ဘာကြောင့် စစ်ပွဲတွေ ဖြစ်နေရတာလဲ...?

ပထမဦးဆုံး ကောလိပ်ကျောင်း စတက်ခဲ့တဲ့ တစ်ရက်ကပေါ့...။ ကျွန်မဟာ စိုးရိမ်စိတ်တွေ၊ ကြောက်ရွံ့စိတ်တွေနဲ့ ထုံလွှမ်းနေခဲ့တယ်။ အတန်းထဲမှာ ကျွန်မနဲ့သိတဲ့ သူငယ်ချင်းဆိုလို့ တစ်ယောက်မှ မရှိခဲ့ဘူး။ ကျွန်မကို ဘယ်သူမှ ဂရုမစိုက်ဘူးလို့လည်း ခံစားခဲ့ရတယ်။

ဆရာက ပို့ချနေတဲ့ သင်ခန်းစာအားလုံးကို စိုးရိမ်စိတ်တွေနဲ့ နားထောင်ခဲ့ပြီး နေ့လည်စာ စားဖို့အတွက်ပဲ ကျွန်မ စိတ်လောနေခဲ့တယ်။ မကြာခင်မှာပဲ နေ့လည်စာစားဖို့ ကျောင်းဆင်းခေါင်းလောင်း မြည်လာတယ်။ ဒါဟာ ကျွန်မအတွက် မိတ်ဆွေသစ်တွေနဲ့ စကားပြောပြီး ပျော်ရွှင်ဖို့ အချိန်ဖြစ်တယ်လို့ ယူဆခဲ့တယ်။

နေ့လည်စာ စားနေချိန် ခေါင်းမှာ ဟီဂျဗ် (Hijab) ဝတ်ဆင်ထားတဲ့ သူငယ်ချင်း အသစ်တစ်ယောက်နဲ့ ကျွန်မ ဆုံတွေ့ခဲ့တယ်။ ကျွန်မက ဂျူးလူမျိုးတစ်ယောက် ဖြစ်ပေမယ့် ကျွန်မတို့နှစ်ဦးအကြား ဆက်ဆံရေးက အဆင်ပြေပါတယ်။ သူမက “ကျွန်မတို့နဲ့အတူ လာစားပါ..." လို့ ဆိုပြီး တံခါးနားမှာရှိတဲ့ စားပွဲတစ်လုံးကို ညွှန်ပြပြီး ကျွန်မကို ဖိတ်ခေါ်ခဲ့တယ်။ ကျွန်မ အရမ်းစိတ်သက်သာရာ ရသွားတယ်။

ကျွန်မလည်း သူတို့အတူ သွားစားဖို့ သဘောတူလိုက်တယ်။ ဒါနဲ့ ကျွန်မ ထမင်းပန်းကန်ကို ယူပြီး သွားမလို့ပြင်နေတုန်း စကတ်ရှည်ရှည်ဝတ်ထားတဲ့ အရပ်မြင့်မြင့် မိန်းကလေးတစ်ဦးက “ ဟေး...! ကျွန်မ ရှင့်ကို ဘတ်စ်ကားပေါ်မှာ တွေ့ခဲ့တယ်... ရှင့်လည်မှာ ဂျူးကြယ်ပွင့် လည်ဆွဲကို ဆွဲထားတာ ကျွန်မမြင်တယ်... ကျွန်မတို့နဲ့ပဲ လာထိုင်သင့်တယ်...” ဆိုပြီး ကျွန်မကို ပြောလိုက်တယ်။

အဲဒီအချိန် ထမင်းစားခန်းထဲကို ကျွန်မ လှည့်ပတ် ကြည့်လိုက်တယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက ကျောင်းသား/သူတွေဟာ သူတို့အုပ်စုနဲ့သူတို့ တသီးတစ်ခြားစီ ခွဲပြီး နေနေကြတာကို ကျွန်မ သတိပြုမိလိုက်တယ်။ ကျွန်မ အရမ်းအံ့အားသင့်သွားတယ်။ ဒါတွေဟာ ကျွန်မ ကိုယ်ပိုင်မျက်လုံးတွေနဲ့ တပ်အပ်မြင်ခဲ့ရတဲ့ အရာတွေပဲ။

စပိန်တွေကလည် စပိန်အချင်းချင်း၊ ဟိန္ဒူတွေကလည်း ဟိန္ဒူအချင်းချင်း၊ ရုရှားတွေကလည်း ရုရှားအချင်းချင်း၊ အာရပ်တွေကလည်း အာရပ်အချင်းချင်း အမျိုးတူရာစုပြီး ထိုင်နေကြတယ်။

အာရပ်တွေကရော ဂျူးတွေနဲ့ အတူထိုင်လို့မရဘူးလား...? စပိန်တွေကရော ရုရှားတွေနဲ့ အတူထိုင်လို့ မရဘူးလား?

ကမ္ဘာမှာ စစ်ပွဲတွေ စတင်ရတဲ့ အကြောင်းရင်းကို ကျွန်မ ရှာတွေခဲ့တယ်။ လူတိုင်းလူတိုင်းဟာ လူမျိုးစွဲ၊ ဘာသာစွဲ၊ အယူဝါဒစွဲတွေ အမြစ်တွယ်နေကြတယ်။ နေ့လည်စာစားတဲ့ အခန်းကြီဟာ ကမ္ဘာ့မြေပုံတစ်ခု ဖြစ်နေခဲ့တယ်။ ဘာဖြစ်လို့ ဒီလောက် အမြင်တွေ ကျဉ်းမြောင်းနေရတာလဲပေါ့။

ဒီလိုနဲ့ ကျွန်မလည်း ဂျူးမိန်းကလေးရဲ့ စကားကို ပယ်ချလိုက်တယ်။ ဒီနောက် ကျွန်မကို ပထမဆုံး ဖိတ်ခေါ်ခဲ့တဲ့ ဟီဂျဗ် (Hijab) ဝတ်ဆင်ထားတဲ့ မိန်းကလေးနဲ့အတူ သွားထိုင်ခဲ့တယ်။ ကျွန်မ ဘယ်သူ့အပေါ်မှာမှ မလိုမုန်းထားစိတ် မရှိခဲ့ဘူး။ ကျွန်မ ဒီလို မတူကွဲပြားတဲ့သူတွေနဲ့ အတူထိုင်လိုက်ခြင်းဟာ ကမ္ဘာကြီးနှစ်ခုအကြား မေတ္တာ ပေါင်းကူးတံတားတစ်ခု တည်ဆောက်ပေးလိုက်တာပဲ ဖြစ်တယ်။ အားလုံးကလည်း ကျွန်မလိုပဲ ထပ်တူပြုကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်....။

_Sharon Fleischer


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...