စစ်မှန်တဲ့ ငြိမ်းချမ်းမှု...

တစ်ခါက ဘုရင်ကြီးတစ်ပါးဟာ ငြိမ်းချမ်းမှုကို ဖော်ဆောင်တဲ့ ပန်းချီကားတစ်ခုကို အကောင်းဆုံး ရေးဆွဲနိုင်တဲ့သူကို ဆုချီးမြှင့်မယ်လို့ ကြေငြာခဲ့တယ်။ ဒီလိုနဲ့ များစွာသော ပန်းချီဆရာကြီးတွေဟာ သူတို့ရဲ့ အကောင်းဆုံး ပန်းချီကားတွေကို ဘုရင်ကြီးထံ ပေးပို့ခဲ့ကြတယ်။ အမျိုးမျိုးသော ပန်းချီကားများအနက် တစ်ခုဟာ 'သာယာလှပတဲ့ ကောင်းကင်ပြာကြီးအောက် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ရေကန်ငယ်တစ်ခုနှင့်အတူ မြူနှင်းတွေ ဖုံးလွှမ်းနေတဲ့ တောင်တန်းတွေက ကန်ရေပြင်ပေါ်ကို အရိပ်ကျပြီး ရောင်ပြန်ထင်ဟပ်လျက် ရှိနေတဲ့ ပန်းချီကားတစ်ချပ်' ဖြစ်ပါတယ်။ ပန်းချီကားဟာ အတော်လေး ပြီးပြည့်စုံမှု ရှိတယ်။ လေ့လာကြည့်ရှုကြသူ အများစုကလည်း ဒီပန်းချီကားဟာ ငြိမ်းချမ်းမှုကို ဖော်ဆောင်တဲ့ ပန်းချီအားလုံးအနက် အကောင်းဆုံးလက်ရာ ဖြစ်တယ်လို့ ထင်မြင်ခဲ့ကြတယ်။

ဒါပေမယ့်... ဘုရင်က ဆုရတဲ့သူကို ကြေငြာလိုက်တဲ့အခါမှာတော့ လူတိုင်းက အံ့အားသင့်သွားကြတယ်။ ဆုရရှိတဲ့ ပန်းချီကားမှာလည်း တောင်တန်းတွေ ပါဝင်တယ်။ ဒါပေမယ့် အဲဒီတောင်တန်းတွေဟာ မျက်နှာပြင်တွေ ကြမ်းတမ်းပြီး ရှင်းလင်းခြောက်ကပ်နေတယ်။ ကောင်းကင်ထက်က မှောင်မဲ အုံ့ဆိုင်းနေတဲ့ တိမ်တောင်တိမ်တိုက်တွေက ဒေါသထွက်နေတဲ့ မကောင်းဆိုးဝါး တစ်ကောင်အလား...။ ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင် ပန်းချီဟာ ငြိမ်းချမ်းမှုကို လုံးဝ ဖော်ဆောင်မနေဘူး။ ပန်းချီဆရာက သူ့ရဲ့ပန်းချီကားကို ငြိမ်းချမ်းမှုထက် ခက်ထန်ကြမ်းတမ်းတဲ့ သွင်ပြင်အခြေအနေကို ရေးဆွဲတင်ပြထားသလို ဖြစ်နေတယ်။ ဒါပေမယ့် ဒီပန်းချီကားကို သေသေချာချာ အနီးကပ်ကြည့်မယ်ဆိုရင် ကျောက်ဆောင် အက်ကြောင်းတွေကြားထဲမှာ ပေါက်ရောက်ရှင်သန်နေတဲ့ အပင်ငယ် အစုအဝေးလေး တစ်ခုကို တွေ့မြင်နိုင်တယ်။ အဲဒီအပင်တွေပေါ်မှာ မိခင်ငှက်မကြီးက အသိုက်ငယ်လေးတစ်ခု တည်ဆောက်ထားပြီး၊ ၎င်းဟာ အသိုက်ထဲမှာ ငြိမ်းချမ်းစွာ တည်ရှိနေတယ်။ မိခင်ငှက်မကြီးဟာ ဆိုးရွားနေတဲ့ ပတ်ဝန်းကျင်အခြေအနေကြားထဲ ရှိလင့်နေကစား အသိုက်ထဲမှာ အေးဆေးတည်ငြိမ်စွာ တည်ရှိနေတယ်။ ဒါ့ကြောင့် ဒီပန်းချီကားဟာ ငြိမ်းချမ်းမှုအတွက် အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး ကိုယ်စားပြုမှု ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

(ငြိမ်းချမ်းမှုဆိုတာ ဆူညံသံတွေ၊ ပြဿနာတွေ ကင်းစင်တဲ့ အရပ်တစ်ခုကို ဆိုလိုခြင်းမဟုတ်ပါ။ မိမိဟာ ဆိုးရွားနေတဲ့ ပတ်ဝန်းကျင် အခြေအနေကြားထဲ ရှိလင့်နေကစား မိမိရဲ့ စိတ်နှလုံးကို အေးဆေးတည်ငြိမ်အောင် တည်ဆောက်နိုင်ခြင်းဟာ ငြိမ်းချမ်းမှု ဖြစ်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းမှုဟာ မိမိပတ်ဝန်းကျင်ရဲ့ အခြေအနေတစ်ခု မဟုတ်ဘဲ မိမိရဲ့ စိတ်အခြေအနေ တစ်ခုသာ ဖြစ်ပါတော့တယ်...)

@moral_stories


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...