ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်...

တခါက လူငယ်တဦးဟာ ကမ္ဘာပေါ်က ပညာအရှိဆုံး လူသားတဦးထံက ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို လေ့လာသင်ယူဖို့ ဆန္ဒရှိခဲ့တယ်။ သူဟာ အဆိုပါ ပညာရှိကို ရှာဖွေဖို့ တောတောင်ရေမြေအနှံ့ ခရီးထွက်ခဲ့တယ်။ နောက်ဆုံးမှာ ပညာရှိတဦး နေထိုင်နေတဲ့ တောင်ထိပ်ပေါ်က လှပတဲ့ ရဲတိုက်တခုကို ရောက်လာခဲ့တယ်။

ဒီပညာရှိဟာ တိတ်ဆိတ်ငြိမ်သက်ပြီး ရိုးရှင်းတဲ့ ဘဝပုံစံနဲ့ နေထိုင်နေတယ်လို့ သူ တွေးမိတယ်။ တကယ်တမ်းတော့ ပညာရှိဟာ သူ တွေးသလိုမဟုတ်ဘဲ သူ့ရဲ့ ရဲတိုက်အတွင်း လှုပ်ရှားမှု အရာအားလုံးကို သူ မြင်တွေ့လိုက်တယ်။ ရဲတိုက်ထဲ အဝင်အထွက် လုပ်နေကြတဲ့ ကုန်သည်တွေ၊ နေရာထောင့်အသီးသီးမှာ စကားထိုင်ပြောနေကြတဲ့ သူတွေ၊ ငြိမ့်ညောင်းသာယာတဲ့ ဂီတတွေကို တီးမှုတ်နေကြတဲ့ သံစုံတီးဝိုင်းတွေနဲ့ နောက်ဆုံး ကမ္ဘာ့ပေါ်မှာ အရသာအကောင်းဆုံး အစားအစာတွေကို တင်ထားတဲ့ စားပွဲတစ်လုံးကိုပါ သူ တွေ့လိုက်တယ်။

ပညာရှိက လူတဦးချင်းစီနဲ့ စကားတွေ ပြောနေတယ်။ လူငယ်ဟာ ပညာရှိနဲ့ တွေ့ခွင့်ရဖို့ နာရီပေါင်းများစွာ စောင့်ခဲ့ရတယ်။ ဒီနောက် ပညာရှိက ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သက်ပြီး လူငယ်ရဲ့ သိလိုစိတ်ကို သေသေချာချာ နားထောင်ခဲ့တယ်။ သူက ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်ကို ယခု ရှင်းပြဖို့ အချိန်မရှိကြောင်း လူငယ်ကို ပြောလိုက်တယ်။ ဒါပေမယ့် သူက ရဲတိုက်ကို လှည့်လည်ပြီး ၎င်းရဲ့ ထူးခြားလှပမှုတွေကို ကြည့်ရှုဖို့နဲ့ နှစ်နာရီအတွင်း ပြန်လာဖို့ လူငယ်ကို အကြံပေးလိုက်တယ်။ အလုပ်တခုအနေနဲ့ ဆီထည့်ထားတဲ့ လက်ဖက်ရည်ဇွန်း တချောင်းကို လူငယ်ကို ကမ်းပေးလိုက်ပြီး "ရဲတိုက်ကို လှည့်ပတ်ကြည့်ရှုနေချိန် ဒီဇွန်းထဲက ဆီတွေ မဖိတ်စင်စေနဲ့...” လို့ မှာလိုက်တယ်။

လူငယ်ဟာ ရဲတိုက်ရဲ့ လှေကား အမြောက်အများကို တက်လိုက်ဆင်းလိုက် လုပ်နေချိန် လက်ထဲက ဇွန်းကိုလည်း မျက်​ခြေမပျက် စောင့်ကြည့်နေခဲ့တယ်။ နှစ်နာရီကြာပြီးနောက် သူဟာ ပညာရှိထံ ပြန်သွားလိုက်တယ်။ ပညာရှိက...

”ကောင်းပြီ... ကျွန်ုပ်ရဲ့ ထမင်းစားခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ငွေရောင်ပန်းတွေနဲ့ ပြည့်နေတဲ့ ပန်းချီကားကြီးကို သင် မြင်တွေ့ခဲ့ပါသလား...? ဥယျာဉ်မှူးကြီးက ဆယ်နှစ်ကြာ အချိန်ယူပြီ ဖန်တီးခဲ့ရတဲ့ ဥယျာဉ်ကြီးရော သင် မြင်တွေ့ခဲ့ပါသလား...? စာကြည့်တိုက်ထဲက တင့်တယ်လှပတဲ့ သားရေ ပရပိုက်စာတွေကိုရော သင် သတိပြုမိခဲ့ပါသလား...” လို့ လူငယ်ကို မေးလိုက်တယ်။

လူငယ်က ရှက်ရွံ့နေပြီး သူ ဘာမှ မတွေ့ခဲ့ကြောင်း၊ ပညာရှိ ပေးလိုက်တဲ့ ဇွန်းထဲက ဆီတွေ မဖိတ်စင်ဖို့အတွက်သာ အာရုံစိုက်နေရကြောင်း ဝန်ခံခဲ့တယ်။

ဒီအခါ ပညာရှိက “ရဲတိုက်ရဲ့ အံ့ဖွယ်အရာတွေကို နောက်တစ်ကြိမ်လောက် လှည့်ပတ် ကြည့်ရှုလိုက်ပါဦး... သူ့အကြောင်းနဲ့ သူ့ပတ်ဝန်းကျင် အနေအထားကို မသိဘဲ လူတစ်ယောက်ကို ယုံကြည်လို့ မရပါဘူး...” လို့ လူငယ်ကို ပြောလိုက်တယ်။

လူငယ်လည်း စိတ်သက်သာရာ ရသွားတယ်။ ဇွန်းကို ကောက်ယူပြီး ရဲတိုက်ကို နောက်တကြိမ် လှည့်ပတ် ကြည့်ရှုလိုက်တယ်။ ဒီတစ်ခါမှာတော့ ရဲတိုက်အတွင်းနံရံနဲ့ မျက်နှာကျက်တွေပေါ်က အလွန်လှပတဲ့ အနုပညာလက်ရာတွေကို ပိုပြီးသတိထားမိခဲ့တယ်။ ခန့်ညားတဲ့ ဥယျာဉ်ကြီးတွေ၊ ပတ်လည်ဝန်းရံနေတဲ့ တောင်တန်းတွေ၊ ပန်းမျိုးစုံရဲ့ အလှအပတွေ အားလုံးကို သူ မြင်တွေခဲ့တယ်။ ပညာရှိထံ ပြန်ရောက်တဲ့အခါ လူငယ်က သူမြင်တွေ့ခဲ့သမျှတွေကို အသေးစိတ် ရှင်းပြခဲ့တယ်။ အဲဒီနောက် ပညာရှိက...

"ကျွန်ုပ်ပေးလိုက်တဲ့ ဇွန်းထဲကဆီတွေ ဘယ်ရောက်ကုန်လဲ...?" လို့ လူငယ်ကို မေးလိုက်တယ်။
လူငယ်က သူကိုင်ထားတဲ့ ဇွန်းကို ငုံ့ကြည့်လိုက်တဲ့အခါ ဆီတွေ မရှိတော့ဘူးဆိုတာ သိလိုက်ရတယ်။

ဒီအခါ ပညာရှိက...

“ကျွန်ုပ် သင့်ကို အကြံဉာဏ်တစ်ခုပဲ ပေးဖို့ရှိတယ်... ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ ရဲတိုက်ရဲ့ အံ့ဖွယ်အရာတွေ အားလုံးကို မြင်တွေ့နေရချိန် ဇွန်းထဲက ဆီတွေကိုလည်း ဘယ်တော့မှ မမေ့မလျော့ ရှိဖို့ပါပဲ...” ဆိုပြီး လူငယ်ကို ပြောလိုက်တယ်။

(မိမိတို့ရဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် ထမ်းဆောင်နေစဉ်မှာပဲ ကမ္ဘာကြီးရဲ့ အလှအပတွေ၊ ပျော်ရွှင်ဖွယ်ရာတွေကို တွေ့ကြုံခံစားဖို့ လူတိုင်းမှာ အခွင့်အရေးရှိပါတယ်။ ဒီအရာတွေ အားလုံးအကြား ဟန်ချက်ညီညီ လုပ်ဆောင်ဖို့တော့ လိုအပ်ပါတယ်။ မိမိတို့ရဲ့ အလုပ်၊ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းကို တစ်ပြေးညီ ဂရုစိုက်တစိုက်ရှိဖို့ လိုအပ်ပါတယ်။ လူအများစုဟာ ဘဝရဲ့ အလှတရားတွေကို ပျော်ရွှင်ခံစားဖို့ မေ့လျော့နေတတ်ကြပြီး နိစ္စဓူဝအလုပ်တွေနဲ့ ပြဿနာတွေထဲမှာပဲ ပျောက်ခြင်းမလှ ပျောက်နေတတ်ကြပါတယ်။ အလုပ်၊ မိသားစု၊ ကျန်းမာရေး၊ ပျော်ရွှင်မှု စသဖြင့် အားလုံးဟာ တန်းတူညီတူ အရေးပါပါတယ်။ ဘဝမှာ ဘာပဲလုပ်လုပ် ဟန်ချက်ညီညီ လုပ်ဆောင်ဖို့ဆိုတာ အလွန် အရေးကြီးပါတယ်...။)


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...