လူမှုရေးရာ...

*** သင် တစ်စုံတစ်ယောက်ကို ဖုန်းခေါ်လို့ မကိုင်ရင် နှစ်ကြိမ်ထက်ပိုပြီး မခေါ်ပါနဲ့။ သူ့မှာ တစ်ခြားအရေးကြီးတဲ့ အကြောင်းကိစ္စတစ်ခုခု ရှိနေတယ်လို့ ယူဆပါ...။

*** သင် ချေးထားတဲ့ ငွေကို တစ်ဘက်လူက သတိမရခင် ပြန်ဆပ်ပါ။ ဒါဟာ သင့်ရဲ့ သမာဓိနှင့်ကိုယ်ကျင့်သိက္ခာကို ပြသတာဖြစ်ပါတယ်။ ထီး၊ ဘောပင်၊ စာအုပ် စတဲ့ ပစ္စည်းတွေ ငှားရမ်းရာမှာလည်း ထိုနည်းတူပင် ဖြစ်ပါတယ်...။

*** တစ်စုံတစ်ယောက်က သင့်ကို နေ့လည်စာ/ ညစာ စားဖို့ ဖိတ်ခေါ်ရင် ဈေးကြီးတဲ့ အစားသောက်တွေကို ဘယ်တော့မှ မမှာပါနဲ့။ ဖြစ်နိုင်ရင် သူတို့ နှစ်သက်ရာ အစားအစာတွေကိုသာ ရွေးချယ် မှာယူဖို့ ပြောပါ...။

*** တစ်စုံတစ်ယောက်ကို တွေ့ရင် "လက်မထပ်သေးဘူးလား?" "ကလေး မရှိဘူးလား?" "ဘာလို့ အိမ်မဝယ်သေးတာလဲ?" "ဘာဖြစ်လို့ ကားမရှိတာလဲ?" စသဖြင့် အဆင်မပြေတဲ့ မေးခွန်းတွေကို မမေးပါနဲ့...။

*** သင့်နောက်က လာသူတွေအတွက် အမြဲ တံခါးဖွင့်ပေးပါ။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ အသက်ကြီးသူဖြစ်ဖြစ်၊ အသက်ငယ်သူဖြစ်ဖြစ် အရေးမကြီးပါ။ လူကြားထဲ တစ်စုံတစ်ယောက်ကို ကောင်းမွန်စွာ ဆက်ဆံလိုက်လို့ သင့်အနေနဲ့ ဘာမှဆုတ်လျော့ မသွားပါဘူး...။

*** သင်က သူငယ်ချင်းတစ်ယောက်နဲ့ တက္ကစီအတူတူ ငှားစီးတဲ့အခါ တက္ကစီခကို ယခု သူပေးတယ်ဆိုလျှင် နောက်တစ်ကြိမ် သင်က ပေးချေဖို့ ကြိုးစားပါ...။

*** မတူကွဲပြားတဲ့ သူ့အမြင် ကိုယ့်အမြင်တွေကို လေးစားပါ။ သင့်ဘက်က မြင်ရတဲ့ 6 ဟာ တစ်ဘက်လူအတွက် 9 ဖြစ်နေပါလိမ့်မယ်...။

*** တစ်စုံတစ်ယောက် စကားပြောနေချိန် ကြားဖြတ်ပြီး ဝင်မပြောပါနဲ့။ သူ့စကားဆုံးအောင် ပြောခွင့်ပြုပါ။ ပြောသမျှအားလုံးကို နားထောင်ပြီး စိစစ်သုံးသပ်ပါ...။

*** သင်က တစ်စုံတစ်ယောက်ကို စနောက်တယ် ဆိုပါစို့။ သူ့အနေနဲ့ သဘောကျပုံ မပေါ်ဘူးဆိုရင် စနောက်တာကို ရပ်လိုက်ပါ။ နောက်နောင်လည်း ဘယ်တော့မှ ထပ်မလုပ်ပါနဲ့။ ဒါဆိုရင် သင့်အနေနဲ့ သူ့ကို မည်မျှတန်ဖိုးထား လေးစားကြောင်း ပြသလိုက်တာဖြစ်ပါတယ်...။

*** တစ်စုံတစ်ယောက်က သင့်ကို အကူအညီပေးရင် ကျေးဇူးတင်စကား ပြောဖို့ ဝန်မလေးပါနဲ့...။

*** ချီးမွမ်းစရာရှိရင် လူသိရှင်ကြား ချီးမွမ်းပါ။ ဝေဖန်စရာရှိရင်တော့ နှစ်ကိုယ်ကြား ပြောဆိုဝေဖန်ပါ...။

*** တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစား (ပိန်ခြင်း၊ ဝခြင်း) အပေါ် မှတ်ချက်တစ်စုံတစ်ရာ မပေးပါနဲ့။ ကာယကံရှင်က စပြီးပြောဆိုမယ်ဆိုရင် ပြောပါစေ...။

*** သင့်ကို တစ်စုံတစ်ယောက်က ဖုန်းထဲမှာဓာတ်ပုံပြတဲ့အခါ ပြတဲ့ပုံကိုသာ ကြည့်ပါ။ ဖုန်း screen ကို ဘယ်ညာ လိုက်မပွတ်ပါနဲ့။ သင့်ကို မမြင်စေချင်တဲ့ ပုံတွေ ရှိနေနိုင်လို့ပါ...။

*** သင့်လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးက ဆရာ၀န်နဲ့ ချိန်းဆိုမှုတစ်ခု လုပ်ထားတယ်လို့ သင့်ကို ပြောလာရင် "ကျန်းမာရေး ဂရုစိုက်ပါ" "အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်" လို့သာ ပြောလိုက်ပါ။ "ဘာဖြစ်လိုလဲ?" "ဘာအတွက်လဲ?" မမေးပါနဲ့။ ရောဂါအကြောင်းတွေကို မေးပြီး သူတို့ကို စိတ်မသက်မသာဖြစ်စေအောင် မလုပ်ပါနဲ့။ သင့်ကို သိစေချင်တယ်ဆိုရင် သင်မမေးလည်း သူတို့ဘာသာ ပြောပါလိမ့်မယ်...။

*** သန့်ရှင်းရေး အလုပ်သမားတွေကိုလည်း စီအီးအိုတစ်ယောက်ကို ဆက်ဆံသလို လေးစားစွာ ဆက်ဆံပါ။ သင့်ထက်နိမ့်ကျတဲ့ သူတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံပြလိုက်လို့လည်း သင့်ကို ဘယ်သူမှ အထင်မကြီးပါ။ ဒါပေမယ့် သူတို့ကိုလေးလေးစားစား ဆက်ဆံလိုက်မယ်ဆိုရင် လူအများက သင့်ကို သတိပြုမိပြီး လေးစားလာကြပါလိမ့်မယ်...။

*** တစ်စုံတစ်ယောက်က သင့်ကို ကြည့်ပြီး စကားပြောနေချိန် သင်က ဖုန်းကိုပဲ အာရုံစိုက်နေမယ်ဆိုရင် ရိုင်းစိုင်းရာ ရောက်ပါတယ်...။

*** သင့်ရဲ့အကြံဉာဏ်ကို တစ်စုံတစ်ယောက်က မတောင်းဘဲနဲ့ မပေးပါနဲ့...။

*** အချိန်ကြာမြင့်စွာ အဆက်အသွယ်ပြတ်နေတဲ့ တစ်စုံတစ်ယောက်ကို ပြန်တွေ့တဲ့အခါ (သူ့အနေနဲ့ အဲဒီအကြောင်းတွေကို ပြောဖို့လည်း ဆန္ဒမရှိဘူးဆိုရင်) အသက်အရွယ်နဲ့ လစာတွေကို မမေးပါနဲ့...။

*** ကိစ္စတစ်ခုဟာ သင်နဲ့ တိုက်ရိုက် မပတ်သက်ဘူးဆိုရင် သင့်အလုပ်သာ သင်လုပ်နေပါ။ ခပ်ခွာခွာသာ နေပါ...။

*** လမ်းပေါ်မှာ တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့အခါ သင့်နေကာမျက်မှန်ကို ချွတ်ထားပါ။ ဒါဟာ လေးစားမှုပြတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ မျက်လုံးချင်း ဆက်သွယ်မှုဟာ စကားပြောဆိုသလိုပဲ အရေးပါတယ်ဆိုတာ အမှတ်ရပါ...။

*** သင့်ရဲ့ စည်းစိမ်ဥစ္စာအကြောင်း၊ သင့်ရဲ့ ချမ်းသာကြွယ်ဝမှု အကြောင်းတွေကို ဆင်းရဲသားတွေရှေ့မှာ ဘယ်တော့မှ မပြောပါနဲ့။ အလားတူပဲ ကလေးမရနိုင်တဲ့ မိခင်တစ်ယောက်ရှေ့မှာ သင်ရဲ့ ကလေးတွေအကြောင်း မပြောပါနဲ့...။



Peace ✌️

✌️

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...