လာမကျောနဲ့...
ဆေးဝန်ထမ်းဘဝကနေ သက်ပြည့်ပင်စင် ယူလိုက်သည့် ဆရာဝန်ကြီးတစ်ဦးသည် အငြိမ်းစားဘဝကို ငြီးငွေ့လာသည့်အတွက် ဆေးခန်းတစ်ခန်းဖွင့်ရန် ဆုံးဖြတ်လိုက်သည်။
သူက ဆေးခန်းအပြင်ဘက်မှာ အောက်ပါအတိုင်း ရေးထားသည့် ဆိုင်းဘုတ်တစ်ခုကို ထောင်ထားလိုက်သည်။
'ဆေးတစ်ခါကုသလျှင် ဒေါ်လာ ၅၀၀၊ ကုသ၍ မပျောက်ကင်းလျှင် ဒေါ်လာ ၁,၀၀၀ ပြန်အမ်းမည်...'
တစ်နေ့ လူငယ်ဆရာဝန် တစ်ယောက်က ဒီဆရာဝန်ကြီးဟာ ဆေးဝါးအကြောင်း နားမလည်တဲ့အတွက် သူ့ဆီက ဒေါ်လာ ၁,၀၀၀ ရဖို့ အခွင့်အလမ်းတစ်ခု ရှိနိုင်တယ်လို့ ထင်မြင်ခဲ့သည်။ ဒီလိုနဲ့ လူငယ်ဆရာဝန်လည်း ဆရာဝန်ကြီးရဲ့ ဆေးခန်းကိုသွားပြီး...
"ဒေါက်တာ! ကျွန်တော့်ပါးစပ်က ဘာပဲစားစား အရသာမရှိတော့ဘူး... ကျွန်တော့်ကို ကူညီပါဦးဆရာ..." ဆိုပြီး ပြောလိုက်သည်။
ဆရာဝန်ကြီးက သူ့ရဲ့လက်ထောက် နပ်စ်မလေးကို လှမ်းပြောလိုက်သည်။
"ဆရာမ... ကျေးဇူးပြုပြီး သေတ္တာနံပါတ် ၂၂ ထဲက ဆေးရည်ယူလာပြီး လူနာပါးစပ်ထဲကို အစက် ၃ စက် ထည့်ပေးလိုက်ပါ..."
"အား...! ဒါက ဓာတ်ဆီတွေပဲ..." လူငယ်ဆရာဝန်က လန့်ပြီးအော်လိုက်သည်။
ဒီအခါ ဆရာဝန်ကြီးက "ကွန်ဂရက်ကျူလေးရှင်းပါ...! ခင်ဗျားရဲ့ ပါးစပ်အရသာ ပြန်လည်ရရှိပါပြီ... ဆေးဖိုး ဒေါ်လာ ၅၀၀ ကျသင့်ပါတယ်..." ဆိုပြီး ပြောလိုက်သည်။
လူငယ်ဆရာဝန်လည်း အကြံမအောင်သည့်အတွက် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ ရက်အနည်းငယ် အကြာမှာတော့ သူငွေတွေ ပြန်လည်ရရှိဖို့ ကြိုးစားလိုက်သည်။
"ဒေါက်တာ...! ကျွန်တော့်ရဲ့ မှတ်ဉာဏ်တွေ ဆုံးရှုံးပြီး ဘာမှ မမှတ်မိတော့ဘူး ဆရာ..." ဆိုပြီး ဆရာဝန်ကြီးကို ပြောလိုက်သည်။
ဆရာဝန်ကြီးက "ဆရာမ... ကျေးဇူးပြုပြီးသေတ္တာနံပါတ် ၂၂ ထဲက ဆေးယူလာပြီး လူနာပါးစပ်ထဲကို အစက် ၃ စက် ထည့်ပေးလိုက်ပါ..." ဆိုပြီး သူ့ရဲ့လက်ထောက်ကို ပြောလိုက်သည်။
"အိုး... မလုပ်ပါနဲ့...! အဲဒါ ဓာတ်ဆီတွေ..." ဆိုပြီး လူငယ်ဆရာဝန်က ငြင်းလိုက်သည်။
"ကွန်ဂရက်ကျူလေးရှင်းပါ...! ခင်ဗျားရဲ့ မှတ်ဉာဏ်တွေ ပြန်ကောင်းသွားပါပြီ... ဒေါ်လာ ၅၀၀ ကျသင့်ပါတယ်..." ဆရာဝန်ကြီးက ပြောလိုက်သည်။
လူငယ်ဆရာဝန်ဟာ ယခုဆိုရင် ဒေါ်လာ ၁,၀၀၀ ဆုံးရှုံးခဲ့ပြီ ဖြစ်သည့်အတွက် ဒေါသတကြီးနဲ့ ဆေးခန်းထဲက ထွက်သွားလိုက်သည်။ ထို့နောက် ဆေးခန်းကို ရက်အနည်းငယ်အကြာတွင် ပြန်လာပြီး...
"ဒေါက်တာ...! ကျွန်တော့်ရဲ့ အမြင်အာရုံတွေ အားနည်းလာပြီး ဘာမှမမြင်ရတော့ဘူး ဆရာ..." ဆိုပြီး ပြောလိုက်သည်။
ဒီအခါ ဆရာဝန်ကြီးက "အဲဒီရောဂါအတွက်တော့ ကျုပ်မှာလည်း ဘာဆေးမှမရှိဘူး... ရော့ ခင်ဗျား ဒေါ်လာ ၁၀၀၀ ပြန်ယူလို့ ရပြီ...” ဆိုပြီး ဒေါ်လာ ၁၀ တန်တစ်ရွက် လူငယ်ဆရာဝန်ကို ကမ်းပေးလိုက်သည်။
လူငယ်ဆရာဝန်လည်း ဒေါ်လာကို သေသေချာချာ ကြည့်လိုက်ပြီး "ဒါက ဒေါ်လာ ၁၀ တန်ကြီးလေ ဒေါက်တာ..." ဆိုပြီး ပြောလိုက်တဲ့အခါ ဆရာဝန်ကြီးက...
“ကွန်ဂရက်ကျူလေးရှင်းပါ...! ယခု ခင်ဗျားရဲ့အမြင်အာရုံတွေ ပြန်ရလာပါပြီ... ကျုပ်ကို ဆေးကုခ ဒေါ်လာ ၅၀၀ ပေးပါ..."