်းတွေ၊ လမ်းကျဉ်းတွေ၊ တံတားမရှိမြစ်တွေကို ရောက်သွားပြီး ခက်ခက်ခဲခဲပြန်လှည့်ရသူ ဦးရေဟာလည်း ၃ သိန်းထက်မနဲ ရှိခဲ့ပါတယ်။
တစ်ခါ GPS အိမ်မှာ ကျန်ခဲ့လို့ ဖြစ်စေ၊ ဘက်ထရီ အားကုန်သွားလို့ ဖြစ်စေ အသုံးပြုမရတော့တဲ့ အခါ ယာဉ်မောင်း တွေဟာ နေ့ တိုင်းသွားနေကျ လမ်းကိုတောင် ဖြောင့်အောင် မသွားနိုင်ကြတော့ ပါဘူး။ ဂါထာတစ်ပုဒ်ကို နေ့ တိုင်း ကြည့်ဖတ်တဲ့လူဟာ ကာလရှည်ကြာ လာလည်း အဲဒီဂါထာကို အလွတ်မရွတ်နိုင် သလိုပါပဲ။ စာအုပ်ကိုပဲအားကိုး တော့ ဦးနှောက်က လိုက်မမှတ်တော့တာပါ။ ဒီလိုပါပဲ။ GPS ပြတဲ့အတိုင်းပဲ လိုက်မောင်းနေတော့ ကိုယ်ကိုယ်တိုင် မောင်းရတော့မယ်ဆိုရင် ကြောင်စီစီဖြစ်လာကြပြန်ပါတယ်။
ဦးနှောက်က မြို့ ပြရဲ့  ပထ၀ီမြေမျက်နှာသွင်ပြင်နဲ့  လမ်း၊ အဆောက်အဦး အမှတ်အသားတွေကို မှတ်မ ထားတော့ပါဘူး။
နည်းပညာကို လွန်ကဲစွာ မှီခိုလျင် ဦးနှောက် စွမ်းရည်ကျဆင်း။
အထူးသဖြင့် ဂြိုလ်တုလမ်းပြစနစ်အပေါ် မှီခိုလွန်း အားကြီးလာတော့ ဦးနှောက်ရဲ့ သဘာဝ လမ်းကြောင်း ရှာ၊နေရာ မှတ်စွမ်းရည်ကို သိသာစွာ ကျဆင်းစေပါတယ်။ လူတွေဟာ သူတို့ သွားခဲ့တဲ့နေရာကို ဘယ် လိုပြန်သွား ရမယ်ဆိုတာ လမ်းမညွှန်နိုင်ကြတော့သလို အရင်လို မြေပုံ လေးဖတ်လိုက်၊ လူတွေကိုမေးလိုက် နဲ့ လည်း ခရီးရောက်အောင် မသွားတတ်ကြတော့ ပါဘူး။
လူ့ ခန္ဓာကိုယ်က လိုတာကိုပဲလုပ်ပါတယ်။ မသုံးတာကြာရင် အဲဒီအင်္ဂါအစိတ်အပိုင်းကို ဦးနှောက်က လှုံ့ ဆော်ပေးမှု လည်း နဲသွားပါတယ်။ အရင်က မြေပုံညွှန်းတွေဖတ်၊ လူတွေကိုမေးပြီး သွားရလာရတော့ ဦးနှောက်က သတင်း အချက်အလက်တွေကို လိုက်လံ မှတ်သားရပါတယ်။ ဒီတော့ လူတွေ မှတ်ဥာဏ်ကောင်းနေ ကြတာပေါ့။ အခု GPS က ပြောတာကို လိုက်မောင်းနေရုံပဲ ဆိုတော့ မှတ်လည်း အပိုပဲလေ။ ဒီတော့ မှတ်ဥာဏ်ပိုင်းတွေလည်း အားနဲလာကြတာ ပေါ့ လို့  ဂျာမနီနိုင်ငံ ဖရေးဘတ် တက္ကသိုလ်က သင်ယူမှတ်သားခြင်းဆိုင်ရာ သုတေသီတစ်ဦးက ပြောပြပါတယ်။
နည်းပညာကို အသုံးချပါ။ အားကိုးမှု လွန်ကဲတာမျိုး မဖြစ်ပါစေနဲ့ ။ ကားကုမ္ပဏီတွေကတော့ ကားတွေကို ဒီထက် ကောင်းအောင်၊ လူပိုသက်သာအောင် ထုတ်လုပ်နေကြမှာပါ။ လူတွေကသာ နည်းပညာကို လုံးဝကြီး အားမကိုးဘဲ ကိုယ်စွမ်း ကိုယ်စတွေကိုလည်း ထုတ်ဖော်အသုံးချလို့  အများပြည်သူသုံး လမ်းမ ကြီးတွေမှာ ကိုယ်တွေရော သူများ တွေပါ ဘေးအန္တရယ် ကင်းစေနိုင်ဖို့  ဂရုပြုဆောင်ရွက်သင့် တယ် လို့  လေ့လာရေးသား တင်ပြလိုက်ရပါတယ်။
Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+